Saturday, December 25, 2021

ရှုခင်းသာ (နေနွယ် ရေးသည်)


ပဲခူးမြစ်ဘေးမှာ အမေရိကန် စာရေးဆရာ ဂျွန်စတိန်းဘက် ဇာတ်ကောင် တွေနေတဲ့ ရပ်ကွက်လေး တခုရှိတယ်။ မက္ကဆီကန်တွေ လိုလို တက္ကဆက်မှာ လိုလို ကြမ်းကြမ်း ရှရှ မထီတရီတွေ။ ခြားနားတာက ဒီရပ်ကွက်ထဲက လူတွေက သိပ်ဆင်းရဲပြီး သိပ်ဖြေရှင်း တတ်ကြတာပါပဲ။
ဒီရပ်ကွက််ထဲမှာ အပျော်အပါး၊ လောင်းကစား၊ ဖဲနဲ့ မိန်းမ၊ အရက်နဲ့ ဓားမြှောင်၊ တံငါသည်နဲ့ အလုပ်ကြမ်းသမား၊ ဗီဒီယိုရုံနဲ့ မော်တော် ဆိပ်တို့ ရှိတယ်။ ဒီရပ်ကွက် ထဲမှာ ရန်ဖြစ်သံ မကြားရတဲ့နေ့ မရှိဘူး။ အရက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဗီဒီယိုရုံ မစည်ကား တဲ့နေ့ မရှိဘူး။ အရပ် လူကြီးတွေ အရက် မသောက်တဲ့ နေ့မရှိခဲ့ပါဘူး။

ပဲခူးမြစ်နဲ့ ဧရာဝဏ် လမ်းမကြီးက မျဉ်းပြိုင်ပါ။ ပါဝါ တိုင်ကြီးတွေက ထိုးထိုး ထောင်ထောင်နဲ့ စည်းရိုး လိုပါပဲ။ နယ်နိမိတ် တခုက အမှိုက်ပုံ အကြီးကြီး။ နောက် အတိုင်း အတာ တခုက လမ်းဆုံ လမ်းခွက ငါးပိဆိပ်။ ရှေ့ဆက် သွားရင် သာကေတ။ ဓနိရည် ဆိုင်တွေ၊ တောအရက် ဆိုင်တွေက အဲဒီနေရာက စပြီးတွေ့ရ တော့တာပါပဲ။ အဲဒီလို ဧရိယာ ရပ်ဝန်းကို “ရှုခင်းသာ” လို့ခေါ်ပါတယ်။
မြို့အတော် များများမှာ မှည့်တတ် ခေါ်တတ်တဲ့ နာမည်ပါပဲ။ ဂုဏ်ယူ ပြီးတော့ပေါ့။ ဝိသေသ ထူးတွေ နဲ့ပေါ့။ ဒီမှာကတော့ တောင်ပေါ် ရှုခင်းတွေ ပင်လယ် ရှုခင်းတွေ မရှိပေမယ့် နောက်ကျိ နေတဲ့ ပဲခူးမြစ်နဲ့ သန်လျင် တံတား ကြီးကိုတော့ လှမ်းမြင် နေရပါတယ်။ ဂုဏ်ယူစရာ ဝိသေသထူး တခုတော့ ရှိပါတယ်။ အဲဒါက စုံထောက်တွေ ထောက်လှမ်းရေးတွေ၊ ပုလိပ်တွေ ခြေမရှုပ် ရဲတာပါပဲ။ ကိုယ့်လူကြီး တွေနဲ့ကိုယ် အလုပ်ဖြစ် နေတဲ့ ရပ်ကွက််ပါ။ အာဏာပိုင်တွေ လက်လှမ်းမမီတဲ့ အုပ်ချုပ်ရေးမဲ့ ဇုန်ပါ။ စစ်ကားကြီး တွေနဲ့ အဝိုင်း ခံထားရတဲ့ ကျနော်လို ဝရမ်းပြေး တယောက် အတွက် လွတ်မြောက် နယ်မြေပါပဲ။

အလုပ်ကြမ်း သမားကြီးတွေ ဆောင်းတဲ့ ဝါးဖတ်ဦးထုပ်တလုံး။ မြင်းကြယ်ဖိနပ်တရံ။ ဖျင်ကြမ်း ဝတ်စုံ သုံး၊ လေးထည်။ သန်လျင်တံတား တည်ဆောက်ရေး စက်မောင်းလုပ်သား ကတ်တခုနဲ့ ရှုခင်းသာသား လုပ်နေလို့ရခဲ့ပါတယ်။
ရပ်ကွက်လူကြီးတယောက် အိမ်ကို ငှားပြီး ပါလာတဲ့ ရေဒီယိုလေး သူ့ပေးထားလိုက်ရုံနဲ့ အချိန်တန်ရင် သတင်းမှန်မှန် နားထောင်လို့ ရနေပါပြီ။ ကံကောင်းရင် မိန်းမနဲ့ ကလေးတွေကိုတောင် ချိန်းတွေ့လို့ ရတတ်ပါတယ်။ မိန်းမနဲ့ ကလေးတွေက ရှုခင်းသာပုံမဟုတ်ဘဲ ဖြူဖြူစင်စင်ဖြစ်နေလေတော့ စူးသလို စမ်းသလို မိန်းမကြီးတွေက ကြည့်တတ်ပါတယ်။
အဲဒီအခါကျတော့လည်း မိန်းမက သူချက်တဲ့ဟင်းလေး ဦးဦးဖျားဖျားပေးရင်း “ကျမ မိဘတွေက ပိုက်ဆံ နည်းနည်းရှိတယ်၊ သူနဲ့ သဘောမတူလို့ ခွဲထားကြတာ၊ ကလေးတွေကို သနားလို့လာတွေ့ပေးတာ” ဘာညာဘာညာပေါ့။
ဒီလောက်ဆိုရင်ကိုပဲ မြန်မာဗီဒီယို ပရိသတ်က စုတ်သပ်လို့ ရသွားပါပြီ။ ကျနော်ကလည်း ကလေးတွေ ပြန်သွားတဲ့ညဆို ဓနိရည် နည်းနည်းမော့လာပြီး လမ်းထဲအဝင်မှာ ပန်းနွယ်ကစိမ်းတွေ၊ ဖိုးရွှေလမင်းတွေ၊ ကပေါက်တိ ကပေါက်ချာ အော်လိုက်ရုံပါပဲ။ အိမ်ထဲဝင်ခါနီးမှာ တွေ့တဲ့ ခွေးပိန်တကောင်ကို ပိတ်ကန်လိုက်ရုံပါပဲ။
ဒါဆိုရင် ရှုခင်းသာရဲ့ ဧည့်သည်လို့ သဘောမထားတော့ပါဘူး။ UG ပြန်လုပ်လို့ရသွားပါပြီ။
ဒီလို လွယ်ကူသက်သာတဲ့ အနေအထိုင်မျိုးနဲ့ အချိန်တချို့ ရလိုက်ဖို့ ပေးလိုက်ရတဲ့ တန်ဖိုးကတော့ ကဗျာဆရာ လှသန်းနဲ့ ပန်းချီဆရာမောင်နိုးတို့ ညီအစ်ကိုနှစ်ယောက် ကျနော့် အမှုတွဲအဖြစ်နဲ့ ထောင်ကျ ခဲ့ရတာပါပဲ။

အခုတော့လည်း ကိုလှသန်းက ဆုအမျိုးမျိုး၊ ကလောင်နာမည်အမျိုးမျိုးနဲ့ ထင်ရှားတဲ့ ကဗျာဆရာဖြစ်နေပါပြီ။လှသန်း။ ကြည်မောင်သန်း။ နမိတ်ထွန်းသန်း။ လိပ်ပြာသန့်သန့်။ နောက်နာမည်တွေလည်း ရှိပါသေးတယ်။
မောင်နိုးက တော့ သရုပ်ဖော်ပုံတွေ အပ်ထည်တွေ လက်မလည်အောင်ရေးဆွဲနေရတဲ့ ပန်းချီဆရာဖြစ် နေပါပြီ။
အဲဒီတုန်းက ရှုခင်းသာသား၊ သူတို့ညီအစ်ကိုနှစ်ယောက်က ကျနော့်ကို မငြိုမငြင် အိမ်ပေါ် တင်ကျွေး ထားခဲ့တာပါ။ ကိုလှသန်းက ရုံးဆန် ခွဲတမ်းရတာလေးကို ထမ်းပြီး ပြန်လာတတ်ပါတယ်။ သူစီးထားတဲ့ ဖိနပ်က လမ်းမှာ ပြတ်၊ မပြတ်မသေချာဘူး။
အခုတော့ ကြည့်မြင်တိုင်မှာ အောင်မြင်တဲ့ ကျူရှင်နှစ်ကျောင်း၊ သုံးကျောင်းလောက်ရဲ့ ကျောင်းအုပ်က သူ့အမျိုးသမီး ဖြစ်နေပါပြီ။ စီးကရက်နဲ့ ကွမ်းကြိုက်တဲ့ သူ့အမျိုးသမီးက အင်္ဂလိပ်ဘာသာနဲ့ ကဗျာကိုလည်း ကြိုက်ပုံရပါတယ်။

မောင်နိုုးနဲ့ သူ့သူငယ်ချင်း သိန်းသိန်းက ငါးမျှားကျွေးပါတယ်။ ပဲခူးမြစ်ထဲမှာ လက်ထွန်ပစ်ကျွေးတယ်။အမိများတာက ငါးသန်ချောင်းဆိုတဲ့ငါး။ ဒီငါးက မိမိချင်း မြေကြီးပေါ် တဖုန်းဖုန်း ရိုက်ပစ် လိုက်ပြီးမှ ချိတ်ကဖြုတ်လို့ရတယ်။ နို့မို့ရင် ချိတ်မှာ လုံးထွေးရစ်ပတ်လိုက်ပြီးမှ ဖြုတ်ရင်မရတော့ဘူး။
ပုံသဏ္ဌာန်က မြွေသေးသေး အကောင်ပေါက်လေးနဲ့ တူပါတယ်။ ရှုခင်းသာမှာပေါတဲ့ ငါးမို့ထင်ပါရဲ့ မာကြော ထူးဆန်းနေတယ်။ ကျနော်တို့အထဲမှာ ရှုခင်းသာ ဒီဇိုင်းနဲ့ အလိုက်ဖက်ဆုံး သူကတော့ ဒီဇိုင်းဆရာ ပန်းချီ ဆရာ သိန်းသိန်းပါပဲ။ ရေလည်းတော်တော်နဲ့မချိုးဘူး၊ အဝတ်လည်း တော်တော်နဲ့မလဲဘူး၊ခေါင်းလည်း တော်တော်နဲ့မလျှော်ပါဘူး။ ဒါပေမယ့် ဆံပင်ရှည်ကြီးနဲ့ လက်သည်းထဲမှာ အမြဲတမ်း တရုတ်ဆေး မင်ရည်ရောင်တွေနဲ့။
ဖျတ်ခနဲကြည့်လိုက်ရင်ကို ဘာမှဂရုမစိုက်တဲ့ပုံ၊ ဘယ်သူ့မှ မမှုတဲ့ပုံ ပေါက်နေပါတယ်။ မီးခွက်မှိတ်တုတ် မှိတ်တုတ်နဲ့ အရက်ဆိုင်လေးထဲမှာ ခါးလျား ရှည်ကြီးကိုဆန့်၊ လက်ပြန်ခါးမှာထောက်ပြီး သူ့ဂျပ်သိပ် ဆံပင် ရှည်ကြီးထဲက သန်းဥ နှိုက်ရင်း မော့နေတဲ့အခါ၊ ကျနော်တို့ ဝိုင်းလေးဟာ ဒေသခံတွေကြားမှာ ပြေပျစ် အေးချမ်းလို့ နေပါတယ်။ သူမကြိုက်ရင် စောင်းလို့မှ မကြည့်၊ နားလည်း ထောင်နေလေ့မရှိတဲ့ သိန်းသိန်း ဆိုတဲ့လူဟာ သူယုံရင်၊ လုပ်ချင်ရင်တော့ ဘယ်မဆိုသွားရဲ၊ ဘာမဆိုလုပ်ရဲတဲ့ ဘာမထီ စစ်ကဲကြီးပါပဲ။

ရှုခင်းသာ နံနက်ခင်းလေးက အိုးသံခွက်သံတွေ၊ ရေပုံး၊ သံတိုင်ကီပိုင်းပြတ် အသံတွေ၊ ဆဲသံ၊ ဆိုသံ ငိုသံ တွေနဲ့ စတင်နေပါပြီ။ နံနက်ချိန်ခါ တေးသံသာပါပဲ။ ညက ရေတက်လို့ မျောသွားတဲ့ ရေတိုင်ကီပိုင်းတွေ ရေပုံးတွေကို ပြန်လိုက်သိမ်းရ၊ ဆည်းရပါတယ်။ ချက်ပြုတ် စားသောက်ထားတဲ့ အိုးတွေခွက်တွေကို ဆေးကြောပြီး ညကထောင်အိပ်ထားတဲ့ ခြင်ထောင်တွေ စောင်ခပ်လတ်လတ်တွေကိုလည်း ခေါက်သိမ်းပြီး ပုဆိုးနဲ့ထုပ်ရပါတယ်။
တချို့လည်း ရေတိုင်ကီပိုင်းပြတ်ကို ထမ်းသွားပါတယ်။ ဒါ နံနက်ခင်းရဲ့ ပထမဆုံးဖြေရှင်းနည်း အစပါပဲ။ထုပ်ပိုးထားတဲ့ အိုးခွက်၊ ခြင်ထောင်တွေနဲ့ ထားလို့ရမယ့် ပစ္စည်းမှန်သမျှ သွားထားကြဖို့ပါပဲ။သွားပြီး ပေါင်ကြတာလို့ မသုံးနှုန်းပါဘူး။ ပေါင်တယ်ဆိုတဲ့ အသုံးအနှုန်းက ရှုခင်းသာမှာ ရိုင်းပါတယ်။မယဉ်ကျေးရာ ကျပါတယ်။ သူတို့အားလုံး ထားလို့ရတဲ့ ပစ္စည်းသွား ထားခဲ့ကြပြီး လမ်းစရိတ်ရှာ၊ ကုန်ဖိုး အရင်းအနှီး ရှာကြရတာပါပဲ။ ထားလို့ရသမျှ ပိုက်ဆံလေး ခွဲတမ်းချပြီး ကိုယ်စီ လမ်းစရိတ်လုပ် စျေးရောင်း၊ ကုန်ထမ်း၊ ကျပန်း အကုန်လုပ်ကြပါတယ်။ ငါးလှေဆိုက်ရင် ငါးလုပ်သား၊ သဲလေဆိုက်ရင် သဲအလုပ်သမား။
မိဘတွေ အလုပ်သွားပြီ ဆိုရင် ကျန်ခဲ့တဲ့ ကလေးတွေက ရပ်ကွက်အစွန်မှာရှိတဲ့ ဗိမာန်ကြီးဆီကိုသွားကြပါပြီ။အဲဒီအမှိုက်ပုံကြီးက သူတို့ဗိမာန်ပါပဲ။ နေ့လယ်စာ မုန့်ပဲသရေစာ စားဖို့ ရီဆိုက်ကယ် လုပ်ငန်းကြီးစတင်ပါပြီ။ပြန်ရောင်းလို့ရမယ့် ပစ္စည်းတွေ သူတို့သိတယ်။ ဒူးရင်းသီးစေ့တို့၊ ပိန္နဲသီးစေ့တို့က ပြန်စားလို့ရတယ်။ကံကောင်းရင် ရွှေတိုရွှေစတောင် ရတတ်သေး။ ကလေးပေမယ့်လည်း ဖြေရှင်းတတ်တဲ့ ရှုခင်းသာ ကလေးတွေ ဖြစ်ပါတယ်။

