Wednesday, March 26, 2008

ဥခွံလေးတွေကို အိမ်လုပ်နေခဲ့တဲ့အရွယ်



အီစတာကာလ အမှတ်အသားအနေနဲ့ နော်ဝေစာမျက်နှာတခုပေါ်မှာတွေ့တဲ့ ဥခွံက ပေါက်လာကစ ကြက်ကလေးတွေပုံကို ဘန်နာအဖြစ် တင်ခဲ့ပါတယ်။ ကြက် ကလေးတွေက အရုပ်ကလေးတွေလား၊ အကောင်လေးတွေလား သေချာမသိ ပေမယ့် ချစ်စရာကောင်းတာကတော့ အမှန်ပါ။ တကယ့်အကောင်ကလေးတွေကို ဥခွံထဲ ၀င်ထိုင်ခိုင်းဖို့ဆိုတာကတော့ ဘယ်လွယ်ပါ့မလဲ။ ဥထဲက ဖေါက်ထွက်ပြီး တဲ့နောက်မှာ ဥခွံဆိုတာ သူတို့အတွက် မလိုအပ်တော့ဘူးလေ။

မြို့ကလေးတမြို့မှာ တကိုယ်တည်းနေထိုင်ခဲ့စဉ် ကျနော့်မှာ အိမ်ခန်းကျဉ်းကလေး တခု ရှိခဲ့ပါတယ်။ တနေ့မှာ သူငယ်ချင်းတယောက်က ကျနော့်ကို လက်ဆောင်တခု ပေးပါတယ်။ တခုဆိုတာက ထည့်လာတဲ့ ခြင်းကလေးကို ဆိုလိုတာပါ။ ခြင်းထဲ မှာက ကြက်ပေါက်ကလေးတွေ၊ မြင်မြင်ချင်း ကျနော် တအံ့တသြ ဖြစ်ရပါတယ်။ ကြက်ပေါက်ကလေးတွေက ဘာမှ အံသြစရာမရှိပေမယ့် တကောင်ကို တရောင် ဖြစ်နေတာကတော့ တကယ့်ချစ်စရာ။ ဖြူ နီ ပြာ ၀ါ စိမ်း.. ငါးရောင် ငါးကောင်။ ဘာသတ္တ၀ါကိုမှ အနွံတာခံမွေးလေ့မရှိတဲ့ ကျနော် ဒီလက်ဆောင်ကို လက်ခံလိုက် ပါတယ်။ အဲဒီနေ့ကစလို့ ကျနော့်အိမ်ခန်းကျဉ်းကလေးဟာ ကြက်ခြံဖြစ်သွား တော့တာပါပဲ။

ဒီမှာ အီစတာကာလ ကြက်ဥရောင်စုံလေးတွေတွေ့တော့ ကျနော့်ကြက်ကလေး တွေကို လွမ်းလိုက်တာ။ သူတို့နဲ့ ကျနော် ဘယ်နှစ်ပတ် အတူနေခွင့် ရခဲ့ကြပါ သလဲ။ ကျနော် မမှတ်မိတော့။ကျနော့်အခန်းကို လာလည်သူတွေက ကျနော့်ရဲ့ ကြက်ခြံဧည့်ခန်းကလေးကို ကြည့်ပြီး နားမလည်နိုင်ကြပေမယ့် သဘောကျကြပုံ။ ကြက်ကလေးတွေ တဖြည်းဖြည်း အတောင်အလက်ကလေးတွေ ထွက်လာတော့ အရောင်တွေ မှိန်ဖျော့ကုန်ကြပုံ။ တကယ်က ကြက်ကလေးတွေကို ချစ်ခဲ့တာလား၊ ကြက်ကလေးတွေရဲ့အရောင်ကို ချစ်ခဲ့တာလား။ အရောင်ကလေးတွေ လှုပ်လှုပ် လှုပ်လှုပ်ဖြစ်နေတာကို ချစ်ခဲ့တာပဲဖြစ်မည်။ လှုပ်နေတဲ့ ရှင်နေတဲ့ အရောင် ကလေးတွေ။ ကျနော်စာဖတ်ရင် ကျနော့်ခြေရင်းမှာ ပတ်ပတ်လည်ပြေးလွှား နေတဲ့ အရောင်ကလေးတွေ။ ကျနော်အပြင်က ပြန်လာရင် တံခါးဝမှာ စုပြုံတိုးဝှေ့နေတဲ့ အရောင်ကလေးတွေ။ ကျနော်အိပ်ပျော်နေစဉ် ထိုင်ခုံ၊ ထိုင်ခုံပေါ်က စာရေးစားပွဲ ပေါ်၊ အဲဒီနောက် ပြတင်းဘောင်ပေါ်ကတဆင့် ခေါင်းအုံးပေါ် ခုန်ခုန်ချတက်တဲ့ အရောင်ကလေးတွေ။ သူတို့ရဲ့ ကျိကျိ ကျိကျိ မြည်သံကလေးတွေကိုတောင် နားထဲမှာ ပြန်ကြားလာတယ်။

နည်းနည်းကြီးလာချိန်မှာ တခြားတယောက်ကို မွေးဖို့ ကျနော် ပေးပစ်ခဲ့ပါတယ်။ သူတို့ ဘယ်လောက်အထိ ဘယ်လို ကြီးပြင်းလာခဲ့သလဲ၊ ဟင်းအိုးထဲ ဘယ်အချိန် ရောက်သွားသလဲ ကျနော် မသိတော့။ တခါက ကျနော့်မှာ ရင်ထဲထိ ၀င်ရောက် ခုန်ပေါက်တတ်တဲ့ ရောင်စုံဘောလုံးကလေးတွေ ရှိခဲ့ဘူးတယ်ဆိုတာကိုတော့ အမြဲတမ်း သတိရနေမိတယ်။ အခုတော့ ဒီသတိရစိတ်ကိုပဲ အရောင်ကလေးတွေ ဆိုးပြီး ကျနော့်ရင်ထဲမှာ ခြံခတ် မွေးမြူထားလိုက်ပါတော့မယ်။ ခုန်ပေါက်ဆော့ ကစားကြပါစေလေ။

2 comments:

ATN said...

ကျနော်ထင်တာတော့ အရောင်ကလေးတွေထက် တက်ကြွလှုပ်ရှားနေတဲ့ နုငယ်ပျိုမြစ်မှုကို နှစ်သက်တာထင်တယ်။

တန်ခူး said...

ဒီနေ့မနက်ပဲ ကျွန်မခင်ပွန်းနဲ့ တိရိစ္ဆာန်ချစ်သူတွေ အကြောင်းပြောမိတယ်။ တချို့က ကိုယ့်ဖျော်ဖြေမှူအတွက် မွေးကြပြီး၊ တချို့က ပြုစုစောင့်ရှောက်ချင်လို့ မွေးကြတယ်။ အဲဒီကြက်ပေါက်လေးတွေရဲ့ ဝေယျာဝစ္ဆကို လုပ်ပေးပြီး စိတ်ရှည်ရှည်မွေးမြူခဲ့တယ်ဆိုထဲက အရောင်လေးတွေကိုချစ်တာထက် ပိုတဲ့သံယောဇဉ်ကြောင့်ပေါ့။ ခုထိ သတိရနေတတ်တာကိုပဲကြည့်။ (ပုံလေးတွေ အကုန်လုံးက စိတ်ကိုကြည်နူးစေပါတယ်)