နေ့ခင်းကြောင်တောင်ပေမယ့် ဖောက်သည်မျှော်တဲ့ အိမ်လည်းရှိတယ်။ ပုန်းလျှိုးကွယ်လျှိုး လုပ်မနေ ကြပါဘူး။သူတို့အိမ်တွေကလည်း ကွယ်နေဝှက်နေလို့ ရတဲ့အိမ်တွေမဟုတ်ပါဘူး။ နေ့လယ်နေ့ခင်း အချိန်ပိုလေး ဆင်းရတယ် ဆိုတော့လည်း စျေးဖိုးကြိုပေးနိုင်တာပေါ့။ ညနေပိုင်း ရေမိုးချိုး၊ ချယ်သပြီး တွဲခုတ်သွားကြ တာပါပဲ။ ညနေစာကျွေးခိုင်းပြီးရင် ညကြီး အလုပ်ဆင်းရဦးမယ်လေ။ သူတို့လည်း ကြိုးစားကြရတာပါပဲ။
မိုးချုပ်စပြုလို့ ကိုယ်စီကိုယ်စီ အိမ်ပြန်လာကြပြီ ဆိုရင်တော့ ရှုခင်းသာရဲ့ အသာယာဆုံးအချိန် စတင်ပါတယ်။မနက်ခင်းက ထားခဲ့တဲ့ အိုးတွေခွက်တွေ ပြန်ယူကြရပါတယ်။ ရွေးတယ်လို့ မသုံးကြပါဘူး၊ ပြန်ယူကြတာပါ။
ခဏထားထားတာကို ခဏပြန်ယူကြတာပါပဲ။ ယူပြီး ချက်ပြုတ်စားသောက်ကြ။ ပြန်ယူပြီး ပြန်ခြုံကြ၊ ပြန်ထောင်ကြ။ ရလာသမျှ၊ ရှာလာသမျှ တညတည်းကုန်အောင် သောက်ကြ သုံးကြပါတယ်။ ဖဲရိုက်၊ အန်စာခေါက် ကြပါတယ်။ ဗီဒီယို ရုံတွေမှာ ကိုယ်ကြိုက်တဲ့ကား ကိုယ်ရွေးကြပါတယ်။ မြန်မာရုံ၊ တရုတ် နေအောင်ကား၊ ကုလားကျော်ဟိန်းကား။ ဆင်းရဲသားကား။ ဆင်းရဲသားကားဆိုတာ အဝတ်မဝတ်တဲ့၊ အဝတ်မရှိ တဲ့ကားကို ပြောတာပါ။

ဒီမှာက ရေတက်၊ ရေကျအမြဲရှိတယ်။ လက်ဖက်ရည်ဆိုင်ထိုင်ထိုင်၊ ဗီဒီယိုကြည့်ကြည့်၊ ညဘက်အိပ်အိပ်၊ နားလည်ထားရတဲ့ ယဉ်ကျေးမှု တခုရှိပါတယ်။ အဆင့်အတန်းမြင့်ပါတယ် ဆိုတဲ့ ရပ်ကွက်က လူယဉ်ကျေးတွေ စိတ်ရှည် သည်းခံနိုင်စွမ်းမရှိနိုင်တဲ့ အရာတခုပါ။
ပထမ၊ ထိုင်ကြည့်နေတဲ့ ကြမ်းပေါ်ကို ရေကတက်လာပြီဆိုရင် ဖင်ထိုင်ခုံလေးတွေပေါ် ထိုင်ရပါတယ်။ဖင်ထိုင်ခုံ မြုပ်လာပြီဆိုရင်၊ ဖင်ထိုင်ခုံပေါ် ဆောင့်ကြောင့်ထိုင် ကြည့်ကြတာပါပဲ။ ဘယ်သူမှ ဘာမှ ပြောမနေပါဘူး။ ကိုယ့်အိမ်မှာတောင် အောက်ခံဆင့်တန်း နိမ့်လို့၊ ရေတက်ကြမ်းလို့၊ ငုတ်တုတ်အိပ်ရတဲ့ အိမ်တွေလည်း ရှိပါသေးတယ်။ ချဲလေး ဘာလေးပေါက်ရင် ပြင်မယ်ပြင်မယ်နဲ့ပေါ့။
သုံးလို့ဖြုန်းလို့ ကုန်ပြီဆိုရင်တော့၊ အသီးသီး အသက အသက အိမ်ပြန်လာကြပါပြီ။ ကလေးတွေကလည်း လက်တဘက် မုန့်တခုစီနဲ့၊ တချို့ကလည်း ခါးကြား ပုလင်းထိုးလို့၊ မိန်းမတွေကလည်း နေ့သွင်းနဲ့ ယူလာတဲ့ ရွှေဘိုမင်းသမီး သနပ်ခါးတို့၊ ပလတ်စတစ်ဘုရား ပန်းခက်တို့ ကိုင်လာကြပါတယ်။

မိသားစုလေးတွေရဲ့ နားခိုရာ အိမ်ဆိုတာကလည်း တံခါးကိုကြုံသလို ပိတ်လိုက်ရုံပါပဲ။ အခန်းအကာ မရှိတာက များပါတယ်။ ကြောင်ခုန်ချ လိုက်ရင်တောင် အသံမြည်ပြီး လှုပ်သွားတတ်တဲ့၊ တဲသာသာ ဗြုတ်စဗျင်းတောင်း၊ ရရာရောစပ်ထားတဲ့ အိမ်ကလေးတွေ ဆက်နေတာပါ။
သွပ်ပြားအပိုင်းအစကို ကာချင်ကာမယ်၊ မိုးမလုံတဲ့နေရာ ပလတ်စတစ်ထပ်ချင် ထပ်ထားမယ်။ သစ်ကြား ဝါးညှပ်တော့ရော၊ ဒီထက်ပိုပြီး ဘာဖြစ်ဦးမှာမို့လဲ။ အဲဒီ ဒဿနနဲ့ ဆောက်ထားတဲ့ အိမ် မည်ကာမတ္တလေး တွေပါ။ အိပ်ရာဝင် နှုတ်ခွန်းဆက်သံကလည်း ယဉ်ပေါ့၊ သင်းပေါ့။ ကပ်လျက်ဘေးအိမ်က စည်းချက်မှန်မှန် အသံတခု ကျွိကျွိ၊ ကျွိကျွိနဲ့ မြည်နေပါတယ်။ ဒါကို ကပ်လျက်ဘေးအိမ်က မိန်းမရွယ်ရွယ်က နှုတ်ခွန်းဆက်သ လိုက်ပါ တယ်။
“ညည်းတို့ မီးတွေလည်းမှုတ်လို့၊ စောစောစီးစီးပါလားဟဲ့”
ကျွိကျွိ၊ ကျွိကျွိ စည်းဝါးသံကတော့ မှန်နေဆဲပါပဲ။ မိန်းမငယ်ငယ် အသံတသံက ပြန်ဖြေဖော်ရပါတယ်။
“မနက်အစောကြီး ကုန်စိမ်းကြိုစရာရှိလို့အမရေ၊ ဝီရိယလေး အားကိုးနေရတယ်”
ဝါးလတ်လား၊ သုတ်စီးလားမသိ၊ ဝါးချင်းကြိတ်သံလေးကတော့ မှန်မှန် တကျွိကျွိ။ လင်နဲ့ မယား၊ သားနဲ့ အမိတွေ၊ ခြင်ထောင် ထောင်လိုက်ရင်၊ ကိုယ်ပိုင် လွတ်လပ်လုံခြုံ သွားပြီဆိုတဲ့ စံနှုန်းနဲ့ နေနေကြရတာပါ။

လူခြေတိတ်ချိန်လည်း ရောက်ပါပြီ။ သက်ကြီးလည်း ခေါင်းချပါပြီ။ အိမ်ရှင် ရပ်ကွက်လူကြီးလည်း အိပ်ပျော်သွားပါပြီ။ အဲဒီအချိန်ရောက်မှပဲ ကျနော့်ဘဝ အမှန်လည်း စတင်နိုင်ပါတော့တယ်။
မိန်းမဝယ်ပေးထားတဲ့ ဝီစကီပုလင်းကို ဖွက်ထားတဲ့နေရာက ထုတ်ပြီး အသံမမြည်အောင် ငှဲ့ရပါတယ်။ ဖယောင်းတိုင်လေး ထွန်းပြီး စာရွက်စာတမ်းတွေကို အသံမမြည်အောင် ကိုင်တွယ်ရပါတယ်။ရေးစရာ ရှိတာရေးပြီး ဖတ်စရာရှိတာ ဖတ်တဲ့အလုပ်ကို အခုမှ စိတ်ချလက်ချ လုပ်နိုင်ပါတော့တယ်။ရှုခင်းသာ သားဆိုတာ ဝီစကီသောက်လို့ စာရေးနေလို့မရဘူးလေ။
လုံခြုံစိတ်ချစွာ အလုပ်လုပ်နေတဲ့ အချိန်မှာ ကင်းချထားစရာလည်း မလိုပါဘူး။ စိုးရိမ်ကြောင့်ကြ ပူပန် နေစရာလည်း မရှိပါဘူး။ ကျနော့်မှာ ဗျူဟာမြောက် လုံခြုံရေးလမ်းမကြီးတွေ ရှိတယ်လေ။ ရေတက်ရင်၊ မိုးရွာရင်၊ ချွဲကျိချောမွတ်နေတဲ့ ရွှံ့စေးလမ်းတွေက မတ်မတ်မားမား လျှောက်လို့ကို မရပါဘူး။
ကျောင်းသွားမယ့် ကလေးတွေဆို ချော်မလဲချင်ရင် ဖိနပ်ချွတ်၊ လက်ထောက်ပြီးတော့ကို သွားရတာပါ။လူကြီးတွေလည်း တုတ်ထောက်ပြီးမှ သွားလို့ရပါတယ်။ ဒါတောင်တဘိုင်းဘိုင်း လဲနေကြတာပါ။
ဘယ်ရဲ၊ ပတ္တရောင်မှ လွယ်လွယ်ဝင်လို့မရပါဘူး။ စစ်ကားဝင်ရင် စစ်ကားနစ်မယ်။ ရဲစက်ဘီးနဲ့ဝင်ရင် စက်ဘီးတခြား လူတခြားလဲမယ်။ ဘယ်လောက်ခိုင်ခံ့တဲ့ ခံစစ်ကြောင်းလဲ ဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့။

ကျနော် စိတ်ချလက်ချ အကြာကြီးနေခဲ့တဲ့ ရှုခင်းသာဆိုတာ ရှုခင်း မသာပါဘူး။ ကြားခင်း မသာပါဘူး။ကျနော့်အတွက်တော့ နေခင်း သာခဲ့ပါတယ်။ကျေးဇူးရှိဖူးသော အရာကို ကျေးဇူးဆိုအပ်၏ ဆိုတဲ့ အလိုအရ ကျနော် ရှုခင်းသာကို ကျေးဇူးစကားဆိုပါရစေ။ 

နေနွယ်

Thursday, November 11, 2021

ငါတို့မျှော်လင့်ခဲ့တာက ငါတို့မျှော်လင့်သလို မဟုတ်တဲ့အခါ


အနှစ်နှစ်ဆယ်ကြာပြီးနောက် မိမိကိုယ်ကိုပြန်ကြည့်လိုက်သောအခါ
ဗိုလ်မှူးချစ်ကောင်းကတော့ အဲဒီလိုရေးခဲ့တာပဲ
ကျနော်ကကော ဘာများတတ်နိုင်ပါအုန်းမည်နည်း
ဗန်းမော်တင်အောင်ကတော့ အဲဒီလိုရေးခဲ့တာပဲ
ရုရှားမှာအောက်တိုဘာတော်လှန်ရေးကြီးအောင်ပွဲခံပြီးတဲ့အခါ
မာယာကော့စကီးဟာ သူ့ကိုယ်သူသတ်သေသွားတယ်

လူနှစ်ယောက် စက်သေနတ်တစ်လက် ဂျစ်ကားတစ်စီးနဲ့ 
မြို့ကိုသိမ်းခဲ့တဲ့ ငါ့အဖိုးဟာ သူ့ခေတ်ရဲ့ချေဂွေဗားရားပေါ့
ခေတ်ပြောင်းတော်လှန်ရေးကြီးဆင်နွှဲဖို့ မာဇဒါတစ်စီးနဲ့ ရုံးခန်းတစ်ခန်းရပြီးတဲ့နောက်မှာ သူ့ဆီထမင်းဖိုးငါးကျပ်ဝင်ဝင်တောင်းတဲ့ သူ့ရဲဘော်တွေရဲ့ဘဝကို သူနားမလည်တော့ဘူး
ဒါပေမဲ့ လမ်းပေါ်ကလူအုပ်ကြီးကိုတော့ သူမြင်ခွင့်ရသွားခဲ့တယ်

ဦးသူတော်နဲ့ကိုသစ္စာ၊ ရဲဘော်အောင်ဒင်၊ မင်းလိုလူစားအများကြီးဟေ့၊ ဘုံဘဝမှာဖြင့်၊ ကျနော်ပြည်ပြေး၊ ကျနော်လက်နက်ချ၊ ဟိုလူ့နောဆုံးနေ့ ဒီလူ့နောက်ဆုံးနေ့များ၊ ပျောက်ဆုံးသွားသောမျိုးဆက် စသဖြင့် စသဖြင့်
အကိုဘာလို့နိုင်ငံရေးလုပ်ခဲ့တာလဲ
စာအုပ်တွေမှားဖတ်မိလို့ပေါ့ကွာ

ကမ္ဘာပတ်တဲ့သူလည်းပတ်ကြ၊ ဖိနပ်စီးတဲ့သူလည်းစီးကြ
တကယ်က အမှန်တရားဆိုတာ အပြည့်စုံဆုံးမုသားတခုဖြစ်သလို
ဘယ်မုသားမှာမဆို သူနဲ့တိတ်တိတ်ပုန်းညားနေတဲ့ အမှန်တရားတစ်ခုတော့ ရှိကြတာချည်းပဲ။ 

ဗီလိန်တွေဇာတ်လိုက်ဖြစ်လာလေ ကမ္ဘာကြီးက ပိုမိုရင့်ကျတ်လာလေ
ငါတို့ယုံကြည်ခဲ့တာက ငါတို့ယုံကြည်သလို မဟုတ်တဲ့အခါ

- - - -- - - - -- - - - - - 
နှင်းခါးမိုး
၂၇၊ ဇန်နဝါရီ၊ ၂၀၂၀

အောက်ဆုံးအလွှာ


ငရဲကြီးကရှစ်ထပ်
ငါတို့တိုက်ကခြောက်ထပ်၊

အောက်ဆုံးထပ်က အဝီစိပဲ
ညတိုင်းရန်ဖြစ်တယ်
သန်းတုတ်ရင်း လှေကားဝကိုပိတ်ထိုင်တယ်
လူဝင်လမ်းမှာ ခွေးစာပုံကျွေးတယ်
အခန်းထဲမှာတန်းစီအိပ်နေတာ လှမ်းမကြည့်ပဲမြင်ရတယ်
မယားပါသမီးနဲ့ ပထွေးဟာ ခြင်ထောင်တလုံးပဲခြားတယ်။

မှန်ခန်းမှာ လူမမြဲဘူး အမြဲတမ်းလူသစ်ချည်းပဲ
တိုက်ခန်းငှားမည်ဆိုင်းဘုတ်ဟာ လှန်လိုက်မှောက်လိုက်ပဲ 
လမ်းထဲကပွဲစားတွေကလည်း ဝင်လိုက်ထွက်လိုက်ပဲ
ဒုတိယထပ်ကသံတံခါးဟာ အမြဲတမ်းကန့်လန့်ကာချထားတယ်
တတိယထပ်ကိုဖြတ်ရင် နတ်စင်ကအမွှေးတိုင်နံ့ကို ရှောင်မလွတ်ဘူး
ငါ့အောက်ထပ်ကမိန်းမကြီးကတော့ လှေကားကခြေသံကြားရင် 
ဘုရားစာရွတ်နေတာကို အသံပိုမြှင့်လိုက်တယ်
ဒါဘာက အရက်သမားကတော့ ညဘက်ဆို သီချင်းတွေအကျယ်ကြီးဖွင့်တယ်၊ 
သူ့အတွက်တော့ သူ့အခန်းဟာ ကောင်းကင်ဘုံပဲ။
ငါတံခါးဖွင့်သံကြားတာနဲ့ ဘေးခန်းကခွေးပုကလေးဟာ ပြေးထွက်လာပြီး ဟောင်တယ်။ 
အကောင်သေးသလောက် အသံကျယ်ရဲ့။

မပြင်ရသေးတဲ့သံတံခါးကို အသံမမြည်အောင် မမပြီးဖွင့်ရတာလည်း အလုပ်တစ်ခုပဲ။
ငါက သော့ကို အထဲဘက်မှာပဲ အမြဲခတ်တယ်။ ပြန်လာရင် လက်နှိုက်ပြီးဖွင့်တယ်။ 
သော့ပျောက်သွားတုန်းက သော့သမားကိုခေါ်ဖွင့်တော့ အထဲမှာခတ်ထားတဲ့သော့ကိုဖွင့်ရလို့ ၁ သောင်းပိုပေးလိုက်ရတယ်။
ဒါပေမယ့် သော့အသစ်ကိုလည်း အထဲမှာပဲအမြဲခတ်မိပြန်တယ်။
အတွင်းဘက်မှာခတ်တဲ့သော့က ပိုလုံခြုံတယ်မဟုတ်လား။

အပြင်မှာခတ်ထားတဲ့သော့ကိုမတွေ့တော့ အထဲမှာလူရှိသလိုလိုပေါ့လေ။ 
တကယ်က အခန်းကလေးဟာ ပြန်မလာတာများတဲ့သူကြောင့် အမြဲတမ်းလူသူကင်းမဲ့နေတာပါ။
ဝရန်တာက ဂမုန်းပင်ကလေးတွေသာ လေတိုးလို့ယိမ်းနွဲ့မနေခဲ့ရင်
အသက်မဲ့တဲ့အခန်းကလေးလို့တောင် ပြောလို့ရမယ်ထင်ရဲ့။
အသက်ဘာကြောင့်ရှင်နေရတာလဲလို့ အဲဒီအသက်မဲ့တဲ့အခန်းကလေးမှာ အကြိမ်ကြိမ်တွေးခဲ့ဘူးတယ်။

သွားကိုက်နေတဲ့သူငယ်ချင်းကို တိုက်ပေါ်ကခုန်ချခိုင်းတယ်၊
ဟာသမဟုတ်ပါဘူး။
နာကျင်မှုကို သေခြင်းတရားထက်ကို ပိုမုန်းလွန်းလို့ပါ။
ဒါပေမဲ့ အဝီစိဆိုတာ ငါးထပ်တိုက်ပေါ်က ငုံ့ကြည့်တာတောင် စိတ်ပျက်စရာ။

- - - - -- - - -- - -- - - -- 
နှင်းခါးမိုး
၂၅၊ ဇန်နဝါရီ၊ ၂၀၂၀

နတ်သမီးပုံပြင်


အချစ်စစ်၏အနမ်းဖြင့်သာ နိုးထစေသတည်းတဲ့
ကိုယ့်ကျိန်စာနဲ့ကိုယ် ရင်ပြန်ကွဲခဲ့ရတယ်၊
အချစ်ကြောင့် အတောင်ပံတွေကို ဆုံးရှုံးခဲ့ရ
အမုန်းကြောင့် ကိုယ့်နှလုံးသားကိုကိုယ်ဆုံးရှုံးခဲ့ရ၊
သံမဏိပိုက်ကွန်ထဲကရုန်းထွက်သလို
အချစ်နဲ့အမုန်းက သူလွတ်မြောက်တဲ့အခါ
နှလုံးသားမှာ အတောင်ပံအသစ်တွေ ပြန်ရတယ်။
ဆူးစည်းရိုးတွေလည်းမလိုတော့ဘူး
လျှို့ဝှက်ထားအပ်တဲ့အလှတရားဆိုတာလည်းမရှိဘူး
ငါ့တိုင်းပြည် မင်းကိုအပ်ပါတယ်။
- - - - - - - - - - -
နှင်းခါးမိုး
၁၄၊ ဇန်နဝါရီ၊ ၂၀၂၀
#maleficent

Monday, September 13, 2021

နံပြား


ထောပတ်သုတ်မလား
သစ်သီးယိုစုံသုတ်မလား
ကြက်ပဲ၊ ဆိတ်ပဲ ပျစ်ပျစ်ကျဲကျဲ ကြိုက်တာနဲ့စား
အလုံပိတ်မီးပြင်းပြင်းဖိုထဲမှာ
တူးကြွတ်ဖေါင်းကားလာတဲ့ငါ့ဒါဏ်ရာ
မင်းတို့အတွက်အရသာ။

ကြည်ရေ ပဲပြုတ်နဲ့နံပြားစားချင်တယ်
သူ့ကိုကော ဘယ်သူတွေစားပစ်လိုက်သလဲ
မေးခွန်းတွေ မီးဖိုထဲပစ်ထည့်လိုက်တယ်။ 

- - - - - - - -- - - - - - - -
နှင်းခါးမိုး
၁၃၊ စက်တင်ဘာ၊ ၂၀၁၅

Saturday, August 28, 2021

တို့ဆေး

သူငယ်ချင်းတယောက်ဆုံးတဲ့နေ့မှာ
သူငယ်ချင်းတယောက်မွေးနေ့ပွဲရောက်တယ်၊

တယောက်က ဗိုလ်ရှုခံနေတဲ့အချိန်
တယောက်က လျောက်လဲချက်တွေပေးနေရသလိုပဲ၊

အဲဒီညက တော်တော်မူးတယ်။

- - - - - - - - - -- - - -
နှင်းခါးမိုး
ဒီဇင်ဘာ ၁၃၊ ၂၀၁၉

တနင်္ဂနွေ ၁

လူတွေက စက်ရုံထုတ်တွေ
ဂျပန်ကျတွေ အရည်ကျိုတွေ ဇီးရိုးကီလိုတွေ၊
ကားတွေက အောက်စဖို့ဒ်ထွက်တွေ
ယဉ်ကျေးလိမ္မာဆင်းတွေ၊
လမ်းအားလုံးဟာ
ငရဲမှာဆုံကြတယ်။

- - - - - - - - - - - -
နှင်းခါးမိုး
ဒီဇင်ဘာ ၈၊ ၂၀၁၉

Sunday, August 22, 2021

မီး

တလမ်းလုံးဆူညံနေတာပဲ
မီးလောင်လို့တဲ့
လူသံသူသံတွေကြောင့်
မီးဟာလန့်ပြီးငြိမ်းသွားတယ်၊
ဝရန်တာကနေလှမ်းကြည့်တော့
မီးကိုမတွေ့ဘူး လူအုပ်ကြီးကိုတွေ့တယ်
မီးလောင်နေတဲ့လူအုပ်ကြီး။

- - - - - - - - - - - - - -  -
နှင်းခါးမိုး
ဒီဇင်ဘာ ၇၊ ၂၀၁၉

ဟောလိုးဝင်း

မဆေးရသေးတဲ့ကော်ဖီခွက်က စားပွဲပေါ်မှာ
နမ်းတိုင်းအဆိပ်သင့်တဲ့လရောင်က ကော်ဖီခွက်ထဲမှာ
တဘဝလုံးခြောက်လှန့်မယ့်တစ္ဆေတွေက လရောင်ထဲမှာ၊
ဘယ်သူမှမခေါက်တဲ့တံခါးဟာ အခြောက်လှန့်ဆုံးပဲ။

- - - - - - - - - - - - - - - - -
နှင်းခါးမိုး
နိုဝင်ဘာ ၁၊ ၂၀၁၉

အခိုးခံလိုက်ရတဲ့မျက်ရည်


ထောင်ထဲနှစ်ပတ်ထည့်လိုက်တော့ ဆဲဗင်းဇူလိုင်ကို 
လူတွေက မေ့သွားရောလား
ထောင်တနှစ်ချလိုက်တော့ မင်းတို့နိုင်ငံတော်ကြီးက 
ကြည်ညိုစရာကောင်းသွားရောလား 
ကျနော်တို့ကိုဆေးထိုးသတ်မှာလား တဲ့ ဝင်းနဲ့ဇော်ဟာရှုံးခဲ့ပြီ။

တရားရုံးထဲမှာ တရားဟာ ရုန်းကန်အော်ဟစ်နေတယ် 
စာမေးပွဲဖြေမယ့်ကျောင်းသားဟာ 
အချုပ်ကားထဲမှာစာကျတ်နေတယ် 
အလုပ်ပြုတ်သွားတဲ့အလုပ်သမားဟာ ဝန်ကြီးချုပ်အိမ်ရှေ့မှာ 
ထိုင်ငိုက်နေတယ်။

မူးယစ်ဆေးဝါးတွေလည်း တကယ်ဖမ်းရော
မြန်မာ့စီးပွားရေးလည်းကျတာပဲ။

- - - - - - - - - - - - - - - - 
နှင်းခါးမိုး
သြဂုတ် ၃၀၊ ၂၀၁၉

သူတောင်းစားဘိဇနက်

Editorial
August 22, 2018

မရှိလို့တောင်းစားတာ အပြစ်မဟုတ်ပါ။ မစွမ်းလို့ မသန်လို့ လူစဉ်မမီလို့ အများပေးစာကမ်းစာအပေါ် မှီခိုရတာ ကိုယ်ချင်းစာ ငဲ့ညှာတတ်ကြပါသည်။ လှူဒါန်းပေးကမ်းရခြင်းကို ကုသိုလ်ဟု လက်ကိုင်ထားသောတိုင်းပြည်မှာ လူတို့၏သဒ္ဒါတရားနှင့် ကရုဏာမေတ္တာတရားအပေါ် ခုတုံးလုပ် အမြတ်ထုတ်ကာ ကိုယ်ကျိုးစီးပွားရှာကြလျှင်တော့ ဒုစရိုက်မြောက်ပါလိမ့်မည်။

လူသွားပလက်ဖောင်းပေါ် လူမမည်ကလေးငယ်ကို မိုးရေထဲပက်လက်ထားကာ တောင်းရမ်းနေသဖြင့် မကြည့်ရက်နိုင်သူများဆီက အသံတွေ လူမှုမီဒီယာပေါ် လျှံတက်လာတာ ကြားလိုက်ရသည်။ ထို့နောက်မှာတော့ ဖမ်းသံဆီးသံတွေ ထွက်ပေါ်လာသည်။ ဒီကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို နောက်ကွယ်ကစေခိုင်းသူများအား မိပြီဟုဆိုတော့ ဒီတခါ ပလက်ဖောင်းပေါ် အမြင်မတော်တာတွေတော့ ရှင်းလောက်ပြီဟု ထင်ခဲ့ကြသည်။ ဒီလူမဆန်သူတွေကို တယောက် ထောင်နှစ်လဆီချလိုက်တယ်ဟု သိလိုက်ကြရသောအခါ စိတ်ပျက်လက်ပျက်ဖြစ်ကုန်ကြသည်။ နောက်ထပ် ဓားစာခံဖြစ်ကြရအုန်းမည့် လူမမည်ကလေးငယ်တွေ၊ အဘိုးအိုအဘွားအိုတွေပုံရိပ်များက မျက်စိထဲပြေးဝင်လာသည်။

တခြားနိုင်ငံမှ ရုပ်ရှင်ဇာတ်ကားတွေထဲကလို တောင်းရမ်းစားသောက်သူတွေကို နောက်ကွယ်က ချုပ်ကိုင်ထားသည့် ဂိုဏ်းကြီးများရှိကာ သူတို့၏ လည်ပတ်ငွေကြေးများက သိန်းထောင်သောင်းချီရှိနေတာမျိုး သွားသတိရသည်။ မြို့လည်ကောင်လှည့်ပတ်တောင်းရမ်းသူ လင်မယားက ညဘက် ကားငှားပြန်တာ၊ သူတို့မှာ အိမ်နှစ်လုံးသုံးလုံးအပိုင်ရှိပြီး လူငှားတင်ထားတာတွေ ပုံပြင်လိုကြားရပြန်သည်။ ကလေးငယ်တွေကို နောက်ကွယ်က ခိုင်းစေသူများ၏ တလဝင်ငွေက သိန်းအစိတ်လောက်ရှိသည်ဟုဆိုတော့ မအံသြမိတော့။

မီးပွိုင့်တွေ၊ လူစည်ကားရာနေရာတွေ၊ စျေးလမ်းမတွေပေါ်မှာ။ ဘက်စကားဂိတ်၊ ကားဆိပ်နဲ့ လက်ဖက်ရည်ဆိုင်တွေထဲအထိ ကိုယ့်ရှေ့ဖြန့်လာသော လက်ဖဝါးညစ်ညစ်ကလေးများ။ လူတုန်တုန် အသံတုန်တုန်နှင့် ကရုဏာစိတ်နံရံကို တွန်းတိုက်နေမှုများ။ မနက်ခင်းကြည်လင်လန်းဆန်းနေမှုများကို အုံ့မှိုင်းစေသော၊ ညနေခင်း မောပမ်းလာမှုများကို နွမ်းခွေစေသော၊ လူတို့၏ကိုယ်ချင်းစာစိတ်နှင့် မေတ္တာတရားကို အရည်ညှစ်ချ အဆိပ်ခပ်နေသော ထိုအကုသိုလ်ဘိဇနက်ကြီးကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမည်နည်း။ 

အဆင်မပြေသောခေတ်ကြီးကိုလည်း အပြစ်တင်ပါ။ အထိုင်မကျသော စနစ်ကြီးကိုလည်း စွပ်စွဲပြောဆိုပါ။ ကိုယ့်ထမင်းတနပ်အတွက် တဦးချင်းဖောက်ပြန်ပျက်စီးနေမှုများကိုလည်း လက်ညှိုးထိုးပါ။ ပြီးလျှင်တော့ ဆက်ခွင့်ပြုထားလို့မရသော ကိစ္စဆိုးများကို အားလုံးဝိုင်းဝန်းဖြေရှင်းကြပါ။ ကိုယ့်အဖေအမေ၊ အဘိုးအဘွားတွေ။ ကိုယ့်သားလေးသမီးလေးတွေ။ အချောင်သမား လောဘမုဆိုးတို့၏လက်တွင်းက လွတ်မြောက်အောင်လုပ်ပေးကြပါ။ တရားကိုစောင့်ရှောက်ခြင်းထက် မိမိပိုင်သော အကျိုးစီးပွားသည် မရှိ။
iSee Media

Saturday, August 21, 2021

ဓားသွားပေါ်ကစစ်ပွဲ (သို့မဟုတ်) မူးယစ်ဆေးဝါးနှင့် မူးယစ်စီးပွားအန္တရယ်

Editorial  

ဆေးရိုးမီလှုံ၊ စပါးတောင်လိုပုံ ဆိုသည့် မြန်မာစကားရှိသည်။ စားရေရိက္ခာပေါကြွယ်ဝသည့် ခေတ်ကာလတခုကို ရည်ညွုန်းပုံရသည်။ တနေ့က ရခိုင်ဒေသဘက်မှာ မိသည့် မူးယစ်ဆေးပြားတွေကို ပုံထားတာမြင်တော့ ဆေးပြားတောင်လိုပုံပါလားဟု မချိတင်ကဲ ပြောကြဆိုကြသံ ကြားလိုက်ရသည်။ မူးယစ်စီးပွားရေးက နိုင်ငံကို ဓားသွားပေါ်တွန်းပို့နေပြီလား။ စဉ်းစားတတ်လျှင် ရင်လေးစရာ။

ရာထူးလက်ခံသည့်နေ့မှာပင် မူးယစ်ဆေးဝါးပြဿနာကို အာရုံစိုက်နှိမ်နင်းမည်ဟု သမတက အတိအလင်းကြေငြာခဲ့သည်။ သည့်နောက်ပိုင်း လိုအပ်သည်များ ဆက်လက်လုပ်ဆောင်လာတာကိုလည်း တွေ့ရသည်။ ဇွန်လ ၂၆ ရက်မှစ တိုင်ကြားစာများကိုလက်ခံလာခဲ့ပြီး ယခုအချိန်ထိ မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်ကာ လူပေါင်း ၅၀၀ ကျော်ဖမ်းဆီးခဲ့ပြီဟု သတင်းများက ဖေါ်ပြကြသည်။ သို့သော် အဓိက ဖြန့်ဖြူးထုတ်လုပ်နေသူများမပါပဲ ကိုင်းစွန်ကိုင်းဖျား ရောင်းဝယ်သုံးစွဲသူတွေက အများစုဖြစ်နေသည်ဟု ဝေဖန်သူတို့က ထောက်ပြပြောဆိုနေကြသည်။ 

နိုင်ငံတနိုင်ငံကို အားနည်းချိနဲ့သွားအောင် ဘိန်းကို လက်နက်အဖြစ်အသုံးပြုခဲ့သောအဖြစ်မျိုးကို သမိုင်းတွင် တွေ့ခဲ့ကြဘူးသည်။ ကိုလိုနီ အင်္ဂလိပ်အစိုးရလက်ထက်က မြန်မာပြည်တွင် ဘိန်းခန်းများ တရားဝင်ဖွင့်ခဲ့ဘူးကြောင်း မှတ်သားဘူးသည်။ စာထဲပေထဲများတွင်လည်း သူကြီးက သူနဲ့မတည့်သူများကို ဘိန်းပစ်ဖမ်းတာမျိုးတွေ ဖတ်ခဲ့ဘူးသည်။ ရပ်ရွာထဲ ထမိန်ပျောက်လျှင် ဘိန်းစားတွေ အရင်အဖမ်းခံရသည်ဟုဆိုသည်။ ဘိန်းပြဿနာက သမိုင်းကိုမွှေနှောက်စူးစမ်းလျှင် အတော်ရှုပ်ထွေးသည်။ လူမှုရေး၊ စီးပွားရေးမှသည် နိုင်ငံရေးအထိ အကုန်ယှက်နွယ်နေသည်။ 

ဆေးခြောက်ရောင်းမှုနှင့် အကြိမ်ကြိမ် အဖမ်းခံရသူတယောက်ကို မေးဘူးသည်။ ခင်ဗျားမှာ ထိုက်သင့်တဲ့အရင်းအနှီးလေးလည်း ရှိနေပြီပဲ။ တခြား ကောင်းရောင်းကောင်းဝယ်တခုခု ပြောင်းလုပ်ပါလားဟု ဆိုတော့။ သူအများကြီးစမ်းလုပ်ဖူးကြောင်း၊ ဒါပေမဲ့ ဆေးရောင်းတာလောက် ဘယ်စီးပွားရေးမှ လွယ်လွယ်ပိုက်ဆံမရနိုင်လို့ နောက်ဆုံး ဒါပဲလုပ်ရတာပါဟု ဖြေဘူးသည်။ မူးယစ်ဆေးက လူတယောက်၏ ရုပ်ပိုင်းစိတ်ပိုင်းကိုသာမက အတွေးအခေါ်နှင့် အမူအကျင့်တွေကိုပါ ထိခိုက်ပျက်စီးသွားစေတာအမှန်ပင်။

ဆေးခြောက်တတန်ရဲ့တန်ဘိုးက ကိုကင်း ၁၀ ပေါင်နဲ့ ညီတာကိုလည်း သိရော ကိုကင်းမှောင်ခိုလုပ်ငန်းထဲ ရောက်လာတာပဲ။ ဒီလိုနှင့် ကိုးကင်းကရသည့်ငွေများက တောင်အမေရိကနိုင်ငံတွေရဲ့ စီးပွားရေး၊ လူမှုရေးတွေကို လွှမ်းမိုးလာသည်။ နောက်တော့ နိုင်ငံရေးဇာတ်ခုံပေါ်ထိ တက်လာပြီး ပွဲကြမ်းကြသည်။ လုပ်ကြံမှုတွေ၊ လမ်းပေါ်လူသတ်ပွဲတွေ၊ ဘုရားသခင်ပေါက်စတွေနှင့် လူ့အဖွဲ့အစည်းတွေ ဖရိုဖရဲဖြစ်ကုန်ကြသည်။ နောက်ဆုံး ကမ္ဘာ့စူပါပါ၀ါ အမေရိကန်ကြီးကိုပါ ပျားတုတ်တော့သည်။ ဒီတော့ မူးယစ်စီးပွားရေးက အမှိုက်ကိုလောင်သလိုနှင့် ပြဿဒ်ကို ပြာချပစ်နိုင်ကြောင်း သတိမလစ်ဖို့လိုပါသည်။

မူးယစ်ဆေးဝါးက လူငယ်တွေကို ဖျက်ဆီးသည်။ မူးယစ်ဆေးဝါးကရသည့် ပိုက်ဆံတွေက နိုင်ငံကို ဖျက်ဆီးသည်။ မူးယစ်ဆေးဝါးကို အဓိက ထုတ်လုပ်ရောင်းဝယ်နေသူများကို မဖော်ထုတ် မရှင်းလင်းရဲဘူးဆိုလျှင်တော့ ထိုနိုင်ငံတွင် ငြိမ်းချမ်းရေးလည်းမရှိနိုင်။ တရားမျှတမှုလည်းဆိတ်သုန်းကာ လူအများကောင်းစားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုသည် လေထဲကတိုက်အိမ်များသာ ဖြစ်နေပါလိမ့်မည်။ 

မူးယစ်ရန်သူကို စစ်ကြေငြာဖို့ ဘယ်တော့မှ နောက်ကျသည်မရှိပါ။ တကယ်တိုက်ဖို့သာ လိုပါသည်။

Monday, August 16, 2021

ထမင်းရည်ပူစည်းကိုနင်းမိရင်တော့ ရှုံးကြမှာပဲ

Editorial 
- - - - - - - - - - - 

ဟင်းရွက်ကလေးတစည်းအတွက် လူတန်းကြီးကို တိုးထွက်လာရသည်။ ဖောက်တုန်းကတော့ ၁၈ ပေလမ်းဖြစ်သည်။ အခုတော့ လူလျှောက်စရာ ၅ ပေပင် မရှိတော့။ ဘေးနှစ်ဖက်မှာကော၊ လမ်းလယ်တည့်တည့်မှာကော စျေးဗန်းတွေ၊ ကုန်သေတ္တာတွေ၊ စီပေပါတွေကအစ ချထားကြသည်။ ဖောက်ပြီးကာစကတော့ အနီရောင်နောက်ခံရဲရဲမှာ ၁၈ ပေလမ်းပေါ် မကျုးကျော်ရဆိုသော ဆိုင်းဘုတ်ပြူးပြူးကြီးတွေ တွေ့ရသည်။ ခေါင်းရွက်ဗျက်ထိုးသည်လေး ခေါင်းဘုဖြုတ်ချွေးသုတ်ဖို့ စျေးဗန်းကလေး ခဏချထားတာကိုပင် အော်ကြီးဟစ်ကျယ်ဆဲဆိုမောင်းထုတ်နေသော တာဝန်ရှိဆိုသည့် ပုဂ္ဂိုလ်များ၏ အသဲပြဲကြီးများကို ကြားခဲ့ရသေးသည်။ အခုတော့ ဘယ်ရောက်ကုန်ပြီနည်း။

လမ်းကြားလေးထဲက လမ်းကျယ်ကြီးထိပ်ဘက်ရောက်လျှင်တော့ ဆိုက်ကားတွေ ကားလမ်းတဝက်လောက်ထိ နေရာယူ ဂိတ်ထိုးထားတာ တွေ့ရမည်။ နည်းနည်းကျော်လျှင် လမ်းကွေ့နားရောက်လျှင်တော့ ဘက်စ်ကားကြီးတွေ ကျောက်ချထားသော သတ်မှတ်နေရာမဟုတ်သည့် ရပ်ချင်ရာရပ် ကားမှတ်တိုင်ကိုရောက်မည်။ မနေ့ကတင် ဒီနေရာမှာရပ်သည့် ကားများကို ရဲများက ဝီစီတဝီဝီမှုတ်ကာ ဖမ်းနေကြသေးသည်။ အဲတုန်းက ခပ်လှမ်းလှမ်းသတ်မှတ်နေရာထိ ကားတွေစနစ်တကျသွားရပ်တော့ လမ်းကွေ့မှာ အရင်လိုမပိတ်ပဲ ယာဉ်ကြောက ချောင်ချိသွားသည်။ သည်နေ့ကျတော့ ထောင်ထားသည့် ကားမှတ်တိုင်ကတနေရာ၊ ကားတန်းကြီးကျောက်ချတာ တနေရာဖြစ်နေပြန်သည်။ 

သည်နွေကတင် စက်နဲ့ဖော်၊ ကွန်ကရစ်ကိုင်ထားသည့် မြောင်းသစ်ကြီးတွေထဲမှာ အမှိုက်တွေက ပိတ်ဆို့နေတာ မြင်မကောင်း။ ညနေ ၃ နာရီကျော်မှ ပေးရောင်းသည့် လမ်းဘေးလှည်းတွေက မခင်း၏သည့် ခင်း၏သို့နှင့် ဟိုတကွက်သည်တကွက်နေရာယူထားကြပြန်သည်။ စည်ပင်ယူနီဖောင်းဝတ်တစုက လက်ဖက်ရည်ဆိုင်ဘေးမှာ ခုံပုလေးတွချကာ ဝိုင်းဖွဲ့ထိုင်နေကြသည်။ ကြွပ်ကြွပ်အိတ်အမဲ လေးငါးထုပ်က အမှိုက်မပစ်ရဆိုသည့် ဆိုင်းဘုတ်ပေါ် မေးတင်နေကြသည်။ တက္ကဆီတစီးက ခရီးသည်မြင်တော့ လမ်းလယ်မှာထိုးရပ်လိုက်သည်။ နောက်က ကားတန်းကြီးဆီက ဆဲဆိုသံတွေ၊ ဟွန်းအဆက်မပြတ်တီးသံတွေ ဆူညံစွာ ထွက်ပေါ်လာသည်။

ဒါ မြို့ပျက်ကြီးတော့ မဟုတ်ပါ။ မင်းမဲ့နိုင်ငံလည်း မဟုတ်ပါ။ ခုတော့ ကြွက်သိိုက်ကြီးတခုလို ဖရိုဖရဲနိုင်လှပါသည်။ လူတိုင်းက နိုင်ငံတော်တခုဆီ တည်ထောင်အုပ်ချုပ်နေကြပါသည်။ တဦးနှင့်တဦး စစ်တိုက်ဖို့ မောင်းသံပေးနေကြပါသည်။ ကျောင်းခြံစည်းရိုးတခုထိပ်မှာတော့ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဆိုသည့် ဆိုင်းဘုတ်က ဆေးကွာနေပြီ။ သတင်းစာတစောင်ကို ကောက်ကိုင်လိုက်လျှင် စည်းကမ်းပြည့်ဝ၍ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ စာသားများက ဟင်းထုပ်ကဆီတွေ စွန်းပေနေတာတွေ့ရမည်။ နောင်နှစ်အာဇာနည်နေ့နီးလျှင်တော့ လွတ်လပ်ရေးဆိုတာ လမ်းပေါ်ထွက်ဆေးရိုးလှမ်းတာမဟုတ်ဘူး ဆိုသည့် အားနာစရာကောင်းသည့် ဆဲသံဆိုသံကို ကြားရပေအုန်းမည်။

ဖိုင်းစီးတီးဆိုတာ အရာရာကောင်းမွန်သောမြို့ကြီးလား၊ နေရာတကာဒဏ်တပ်ဖို့စောင့်နေသည့်မြို့ကြီးလား။ နှစ်ဖက်ခွ လှောင်ထေ့သလို စတစ်ကာပုံနှင့် တီရှပ်များ စင်ကာပူပြန်လက်ဆောင် ရဖူးကောင်းရဖူးပါလိမ့်မည်။ ကွမ်းတဗျစ်ဗျစ်နှင့် ဒီဘဝတော့ ဘယ်လိုမှ ပြင်လို့မရနိုင်တော့လောက်သည့် ပရမ်းပတာမောင်များ စင်ကာပူ ပလက်ဖောင်းတွေပေါ်ရောက်တော့ တံထွေးမျှမထွေးရဲ၊ ကိုယ့်အမှိုက်ကလေး ကိုယ့်အိတ်ထဲထည့်ကာ စံပြမောင်များဖြစ်ကုန်ကြသည်။ လူဆိုတာ ဘာလို့ ပြင်မရနိုင်ရမှာလဲ။

ဟောင်ကောင်ဘာကြောင့်ဖွံ့ဖြိုးတိုးတက်သလဲဆိုသည့် ဆောင်းပါးတစောင်မှာ ဟောင်ကောင်စီးပွားရေးကို အဓိက အထောက်အကူပြုခဲ့သည့်အရာများအနက် ဟောင်ကောင်ရဲများကို မီးမောင်းထိုးပြထားတာ ဖတ်ဘူးသည်။ အာရှတွင်အကောင်းဆုံးရဲများဟု ဆိုသည်။ သူတို့၏ တရားဥပဒေစိုးမိုးရေးကို စောင့်ရှောက်မှုနှင့် စည်းကမ်းထိမ်းသိမ်းနိုင်မှု၊ အရည်အသွေးမြင့်မားမှုနှင့် ကိုယ်ကျင့်သီလတို့က ဟောင်ကောင်းကျွန်းနိုင်ငံလေးကို ကမ္ဘာ့ထိပ်ဆုံးသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်မှာ မှတ်သားလောက်ဖွယ်။ 

စည်းကမ်းဆိုတာ စာရွက်ပေါ်မှာပဲ ရှိလို့မရပါ။ ထုတ်ပြန်ထားလျှင် လိုက်နာအောင်လုပ်ဖို့ လိုပါသည်။ ထုတ်တုန်းခဏ၊ ဖမ်းတုန်းခဏ၊ ကွယ်သွားရင်၊ လစ်ရင် လုပ်ချင်သလိုလုပ်လို့ရသည်ဟု လူတွေစိတ်ထဲစွဲသွားလျှင် ထိုအစွဲက ပိုချွတ်ရခက်ပါသည်။ စည်းကမ်းကို ကိုင်တွယ်ကျင့်သုံးသည့် အထက်အောက်တာဝန်ရှိသူများကလည်း တကယ်အလုပ်လုပ်ဖို့လိုပါသည်။ ရိုးဖြောင့်ဖို့လိုပါသည်။ လူ့အဖွဲ့အစည်းအပေါ် အသိနှင့်စေတနာ ရှိဖို့လိုပါသည်။ 

လူတွေက ကိုယ့်ကိုယ်ကျိုးစီးပွားအတွက်သာ ရှေ့တန်းတင်တတ်ကြတာကို အပြစ်ပြောလို့မရပါ။ သို့သော်တဖက်တွင် ကိုယ်နေထိုင်သည့် လူ့အဖွဲ့အစည်းကို ဖျက်ဆီးလို့မရပါ။ ကိုယ့်သားစဉ်မြေးဆက် နေထိုင်သွားကြမည့် ဒီနေရာဒီဒေသ၊ ဒီနိုင်ငံ ဒီလူ့အဖွဲ့အစည်းကို စောင့်ရှောက်ရမည်ဆိုသည့်အသိ ရှိဖို့လိုသည်။ အမှိုက်တစ၊ ကွမ်းသွေးတဗျစ်ကလည်း ကိုယ့်ဘဝကို ဖျက်ဆီးပစ်နိုင်ကြောင်း တွေးမြင်တတ်ဖို့လိုသည်။ 
တရားဥပဒေမစိုးမိုးသောတိုင်းပြည်သည် နေ့စဉ်စစ်ဖြစ်နေသောတိုင်းပြည်နှင့်တူသည်ဟု ဆိုစကားရှိပါသည်။ သို့ဆိုလျှင် စည်းကမ်းကို ပြက်ရယ်ပြုနေသောလူမျိုးတမျိုးအဖို့လည်း ငရဲပြည်၏တံခါးများအားလုံးကို တွန်းဖွင့်နေသည်နှင့် တူပါလိမ့်မည်။ နတ်သုဒ္ဓါကို ခွေးစားခွက်ထဲ ထည့်စားလို့မရပါ။

Sunday, August 15, 2021

ပညာရေးကျိန်စာ

Editorial
August 15, 2018

အမှောင်ခေတ်ပညာရေး ဆိုသည့်စကားလုံးကို လွှတ်တော်တွင် အတိုက်အခံအမတ်တစ်ယောက်က ကန့်ကွက်သောကြောင့် အဆိုမှတ်တမ်းထဲမှ လွှတ်တော်ဥက္ကဌက ပယ်ဖျက်ပေးခဲ့သည်ဟု မနေ့က သတင်းတပုဒ်တွင် တွေ့လိုက်ရသည်။ သူ့အကြောင်းပြချက်က ယခင်အစိုးရများ၏ ဂုဏ်သိက္ခာကို ညှိးနွမ်းထိခိုက်စေအောင် ပုတ်ခတ်ပြောဆိုရာရောက်သောကြောင့်ဟု သိရသည်။ သူ့အုပ်စု၊ သူ့ပါတီ၊ သူ့အယူအဆကို ကာကွယ်ပြောဆိုရမှာ သူ့တာဝန်သာဖြစ်သည်။ တကယ့်လက်တွေ့အမှန်တရားကတော့ ဖုံးကွယ်ပြောဆိုတိုင်း ပျောက်ပျက်သွားသည်မဟုတ်ပါ။
ဘာမှပြောခွင့်ဆိုခွင့်မရ။ အပြန်အလှန်ဆွေးနွေးခွင့်မရှိ။ လွတ်လပ်သည့် သတင်းစာစောင်မရှိ။ တဖက်သတ်အမိန့်အာဏာများကိုသာ လိုက်နာဆောင်ရွက်ကြရသည်။ လူမှုရေး၊ စီးပွားရေး မတရားမှုများကလည်း တရားဝင် ပေါ်ပေါ်ထင်ထင်။ နိုင်ငံရေးဖိနှိပ်မှုက အဆိုးဝါးဆုံး။ ဒီလိုအခြေအနေကို ရင်စည်းဖြတ်သန်းခဲ့ရသူများကတော့ အမှောင်ခေတ်ဆိုတာကို ဘဝနဲ့ရင်းပြီး နားလည်ကြသည်။ ဒီလိုခေတ်မှာ လူငယ်တော်တော်များများ ပညာရေးကို သေစာရှင်စာလောက် ဝတ္တရားကျေလောက်မှာပဲ ကျောခိုင်းသွားကြသည်။ တချို့လူငယ်တွေကတော့ ပညာရေးကို ထွက်ပေါက်အဖြစ် စုပြုံတိုးဝှေ့ကြသည်။ 
အစွဲမပါပဲ သုံးသပ်ရလျှင် မြန်မာ့ပညာရေးက ကိုလိုနီခေတ်မှာ အမြင့်ဆုံးဟု ပြောရမလိုပဲဖြစ်သည်။ လွတ်လပ်ရေးခေတ်မှာ ဒီအမွေကို ဆက်ထိန်းသိမ်းထားခဲနိုင်သေးသည်။ စစ်အာဏာသိမ်း ဆိုရှယ်လစ်ခေတ် ၂၆ နှစ်မှာ ပညာရေးကို နိုင်ငံရေးရည်မှန်းချက်အတွက် အသုံးချလာသည်။ စမ်းသပ်မှုပေါင်းများစွာလုပ်ရင်း မြန်မာ့ပညာရေးနိမ့်ကျလာခဲ့သည်ဟု ဆိုနိုင်သည်။ ၁၉၈၈ ခုနှစ်အပြီး စစ်အုပ်ချုပ်ရေးတလျောက်လုံးမှာတော့ ပညာရေးနယ်ပယ်ကို နိုင်ငံရေးပစ်မှတ်အဖြစ်ရှုမြင်ကာ ဖိနှိပ်မှုများ လုပ်ဆောင်ခဲ့တာ တွေ့ရသည်။ ပြန်ကြည့်တော့ မြန်မာ့ပညာရေးက အမွေခံပညာရေး၊ အစမ်းသပ်ခံပညာရေးနှင့် အဖိနှိပ်ခံပညာရေးတွေထဲမှာသာ နစ်နေခဲ့သည်။ ဘယ်တုန်းကမှ ခေတ်မီသစ်လွင်သောပညာရေး မဖြစ်ခဲ့။
ခေတ်ပေါ်နည်းပညာတွေကြောင့် ကမ္ဘာနှင့်အဝှမ်း ပညာရေးရုပ်သွင်က အများကြီးပြောင်းလဲခဲ့ပြီ။ ပညာရေးက စာသင်ခန်းတွေအပြင်ကိုတောင် ထွက်လာခဲပြီဟု ဆိုကြသည်။ ကနေ့ခေတ်လူများသည် ဘဝတလျှောက်လုံး အမြဲတစေသင်ကြားနေဖို့ လိုအပ်လာသည်။ ဆရာတပည့်သင်ကြားရေးထက်၊ တဦးနှင့်တဦး အပြန်အလှန်သင်ကြားရေးက ပိုကျယ်ပြန့်လာသည်။ အစိုးရတွေက ထိန်းကျောင်းသည့် ပညာရေးစနစ်တွေအတွက် နေရာမရှိတော့ဟု သဘောပေါက်ဖို့လိုလာပြီ။
ပြီးခဲ့သည့် မအောင်မြင်သော ပညာရေးစနစ်များကို အမှောင်ခေတ်ဟု ညွုန်းဆိုချင်လျှင် အလင်းခေတ်ပညာရေးဆိုတာ ဒါဟု ရှင်းရှင်းလင်းလင်း ပြောနိုင်ပြနိုင်ဖို့လိုသည်။ လုပ်စရာတွေကတော့ အများကြီးရှိပါလိမ့်မည်။ မြန်မာ့သမိုင်းအရတော့ နိုင်ငံရေးပြဿနာများထဲမှ ပညာရေးကို ဆွဲထုတ်ရေးက အရေးအကြီးဆုံံးဟု ဆိုချင်သည်။ ပညာရေးကို နိုင်ငံရေးအရချဉ်းကပ်မှု၊ အသုံးပြုမှုနှင့် ဖိနှိပ်မှုများမှ လုံးဝကင်းရှင်းစေဖို့လိုသည်။ 
အလင်းခေတ်၏အသက်မှာ လွတ်လပ်မှုဖြစ်သည်။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးများမှအစ ပညာရေးအဆုံး လူတိုင်း တောင့်တသည့် အလင်းခေတ်ကို အရောက်ပို့ပေးနိုင်မည်အရာမှာ လွတ်လပ်မှုသာဖြစ်ပါသည်။ စကားလုံးလေးတလုံးကိုတောင် လွတ်လပ်မှုမပေးနိုင်လျှင် ခေတ်ကို ဘယ်လိုလင်းအောင် လုပ်ကြမလဲဟု မေးလိုက်ချင်ပါသည်။
အလင်းဟာ အမှောင်ရဲ့သင်္ချိုင်းပဲ။

Saturday, August 14, 2021

သူရဲကောင်းဝါဒ

သြဂုတ် ၁၂၊ ၂၀၁၉
- - - - - - - - - --  - - - - -

သေရမှာတောင် မကြောက်ခဲ့တဲ့ကောင်က 
အခု ဆင်းရဲမှာကြောက်နေတယ်

အသက်တောင်ပေးရဲတယ်ဆိုတာ 
အသက်ကလွဲ ဘာမှပေးစရာ မရှိခဲ့လို့ပါ

မအောင်မြင်မှုတွေကိုလည်း မုန်းလာပြီ 
ဆီဇာလို ငါဟာနိုင်ငံတော်ပဲလို့ 
တခါတခါ အားရပါးရပြောပစ်ချင်တယ်

ကိုယ်တိုင်ဒုက္ခသည်ဖြစ်ခဲ့ဖူးတော့ 
ဒုက္ခတွေပေါ်လွှင့်ထူတဲ့ အလံတွေအကြောင်းလည်း
 ကောင်းကောင်းသိတယ် 
လက်ထိပ်တခု ဘယ်လောက််မြဲသလဲဆိုတာ 
လက်ထိပ်အခတ်ခံခဲ့ရဖူးတဲ့သူက အသိဆုံးပဲ

ယုံကြည်မှုကိုပြဖို့ 
ဓားအောက်ကိုခေါင်းထိုးခံတယ်ဆိုတာ
ခေါင်းထဲမှာ ဘာယုံကြည်မှုမှ မရှိလို့ပဲ

သေရမှာလည်းကြောက်တယ် 
ဆင်းရဲမှာလည်းကြောက်တယ် 
ဘာမှပေးစရာမရှိတော့တဲ့အခါ ကိုယ်ရစရာရှိတာယူဖို့ပဲ

တခုခု မဖြစ်ချင်တော့ဘူးဆိုရင်တောင် 
တခုခုတော့ လုပ်နေချင်သေးတယ် 

အခန်းတံခါးရိုက်ဖွင့်မှ သေနေတာတွေ့ရသလို 
ရှိသေးတယ်ထင်ရတဲ့လူတွေက မရှိတော့ဘူး။

- - - - - - - - - -- -  - -
နှင်းခါးမိုး

88 up date ချစ်တေးမဆုံး

သြဂုတ် ၈၊ ၂၀၁၉
- - - - - - - - - - - - - - - - - 

၃၁ နှစ်ဆိုတော့ ကြာခဲ့ပြီ
၃၁ နှစ်ဆိုတော့ ဟောင်းခဲ့ပြီ
၃၁ နှစ်ဆိုတော့ အသစ်တခုလိုခဲ့ပြီ။

ဓာတ်ပုံအဟောင်းတွေနဲ့ မရတော့ဘူး
ကဗျာအဟောင်းတွေနဲ့ မရတော့ဘူး
လူအဟောင်းတွေနဲ့ မရတော့ဘူး။

ရေငုပ်သင်္ဘောရဲ့ခြေရာကို
ကိုယ်ပိုင်ဂြိလ်တုနဲ့ရှာဖို့ဆိုတာ
၈ လေးလုံးဟာ နောက်ဆုံးဗားရှင်းဖြစ်နေရမယ်။

မိုးမိနေတဲ့အခမ်းအနားတွေကြောင့်
မြန်မာပြည်ကြီးတုပ်ကွေးဖြစ်နေတာ
၃၁ နှစ်ဆိုတာ ငယ်တော့တာမှမဟုတ်ပဲ။

- - - - - - - - - - - - - - - -- 
နှင်းခါးမိုး

တရေးနိုးအော်ပရာ

ဇူလိုင် ၃၊ ၂၀၁၉
- - - - - - - - - - - - - - - - - - 

ကမ္ဘာကြီးကိုကယ်တင်မယ်ဆိုတဲ့သူတွေကိုလည်း 
ကမ္ဘာကြီးပေါ်မှာမြှပ်နှံခဲ့ပြီးပြီ။

လူတယောက်အကြောင်း တခြားသူတွေပြောဖို့ပုံပြင်ဆိုတာ 
နှလုံးသားပေါ်ထွင်းရတဲ့ကျောက်စာ
သွေးစိမ်းရှင်ရှင်မထွက်ပဲ ဘာကဗ္ဗည်းမှမတင်ဘူး။

နေရောင်ရဲ့အကြေးခွံက
ပြတင်းပေါက်မှန်ပေါ်ကပ်ငြိနေတဲ့အခါ 
လရောင်ရဲ့ဆံနွယ်တမျှင်က 
အခန်းကျဉ်းကလေးထဲလွင့်ဝဲဝင်ရောက်လာတဲ့အခါ
ဘောင်းဘီအိတ်ထဲလက်နှိုက်ပြီး 
ငယ်ဘဝအကြွေစေ့တွေကိုစမ်းကြည့်မိဘူးပါသလား။

မြေကြီးအောက်က မြို့ကြီးတွေကိုမြင်ပြန်တော့
လူ့အဖြစ်ကို ချစ်ခဲ့မိတာ မဆန်းပါ။

- - - - - - - - - - - - -
နှင်းခါးမိုး

Friday, August 13, 2021

ဇန်နဝါရီမစ်ရှိတ်

ဇူလိုင် ၁၊ ၂၀၁၉
- - - - - - - - - - - - 

၂၀၁၉ မှာ ချစ်သောသူများနဲ့
၂၀၁၉ မှာ ၃၆၅ ရက်ကို တရက်ချင်းနေသွားမယ်၊

အိမ်သာထဲ ခွေးဝင်တာများ အဆန်းလုပ်လို့
အပြစ်ရှိတဲ့သူတွေကို အပြစ်မပေးနိုင်သေးသရွေ့
အပြစ်မဲ့သူတွေ အပြစ်ခံစားနေရမှာပဲ၊

နိဗ္ဗာန်ကို စာရိတ်ခံခေါ်မယ့်သူမရှိသလို
ငရဲတံခါးဖွင့်ဖို့လည်း ပွဲစားပင့်ဖို့မလိုပါ၊ 
လွတ်လပ်ရေးနေ့တောင် လမ်းပေါ်တက်ဆော့ခွင့်မရှိရင်
အဲဒီလွတ်လပ်ရေးက ဘာတန်ဘိုးရှိမလဲ၊

ဗိုလ်ချုပ်ကြီးဟောင်း - ငြိမ်းချမ်းရေးဆိုတာကော သိလား
စစ်ရှောင်ရွာကမိန်းကလေး - မသိဘူး၊ တခါမှ မကြားဖူးဘူး၊

ဘဝမှာ အတူကြီးပြင်းခွင့်မကြုံခဲ့ရတဲ့ မောင်နှမတွေ။

- - - - - - - - - 
နှင်းခါးမိုး

ကော်ဖီဖျော််စက်

ဇွန် ၂၀၊ ၂၀၁၉
- - - - - - -  - - - -  

ခါးခါးလား
ချိုချိုလား
ခလုတ်ကလေးနှိပ်ရုံပဲ။

နို့များများလား
သကြားများများလား 
ခလုတ်ကလေးနှိပ်ရုံပဲ။ 

စောရင်လည်းတခွက်
နောက်ကျရင်လည်းတခွက်
ခလုတ်ကလေးနှိပ်ရုံပဲ။

သူလာလည်းတခွက်
သူမလာလည်းတခွက်
ခလုတ်ကလေးနှိပ်ရုံပဲ။

ပျော်လည်းတခွက်
လွမ်းလည်းတခွက်
ခလုတ်ကလေးနှိပ်ရုံပဲ။

ချစ်လည်းတခွက်
မုန်းလည်းတခွက်
ခလုတ်ကလေးနှိပ်ရုံပဲ။

ရန်သူလား မိတ်ဆွေလား
စစ်ပွဲလား ငြိမ်းချမ်းရေးလား
ခလုတ်ကလေးနှိပ်ရုံပဲ။

အိပ်မက်များများလား
ဘဝများများလား
ခလုတ်ကလေးနှိပ်ရုံပဲ။

ဟလို မိတ်ဆွေ
သင်ဘာသောက်မလဲ။

- - - - - - - - - - - - - - - 
နှင်းခါးမိုး

Friday, July 23, 2021

လှေကားအောက်ကအခန်းကလေး

 
စိတ်က ကင်မရာနောက်လိုက်တယ်
ကင်မရာက ကြွပ်ကြွပ်အိတ်နောက်လိုက်တယ်
ကြွပ်ကြွပ်အိတ်က လေနောက်လိုက်တယ်
တယောက်ပင့်သက်က တယောက်အသက်ရှုသံနောက်လိုက်တယ်
ရုပ်ရှင်ကဒါပဲ
တကားလုံး ကြွပ်ကြွပ်အိတ်ကလေးလွင့်နေတာပဲ။

ဘုံဘိုင်ခေါင်းကရေကျသံတစက်စက်၊

- - - - - - - - - - -- - - - - 
နှင်းခါးမိုး

Thursday, July 22, 2021

ဆန္ဒပြတာကောင်းတယ်


(၂၂ ဇူလိုင်၊ ၂၀၁၉)
- - - - - - - - - - - - -
 
အဓိပတိလမ်းမှာ ပစ်သံခတ်သံတွေ ကြားမိသေးလား၊ ပြေးသံလွှားသံတွေ ကြားမိသေးလား၊ သူ့ဝန်းသူခြံနဲ့ဖြစ်သွားတဲ့ သစ်ပုပ်ပင်ကြီးကကော ကြေကွဲရွက်တွေ ကြွေနေတုန်းလား၊ ဒေါင်းအလံအရိပ်တွေ တလွန့်လွန့်နဲ့ ကျောင်းနံရံထိပ်တွေကလည်း တဖိတ်ဖိတ်ဆေးအရောင်သစ်တွေခြယ်၊ ဒေါင်းပျိုဒေါင်းသန်တွေကလည်း ဒေါင်းမာန်တကြွကြွနဲ့ ကျောင်းခြံဝမှာ စုကာရုံး၊ လိုတာကို ပိုစတာပေါ်ကြွေးဟစ်ကြတယ်။ ငြိမ်ချမ်းစွာဆန္ဒပြတယ်။ ငြိမ်းချမ်းစွာ ပြီးဆုံးသွားတယ်။

အချုပ်ကားကြီးတွေလည်း မတွေ့ခဲ့ရဘူး။ အဓိကရုဏ်းတပ်တွေလည်း မရှိဘူး။ မီးသတ်ပိုက်နဲ့လည်းမပက်ဘူး။ ၀ါးရင်းတုတ်နဲ့လည်းမရိုက်ဘူး။ လမ်းမပေါ်မှာ ဖိနပ်ကေလးတွေလည်း ပြန့်ကြဲမကျန်ခဲ့ဘူး။ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ ငြိမ်းချမ်းစွာပြီးဆုံးသွားတယ်။

လက်ညိုးငေါက်ငေါက်ထိုးပြီးလည်း ကြိမ်းမောင်းမသွားဘူး၊ ပါလာတဲ့လုံခြုံရေးအားကိုသုံးပြီး နောက်တလှမ်း မဆုတ်ခိုင်းခဲ့ဘူး။ စိတ်ဆိုးမာန်ဆိုးနဲ့ နောက်ပြန်လည်း လှည့်မသွားခဲ့ဘူး။ သူလမ်းသူမှန်မှန်လျှောက်ရင်း သူ့မျက်စေ့ရှေ့ထဲဝင်လာတဲ့ ပိုစတာစာသားတွေကို အသေအချာဖတ်သွားတယ်။ ငြိမ်းချမ်းစွာဆန္ဒပြတယ်။ ငြိမ်းချမ်းစွာပြီးဆုံးသွားတယ်။

ဗစ်တိုးရီးယားမှ တရားမျှတမှုလိုတာ မဟုတ်ဘူး။ ၂၀၀၈ စာအုပ်အစိမ်းကိုပဲ ပြင်ဖို့လိုတာ မဟုတ်ဘူး။ လျှပ်စစ်မီးတခုပဲ မလုံမလောက်ဖြစ်နေတာ မဟုတ်ဘူး။ ကိုးတန်းကျောင်းသားလေးကိုပဲ မတရားဖမ်းထားတာ မဟုတ်ဘူး။ ပညာရေးကျောင်းသူတွေပဲ မလုံမခြုံဖြစ်နေတာ မဟုတ်ဘူး။ မြေစာပုံပြိုတဲ့သူတွေပဲ မသေသင့်ပဲ သေနေကြရတာ မဟုတ်ဘူး။ ပြီးတော့ ဒီတိုင်းပြည်မှာ ရခိုင်လက်နက်ကိုင်တဖွဲ့ပဲ အကြမ်းဖက်နေတာ မဟုတ်ဘူး။ ပြီးတော့ ဒီတိုင်းပြည်ကြီးကို လှိုင်သာယာက လူအုပ်ကြီးပဲ ကျုးကျော်နေတာ မဟုတ်ဘူး။ ပြီးတော့ ဒီတိုင်ပြည်ထဲမှာ လွတ်ငြိမ်းခွင့်နဲရောလွတ်လာတဲ့ ထောင်ထွက်တွေချည်းပဲ ခိုးဆိုးလုယက်နေတာ မဟုတ်ဘူး။ ပြီးတော့ ဒီတိုင်းပြည်ကြီးအတွက် ကြွပ်ကြွပ်အိတ်တွေသာ အမှိုက်ဖြစ်နေတာမဟုတ်ဘူး။

ဆန္ဒတွေ အေးခဲသွားရင် မကောင်းဘူး။ မြုံသွားတဲ့ဆန္ဒတွေမှာ ဆူးတွေထွက်လာရင် မကောင်းဘူး။ ပိတ်ဆို့ခံလိုက်ရတဲ့ဆန္ဒတွေမှာ မီးလောင်နေတဲ့ စနက်တံတွေရှိတယ်။ ဆန္ဒတွေကို မြေမှာမြုပ်ထားပြီး မင်းလာရာလမ်းမှာ ထောင်ထားရင် ဘယ်လိုလုပ်မလဲ။ ဆန္ဒတွေဟာ ပန်းပင်တွေလို ပွင့်ဖူးနေရမယ်။ ဆန္ဒတွေဟာ အလှပြမီးပွင့်တွေလို ပြိုးပြိုးပြက်ပြက်လင်းနေရမယ်။ ဆန္ဒတွေဟာ ချစ်သူရဲ့လက်မောင်သားလို့ သန်မာနုညံ့နေရမယ်။ ဆန္ဒတွေဟာ လေအတိုက်မှာ ငိုက်သွားတဲ့ နှင်းဆီပင်လေးရဲ့ရင်သားလိုမြင်သူကို လှိုက်ဖိုမောစေရမယ်။ ဆန္ဒတွေဟာ သင်္ဘောဦးမှာ လွင့်နေတဲ့ ရေလှိုင်းမလေးရဲ့ ညဝတ်အင်္ကျီလို စိတ်လေပြီး ငိုက်မြည်းနေတဲ့ ငါးကြင်းခွက်ထဲက ဘီယာတွေကို ဖိတ်စင်စေရမယ်။ ဆန္ဒပြတာကောင်းတယ်။

ဆန္ဒမပြရတုန်းက ငါတို့ ဘာတွေဖြစ်ခဲ့ကြသလဲ။

- - - - - - - - - -- - - -  -
နှင်းခါးမိုး

Wednesday, July 21, 2021

ကုိဗစ္မွတ္စု ၅

၀၉၊ ဧပြီ၊ ၂၀၂၀


ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဇာတ်လမ်းတိုင်းမှာ ဇာတ်သိမ်းရှိပါသည်။
လက်ဖက်ရည်ဆိုင်မှာ အတူထိုင်ကာ သူ့စိတ်ကူးတွေ၊ သူ့အိပ်မက်တွေ၊ သူ့ရှေ့ဘဝခရီးလမ်းကြောင်းတွေ စိတ်အားထက်သန်စွာ ပြောဆိုသွားခဲ့သည်။ ခဏနေတော့ ပြန်အုန်းမယ်ဆိုကာ ထွက်သွားသည်။ မကြာပါ လမ်းပေါ်က အသံဆူဆူတွေကြောင့် ထွက်ကြည့်တော့ အခုလေးတင် ထသွားသည့်သူငယ်ချင်းကို ကားလမ်းပေါ်က သွေးအိုင်ထဲ လဲနေတာ တွေ့လိုက်ရသည်။ ဘာမှ မကြာလိုက်။
ခုနကပဲ ရှင်သန်နေသည့်လူတယောက်။ အခုတော့ ဘဝထဲက ထွက်ခွာသွားခဲ့ပြီ။ သူ့ဘဝသူ့စိတ်ကူးတွေ၊ သူအိပ်မက်တွေ အားလုံး ဒီနေရာမှာ သူနှင့်အတူ အဆုံးသတ်သွားခဲ့ပြီ။ ဘယ်လောက် လွယ်ကူလိုက်ပါသနည်း။ 
တချိန်က ဖတ်ခဲ့ဘူးသည် ဆရာချစ်ဦးညို၏ ဝတ္ထုတိုလေးတပုဒ်ပဲဖြစ်ပါသည်။ 

လွန်ခဲ့သည့် နှစ်ပတ်သုံးပတ်ကဆိုလျှင် မောင်တရွာမယ်တမြို့ဘဝမှာ ခဏပြန်ဆုံသည့်အခိုက် သူတို့ပျော်ရွှင်ကြည်နူးခဲ့ကြမည်မှာ သံသယရှိစရာမလို။ ဒီတုန်းက အခုလိုအဖြစ်ဆိုးကြီးတခုကို သူတို့တွေးမိကြမည် မဟုတ်။ နောက်ဆုံးအချိန်ဖြစ်သည့်တိုင် ကိုယ်လည်း သူ့အနားပြေးသွားခွင့် မရှိ။ ကိုယ့်အပြစ်တွေပါဟု မျက်ရည်တွေနှင့် သူ့ကိုတောင်းပန်ခွင့်လည်း မရလိုက်။ ထုံးစံအတိုင်း သူ့အပြုံးမိန့်မိန့်ကြီးဖြင့် ခေါင်းလေးယမ်းကာ ကိုယ့်ကိုပြန်နှစ်သိမ့်နေမှာသိသည့်တိုင် ဒီအခွင့်အရေးလေးကိုပင် မရနိုင်တော့။ ဘာမှ ပြန်မရနိုင်တော့။
တကယ်တော့ ဘယ်သူ့ကို အပြစ်တင်ရမည်နည်း။ အားလုံး ကိုယ့်ဘဝထဲ ကိုယ်ရုန်းကန်ကာ ုယ့်အလုပ် ကိုယ်လုပ်နေကြခြင်းပင်။ ခရီးသည်တွေကို ဧည့်ဝတ်ပြုသူကပြုသည်။ ဝန်ဆောင်မှုပေးသူကပေးသည်။ သူတို့ရဲ့ နေ့စဉ်ဘဝထဲ ဘာမှ အမှားအယွင်းမလုပ်မိခဲ့ကြ။ အခုတော့ ကံကြမ္မာစေရာအတိုင်း၊ ဘုရားသခင်အလိုတော်အတိုင်း။ ဒီနေ့ ဂလိုဘယ်လိုက်စေးရှင်းကမ္ဘ့ာရွာကြီးရဲ့ အပေးအယူအတိုင်း။

သဘာဝအလျောက်သေခြင်းဟူ၍ မရှိပါ။ လူသည် လောကကြီးထဲသို့ အကြောင်းကိစ္စဖြင့် ရောက်လာခြင်းဖြစ်ရာ လူတွင်ဖြစ်နေသောအရာတိုင်းသည် သဘာအလျောက် အလိုအလျောက် ဖြစ်လာကြသည် မဟုတ်ပါ။ လူအားလုံးသည် သေကြရမည်သာဖြစ်ပါသည်။ သို့ရာတွင် သေခြင်းသည် လူတိုင်းအတွက် မတော်တဆဖြစ်ရသည့် ကိစ္စတခုသာ ဖြစ်ပါသည်။ လူသည် သေရမည်ကို သိသည့်တိုင်၊ သေခြင်းကို လက်ခံထားရသည့်တိုင် သေခြင်းသည် ကျိုးကြောင်းမျှတခြင်းမရှိသော ဖောက်ဖျက်မှုကြီးတခုသာဖြစ်ပါသည်။
ဆရာမြသန်းတင့် ဘာသာပြန်ခဲ့သည့် ဆီမွန်ဒီဗူးဗွား၏ ရေပွက်ပမာထဲက နောက်ဆုံးစာပိုဒ်ပဲဖြစ်ပါသည်။ 

ကပ်ရောဂါကလာကြီးအတွင်းမှာတော့ ထိုဖောက်ဖျက်မှုကြီးသည် ငြိမ်သက်ခြောက်ကပ်နေသည့်မြို့တော်ကြီးအတွင်း ဟိုဒီလှည့်ပတ်သွားလာနေသော အရိပ်မည်းကြီးတခုပဲဖြစ်ပါသည်။ တံခါးတွေအားလုံးပိတ်ကာ ကြောက်ရွံ့မှုနောက်ကွယ်၌ ပုန်းကွယ်နေရုံဖြင့် မလုံခြုံနိုင်ပါ။ အသိအမြင်တံခါးတွေကို အကုန်ဖွင့်ကာ ထိုအရိပ်မဲကြီးကို မောင်းထုတ်ပစ်ရပါမည်။ 
ပိတ်ထားသောတံခါးကိုသာ ခေါက်လို့ရပါသည်။ ကျိုးကြောင်းမျှတမှုဆိုသည်မှာလည်း ကိုယ်ကိုယ်တိုင်ပဲဖြစ်ပါသည်။
ရန်ကုန်
၀၉၊ ဧပြီ၊ ၂၀၂၀

ကုိဗစ္မွတ္စု ၄

 ၆၊ ဧပြီ၊ ၂၀၂၀

မီးရထားကြီးတစင်း လမ်းခုလတ်မှာ ရပ်သွားသလိုပင်။ လူတွေမှာ ခံစားချက်တွေ ရှုတ်ထွေးနေကြပါသည်။ 
တခါက ဝတ္ထုတိုတပုဒ်ထဲတွင် ထိုကဲ့သို့ မီးရထားကြီးလမ်းခုလတ်မှာ ရပ်သွားစဉ် ခရီးသည်တဦးချင်း၏ အကြိုက်နှင့် စရိုက်ကလေးများကို ပုံဖော်ထားတာ သွားသတိရမိသည်။ ဆေးလိပ်မသောက်ရ မနေနိုင်သူတစ်ဦးမှာ နောက်ဆုံး ဘယ်လိုမှ မအောင့်အည်းနိုင်တော့ပဲ ကြမ်းပေါ်ကျနေသည့် ဆေးလိပ်တိုလေးကို ကောက်ကာ လူမသိအောင် ရှိုက်ဖွာပုံကို စိတ်ထဲစွဲကျန်နေခဲ့သည်။ 

လူတွေကိုယ်၌ကလည်း မီးရထားတစင်းလိုပဲဟု ပြောရမည်ထင်သည်။ ကိုယ့်နေ့စဉ်ဘဝထဲမှာကိုယ် ပုံမှန်ကျင်လည်လာကြသည်။ ကိုယ့်သံလမ်းပေါ် ကိုယ့်အမြန်ရှိန်ဖြင့်ကိုယ် ခုတ်မောင်းလာခဲ့ကြသည်။ ဒီလို ထိုးရပ်ကောင်း ရပ်နိုင်သည်ဟု သိထားသည့်တိုင် ဒီလို ထိုးရပ်သွားလိမ့်မည်ဟု မထင်ခဲ့ကြ။ 
ကိုယ့်ထိုင်ခုံပေါ်မှာကိုယ် ငြိမ်ငြိမ်ကလေးထိုင်ကာ ငိုက်သူကငိုက်နေသည်။ ပြတင်းကနေ အပြင်ကို ငေးသူက ငေးနေသည်။ ယေက်ယက်ခတ်ကာ လမ်းသလားသူက လမ်းသလားနေသည်။ အော်ကြီးဟစ်ကျယ်တွေ ထင်ရာမြင်ရာပြောသူတွေက ပြောနေသည်။ ရထားကြီးကို တယောက်တည်း ဆင်းဆွဲတော့မလို၊ တွန်းတော့မလို ဟန်ရေးပြင်သူက ပြင်ကြသည်။ ဒီအထဲမှာ လူအလစ်တွင် ဆေးလိပ်တိုကလေးကောက်ကာ ခိုးဖွာသူတွေလည်း တွေ့ရနိုင်သည်။ 
အခုလို ထိုးရပ်သွားသည့် တဒင်္ဂလေးကို ရင်ဆိုင်စောင့်ဆိုင်းရင်း လူတစ်ဦးချင်း၏ အတွင်းအပြင်ဥပဓိတွေကို တွေ့လာကြရသည်။ ဒါသည်ပင် ကိုယ်လိုရာသွားသည့်ခရီးတစ်ခုတွင် မတော်တဆမှုတခုကြောင့် ရလိုက်သည့် အပိုလက်ဆောင်ဟု ဆိုချင်ဆိုနိုင်ပါသည်။

တချိန်မှာ သည်ကပ်ရောဂါက တသတ်လုံးစွဲနေမည့် ဒဏ်ရာတစ်ခုလည်း ဖြစ်ချင်ဖြစ်မည်။ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူးသည့် အချိုးအကွေ့တစ်ခုလည်း ဖြစ်ချင်ဖြစ်မည်။ နောက်တခါ ပြန်သင်ကြားခွင့်မရနိုင်သည့် တန်ဘိုးမဖြတ်နိုင်သော ဘဝသင်ခန်းစာတစ်ခုလည်း ဖြစ်ကောင်းဖြစ်ပါမည်။ သို့သော် ယခုတဒင်္ဂမှာတော့ ကွင်းလယ်ခေါင် စက်ပျက်ပြီး ဒုံးဒုံးချရပ်ထားသည့် မီးရထားတစင်းပေါ်မှာလို စိတ်တွေကို ရှုတ်ထွေးနေစေအုန်းမည်မှာ မလွဲ။ ဆေးလိပ်သမားကတော့ ဆေးလိပ်တိုတခုပဲ သူ့ခေါင်းထဲ ရှိနေမှာတော့ သေချာလှပါသည်။ 

တွဲပေါ်တက်လာသည့်လူတိုင်းကို လက်မှတ်စစ်ထင်ပြီး ကိုယ့်အိတ်ကပ်ထဲကလက်မှတ်ကို ထုတ်ထုတ်ပြီးထောင်ပြနေသူတစ်ဦးလည်း ထိုရထားတွဲထဲတွင်ရှိနေမှာကတော့ နောက်ထပ်သေချာမှုတခုပဲဖြစ်ပါသည်။

ကုိဗစ္မွတ္စု ၃

 ၅ ဧပြီ၊ ၂၀၂၀ 

ဒီလိုနဲ့ကုန်ဆုံးသွားတဲ့ တနင်္ဂနွေတနေ့
ယနေ့ ပိုးတွေ့သူမရှိသောအခါ ကိုဗစ်လူနာစာရင်းသည် ၂၁ တွင် ရပ်တန့်နေလေသည်။ နောက်တစ်နေ့တွင် ဘယ်နှစ်ဦးထပ်တွေ့မလဲ ည ၈ နာရီသတင်းမှာ ရင်ဖိုစွာ စောင့်မျှော်နေကြပါအုန်းမည်။ မတွေ့သောအခါ ပင့်သက်ချ၍ စာရင်းတိုးလာသောအခါ သက်ပြင်းကြီးချကြရင်း နေ့များကို တနေ့ချင်းကျော်ဖြတ်နေကြရပါသည်။
ရပ်ကွက်ထဲမှာတော့ ယခင်ထက်စာလျှင် လူသူရှင်းလင်းနေပါသည်။ တိုက်ခန်းများထဲမှ လျှံထွက်လာသောအသံများပင် ယခင်ကလို မကျယ်လောင်တော့ဟု ထင်ရသည်။ အော်ကြီးဟစ်ကျယ်ပြောသံများ၊ ရယ်သံများ၊ ရန်ဖြစ်သံများ ရှားပါးခြောက်ကပ်လာပါသည်။ သို့သော် ရပ်ကွက်ထဲ အရေးပေါ်ဆေးရုံကားကြီးထိုးဆိုက်လာ၊ ဟိုအိမ်က တယောက်ပါသွားပြန်ပြီ၊ ဒီအိမ်ကတယောက်တော့ ထိသွားပြန်ပြီ ဆိုသည့် အဖြစ်များတော့ ယခုအထိ ကိုယ့်ပတ်ဝန်းကျင်မှာ မတွေ့ရသေး။
သို့တိုင် လူမှုမီဒီယာနှင့် ကမ္ဘာ့မီဒီယာထဲတွေထဲမှာတော့ ကိုဗစ်သည် ကမ္ဘာကြီးကို သူလက်ထဲဆုပ်ကိုင်ကာ လှုပ်ယမ်းကစားနေပါသည်။ တနေ့ချင်း၊ တနိုင်ငံချင်း ဇယားကွက်ထဲက ကိန်းကဏန်းတွေက လူတွေအားလုံးကို ခြောက်လှန့်နေလေသည်။ ဒီကိန်းကဏန်းတွေကပဲ လူတွေကို လုံခြုံမှုကင်းမဲ့စွာ ခြောက်ခြားစေပါသည်။ ကမ္ဘာကပ်ရောဂါဟု ကင်ပွန်းတပ်ပြီးကတည်းက ဒီကိန်းကဏန်းတွေက လူတို့၏ နေ့စဉ်ဘဝကို စိုးမိုးပစ်လိုက်ပါတော့သည်။ တကမ္ဘာလုံးကလူများမှာ တနေ့တနေ့ ထိုကိန်းကဏန်းများကိုပဲ ထိုင်စောင့်ကြည့်ရင်း စိတ္တဇနာ ပိုမိုရင့်သည်းလာခဲ့သည်ဟု ဆိုလျှင် မမှားပါ။ 
ရုတ်တရက်ကိုယ်ဟန်ပျက်လျှင်ပင် နီးရာတံခါးဘောင်တခုကို လှမ်းဆွဲဖို့ လက်ရွံ့နေမိလောက်အောင် မိမိပတ်ဝန်းကျင်တခုလုံးကို အယုံအကြည်ကင်းမဲ့လာခြင်းလောက် အထီးကျန်ခြောက်ခြားစရာကောင်းတာ ဘာမှမရှိတော့ပါ။ စစ်ပွဲတခုလို အနိဌာရုံတွေက ကိုယ့်မျက်စိရှေ့မှောက်မှာ ဖြစ်နေတာတော့ မဟုတ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အရာအားလုံး ပုံမှန်ဖြစ်နေသည့်တိုင် ထိုအရာများကို ကိုယ်က အရင်လို မမြင်နိုင်တော့ခြင်းပဲဖြစ်ပါသည်။ အတော်နုညံ့သလောက် အတော်ကြောက်စရာကောင်းပါသည်။
တချို့နေရာဒေသများမှ ကိန်းကဏန်းများမှာ သွေးပျက်ဖွယ်ဖြစ်နေသည့်တိုင် ကိုယ့်တိုင်းပြည်ကိန်းကဏန်းများက ခဏတာ ပင့်သက်ချခွင့်တော့ ရနေပြန်သည်။ ထိုပင့်သက်ချခွင့်လေးကိုပင် တချို့က ပြက်ရယ်ပြုကြသေးတာ တွေ့ရသည်။ သူတို့ဘာကို မျှော်လင့်နေကြသလဲဟု ဆက်မတွေးချင်ပါ။ 
သတင်းတခုတွင် နိုင်ငံခြားက မှာယူထားသည့် ရောဂါစစ်ဆေးသည့်စက်ကြီး လမ်းခုလတ်ရောက်နေပြီဟု သိရသည်။ ယခုရှိသည့်ဓာတ်ခွဲခန်းက တနေ့ လူ ၁၀၀ လောက်ပဲစစ်နိုင်သော်လည်း ထိုစက်ကြီးကတော့ ၂၄ နာရီအတွင်း လူထောင်ချီစစ်ပေးနိုင်သည်ဟု ဆိုသည်။ များများစစ်လျှင်တော့ များများပေါ်နိုင်ခြေရှိသည်မှာမဆန်း။ ထိုအခါ ညတိုင်းစောင့်ကြည့်နေသည့်သတင်းမှာ ကိန်းကဏန်းတွေက တဖြတ်ဖြတ်နှင့် တက်ကောင်းတက်လာနိုင်သည်။ ထိုအခါ ဘာတွေ ဝရုန်းသုန်းကား ဖြစ်ကြအုန်းမည်မသိ။
ကိုယ့်ရပ်ကွက်လမ်းကလေးထဲ အရေးပေါ်ကားကြီးမောင်းဝင်လာကာ ကိုယ့်အောက်ထပ်က လူနာတစ်ဦးကို ဆွဲမထုတ်သွားခင်အထိတော့ ကိန်းကဏန်းတွေကို မေ့ထားပစ်လိုက်ချင်သည်။ သို့တိုင် နေ့စဉ်ဘဝများကို အချက်အလက်ကိန်းကဏန်းများအောက်တွင် ပုံသွင်းပစ်ချင်သည့် အန္တရယ်ကြီးတခု၏ အနံ့အသက်က လေထုကြီးတခုလုံးကို ဖုံးလွှမ်းထားပါသည်။ ကရိုနာဗိုင်းရပ်စ်သည် လူလုပ်သည့်ဗိုင်းရပ်စ်ဟုတ်မဟုတ် မသေချာသော်လည်း အတော်လူဆန်ပါသည်။ အဘယ်ကြောင့်ဆိုသော် အရာအားလုံးကို ခြယ်လှယ်ရန်ကြိုးစားရာ၌ အတော်စနစ်တကျရှိလွန်း၍ဖြစ်ပါသည်။

ကုိဗစ္မွတ္စု ၂

 ဧပြီ ၂၀၊ စနေညနေ

ကရိုနာသည် ဗိုင်းရပ်စ်မျှသာဖြစ်သည်။ သည့်ထက် ဘာမှ မပိုပါ။ 
ချောင်းဆိုးမည်။ ဖျားနာမည်။ ကိုယ်တွင်းခုခံနိုင်အား နည်းလျှင် အသက်ကို အန္တရယ်ပြုမည်။ သည့်ထက် ဘာမှ မပိုပါ။ 
အီဂျစ်က ပီရမစ်ကြီးတွေကို ဖုန်မှုန့်တွေဖြစ်သွားအောင် မချေမွနိုင်ပါ။ ပါရီက အီဖယ်မျှော်စင်ကြီးကို လဲကျသွားအောင်မပြောနှင့် ၁၅ ဒီဂရီလောက် တိမ်းစောင်းသွားအောင်လည်း မလုပ်နိုင်ပါ။ နယူးယောက်ကလစ်ဘာတီရုပ်တုကြီးကို ကိုယ်တုံးလုံးဖြစ်သွားအောင်လည်း ချွတ်ချနိုင်မည်မဟုတ်ပါ။ ကရိုနာသည် ဗိုင်းရပ်စ်မျှသာဖြစ်ပါသည်။
သို့သော် ကိုဗစ် ၁၉ သည် ကပ်ရောဂါတစ်ခုထက် ပိုလာသည်ဟု လူတိုင်းခံစားလာရပါသည်။ လူတို့သည် ကိုယ်သေမှာထက် ကမ႓ာကြီးပျက်စီးလေတော့မလားဆိုသည့် စိုးရိမ်ထိတ်လန့်မှုက ပိုဖိစီးလာကြပါသည်။ တစ်ဦးနှင့်တစ်ဦး ကွေကွင်းနေရခြင်းဒုက္ခကို တစိမ့်စိမ့်တွေးရင် ဒေါသတွေ ထွက်လာကြပါသည်။ 
ညနေက လမ်းထွက်လျှောက်ရင်း ဘုရားရှေ့ကို ရောက်တော့ ဘုရားဝင်းသံတံခါးကြီးကို သော့ခတ်ထားတာ တွေ့လိုက်ရသည်။ ဝင်းအပြင်စောင်းတန်းဘက်က ပန်းဆိုင်တစ်ဆိုင်မှာ ပစ္စည်းတွေသိမ်းရင်း ဖြစ်ပြီးမသေလည်း ငတ်ပြီးသေကြရုံပေါ့ဟု ဆိုင်အလုပ်သမားလေးတစ်ဦး မကျေမချမ်းပြောနေသံကို ကြားလိုက်မိသည်။ အပြန်မှာလည်း ကိုယ်ငှားစီးသည့် တက္ကဆီဒရိုင်ဘာကို အခြားသူ့သူငယ်ချင်းဒရိုင်ဘာတွေက နောက်ရင်းပြောင်ရင်း ဘာမှမပူနဲ့၊ နောက် ၅ ရက်ဆို ဒီကောင်ခွေးဖြစ်တော့မယ်ဟု ပြောလိုက်သံကို ကြားရပြန်သည်။ 
သူတို့သည် ကရိုနာကို မကြောက်ပါ။ သူတို့ဘဝတွေ ဘာတွေဆက်ဖြစ်ကြမလဲကိုသာ ကြောက်ရွံ့ထိတ်လန့်နေကြပါသည်။ ကပ်ရောဂါကြောင့် ကမ႓ာပျက်မလား မပျက်ဘူးလား သူတို့ မတွေးအားကြပါ။ မနက်ဖြန်ထမင်းတနပ် ငတ်မလား မငတ်ဘူးလားမေးခွန်းထဲမှာ သူတို့တွေ ပိုပူပြင်းနေကြသည်ဟု ထင်မိသည်။
နယ်မြို့လေးတမြို့က စျေးတန်းလေးမှာ စျေးဝယ်တဦးနှင့်တဦး ၃ ပေခွာဖို့ စည်းလေးတွေ ဝိုင်းထားတာကို တွေ့လိုက်ရသည်။ ချောင်ကျကျ ဒေသတခု၏ ကျန်းမာရေးအသိကို ပီတိဖြစ်ရပါသည်။ လမ်းမီးမှောင်ရိပ်မကျတကျမှာ မြို့လည်ဘက်က ပြန်ဝင်လာသည့် ဘက်စ်ကားတစီးပေါ်လှမ်းကြည့်လိုက်တော့ အလုပ်ပြန်လာသည့်လူတွေ ကားထဲမှာ ရင်ချင်းအပ်လိုက်ပါလာတာ မြင်လိုက်ရတော့ လမ်းပေါ်က ကိုယ်ပါ အသက်ရှုကြပ်လာရသည်။ 
ကရိုနာသည် ဗိုင်းရပ်စ်မျှသာဖြစ်သည်။ လူတို့၏ ရှင်သန်ရပ်တည်ရေး ဘဝတိုက်ပွဲ မည်မျှ ရက်စက်ပြင်းထန်ကြောင်းကို မကြာခင် သူကောင်းကောင်းသိသွားပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လူသည် ဗိုင်းရပ်စ်ထက် အသက်ပိုပြင်းသော သတ္တဝါတမျိုးဖြစ်သောကြောင့်ပင်။

ကုိဗစ္မွတ္စု ၁

 ၃ဧပြီ၊ ၂၀၂၀

ကိုဗစ်သည် တချိန်တွင် ကျနော်တို့ လူသားများရှေ့မှောက်၌ ဒူးထောက်အရှုံးပေးရမည်သာဖြစ်သည်။
ယခုအခါ၌မူ လူတို့၏အဆုပ်သည် သူ၏သည်းခြေကြိုက်သားကောင်ဖြစ်နေတော့သည်။ သူသည် အဆုပ်ပေါင်းများစွာကို ပွဲတော်တည်ပြီးသည့်တိုင် အာသာပြေနိုင်ဟန်မတူသေး။ နယူးယောက်ကအဆုပ်၊ မီလန်ကအဆုပ်၊ ဘာဆီလိုနာကအဆုပ်၊ ဖရန့်ဖွတ်နှင့် လန်ဒန်မြို့တော်ကြီးကအဆုပ်။ ဒါတင်မက အာရှ၊ အာဖရိက၊ လက်တင်အမေရိကနေ ဆင်းရဲနိမ့်ကျသော ပြည်သူတို့၏အဆုပ်များဆီကိုပါ သူပါးစပ်ကြီးကိုအစွမ်းကုန်ဖြဲကာ သူ့လျှာကြိုးခွေကို လက်ကန်ုပစ်လွှတ်နေလေသည်။
သူသည် အဆုပ်ကိုကြိုက်၏။ သို့သော် သူတကယ်ကိုက်ခဲပစ်ခဲ့သည်မှာမူ ကျနော်တို့၏ စိတ်ကိုပဲဖြစ်သည်။ ထို့ကြောင့်ပင် ကိုဗစ်သည် ထိုစစ်မျက်နှာတွင် အောင်ပွဲရရန် အလှမ်းဝေးသွားခြင်းဖြစ်သည်။ လူတို့သည် ကမ႓ာကြီးကို စိတ်ဖြင့်တည်ဆောက်လာခဲ့သူများဖြစ်ရာ သူတို့စိတ်ကို ကိုက်ခဲလာသည့်ရန်သူကို အလွတ်မပေးပဲ အဆုံးတနေ့ အနိုင်တိုက်မည်မှာ ယုံမှားသံသယရှိစရာမလိုပေ။ ကိုဗစ်သည် အဆုပ်ကိုကျော်၍ စိတ်ကိုကိုက်ခဲမိသည့်အတွက် ယခုအခါ ပြန်ပေးဆပ်ရပေတော့မည်။ 
အဘယ်ကြောင့်ဆိုသော် လူသည် အဆုပ်ဖြင့် အသက်ရှုသော်လည်း နှလုံးသားဖြင့်ရှင်သန်ကြသောကြောင့်ဖြစ်ပါသည်။

Sunday, January 24, 2021

ကိုလံဘုိ ရန္ကုန္

မြို့ကြီးက ညှော်နံ့ထွက်နေပြီ နဖူးပေါ်ကချွေးဟာ နဖူးပေါ်မှာပဲ ခြောက်သွားတယ်။
ရေဆူမှတ် မရောက်ခင် ငါတို့သွေးတွေ ဆူပွက်တော့မယ် မြစ်ဆုံကြီး ခေါင်းပေါ်ကလောင်းချလိုက်ရ ကောင်းမလား
ယပ်ခပ်ပြီးနေရတဲ့လူတွေအဖို့တော့ မီးပျက်ရင် လမ်းပေါ်ထွက်လျှောက်နေလိုက်တာပဲ
ပြန်လည်ထမြောက်ဖို့ ဆုတောင်းပါမှ ကောင်းကင်ဘုံချက်ချင်းရောက်ကြရတယ်လို့ ညတွင်းကြီး ပေါက်ကျလာတဲ့နွံမှာ ဒီတခေတ်လုံးနစ်ခဲ့ပြီ။ - - - - - - - - - နှင်းခါးမိုး ၂၆၊ ဧပြီ၊ ၂၀၁၉

Saturday, January 16, 2021

မြို့အဝင်

ကုက္ကိုပင်အကွယ်မှာ မင်းငိုကျန်နေခဲ့မလား လူကရန်ကုန်ပြန်တဲ့ကားပေါ်မှာ စိတ်ကမင်းဆံနွယ်ဖျားလေးမှာ။
ရေက ဘောင်ပေါ်ကျော်ကျနေတဲ့ စမ်းရေတွင်းလေးဘေးမှာ နေရောင်က ကမ္ဘာအသစ်လေးပေါ်ဖြာကျလို့ မင်းခြေဖဝါးနုနုမှာ သဲဆပ်ပြာအမြုပ်ကလေးတွေက ခပ်ဖွဖွရယ်နေကြရဲ့။
ညနေခင်းဆို ဘုရားကြီးယင်ပြင်ပေါ်မှာ လူတွေကမင်းကို သိုက်စောင့်မင်းသမီးလေးလို ငေးကြည့်ကြ အဲဒီတုန်းက ငါကောက်ပေးတဲ့ခရေပန်းလေးတွေက မင်းအတွက် ကမ္ဘာပေါ်မှာ အမွှေးပျံ့ဆုံးဖြစ်ခဲ့။
တို့စွန်းစားခန်းဟာ အောင်မြင်ခဲ့ပါတယ် မင်းစောင့်နေတဲ့ဘူတာရုံကလေးဆီ နေ့ရက်အသစ်တွေငါယူဆောင်လာတယ် ဘုရားပွဲစျေးတန်းထဲမှာ လူမပါပဲလည်နေတဲ့ ချားရဟတ်လေးကို ငါတို့ကျောခိုင်းထားခဲ့ကြ။
သဲတွေမှာ အလွမ်းဇာတ်မရှိဘူး ကြီးကျယ်ခမ်းနားလှတဲ့ အတိတ်သမိုင်းတွေကိုတောင် ရေခဲမုန့်ပေါ်ကဝေဖာချပ်လို တမြုံ့မြုံ့ဝါးခဲ့ကြတာပဲ မြေပဲခင်းတွေဆီအသွား သဲလမ်းလေးပေါ်မှာ ငါတို့စက်ဘီးကလေး ပစ်လဲသွားတယ် မင်းမျက်နှာလေးငိုမဲ့မဲ့ဖြစ်သွားတော့ ငါ့မှာ ကိုယ့်နားထင်ကိုကိုယ်ပဲ သေနတ်နဲ့တေ့ပစ်ရမလိုလို။
ဟိုးဝေးဝေးတောင်တန်းတွေပေါ်က ရွှေရောင်ပျပျနဲ့စေတီကလေးဆီမှာ ငါတို့တောင်းခဲ့တဲ့ဆုတွေ ဘာတွေပြည့်ဖို့ကျန်သေးလဲ ပြန်လာနော်လို့ မင်းဆံညှပ်ကလေးနဲ့ ရေးခဲ့တဲ့စာ ကုက္ကိုလ်ပင်ကြီးနဲ့အတူ အခုတ်ခံလိုက်ရပြီ ခြောက်သွားတဲ့စမ်းတွင်းကလေးထဲမှာ သဲတွေကပြိုလို့။
လူကဒီဘဝမှာ စိတ်က အဖန်ငါးရာငါးကမ္ဘာ။ ။ - - - - - - - - နှင်းခါးမိုး ၂၂ ဧပြီ ၂၀၁၉