Tuesday, December 30, 2025

အအိပ်ခက်တဲ့အတွေး


အခုအချိန်မှာတော့
အသက်ရှုသံတွေဟာ
မော်တော်ကားသံတွေထက် ပိုကျယ်တယ်
ပြီးသွားတဲ့နေ့တစ်နေ့နဲ့
စတင်တဲ့နေ့တစ်နေ့ရဲ့ကြားက
ခရီးလမ်းမပေါ်မှာ
ရုပ်ခန္ဓာတွေကို မောင်းနှင်သယ်ဆောင်နေကြရဲ့။

အဲဒီအသက်ရှုသံတွေနောက်မှာ
တိတ်ဆိတ်မှုကြီးတစ်ခုရှိနေတယ်။
အရာအားလုံးကို သူ့ဝမ်းဗိုက်ထဲ
လောဘတကြီးမျိုချထားလို့ပေါ့။
နောက်ဆုံးမှာ သူ့အသက်ရှုသံတွေကိုတောင်
သူက မျိုချပစ်လိုက်တယ်
ငါ့နားရွက်တွေကိုလည်း မျိုချပစ်လိုက်တယ်။

မျက်လုံးကို ဖွင့်လိုက်ပေမယ့်
ဘာမှ ပြေးဝင်မလာဘူး။
မျက်ခွံရဲ့အတွင်းနံရံကိုပဲ
ပိုမိုကျယ်ပြန့်စွာ မြင်နေရ၊
ဘာမှမရှိတော့ဘူးလား
ခြင်ထောင် အမိုး
အိမ်နံရံ ဗီရိုနဲ့
ကြိုးတန်းပေါ်က အဝတ်အစားများ
အနည်းဆုံး ကိုယ့်လက်ဖဝါးတွေပဲ ဖြစ်ဖြစ်ပေါ့
ဒီလိုအဆုံးမရှိတဲ့ဟင်းလင်းပြင်ကြီးထဲမှာ
ငါ အသက်မရှင်နိုင်ပါဘူး
စိတ်ဟာ ပစ္စည်းတစ်ခုလို လွတ်ကျ
ကြောက်အား လန့်အား လှမ်းအဆွဲမှာ
စောင်တစ်ထည်ရဲ့အေးစက်တဲ့အနားစွန်းကို
လက်ထဲမိတယ်။

ရှိတယ်
အရာရာဟာ သူ့နေရာမှာသူ
အရင်အတိုင်းရှိနေတယ်။
မျက်လုံးထဲ သူတို့ရောက်မလာနိုင်တာက
သူတို့ကို သယ်ဆောင်လာမယ့်
အလင်းရောင်မရှိလို့ပဲ။
အလင်းရောင်မရှိသရွေ့
မျက်လုံးတွေ ရှိနေတာကိုပါ
ဆုံးရှုံးနေရမှာ သေချာတယ်။

ခွေးတစ်ကောင် ထဟောင်တယ်
စူးစူးဝါးဝါးကလေးငိုသံတစ်သံက
ဟိုးအဝေးက ရောက်လာတယ်.။
တိတ်ဆိတ်မှုဟာ
ထိုးဖောက်ခံရ ဘောလုံးတစ်လုံးလို
ပေါက်ကွဲသွားတော့တယ်။
တိတ်ဆိတ်မှုရဲ့အန်ဖက်ထဲမှာ
ငါ့ နားရွက်တွေ ပြန်မြင်ရတယ်။
ပြီးတော့
စက်ရုံတစ်ရုံလို အလုပ်လုပ်နေတဲ့
လူတွေရဲ့အဆုပ်ရယ်
မကောင်းမှုတစ်ခုကို ကျူးလွန်နေရာက
ခွေးဟေင်သံကြောင့် တွန်းဆုတ်သွားတဲ့
လူတစ်ယောက်ရဲ့လက်ရယ်
ကလေးအမေတစ်ယောက်ရဲ့
အိပ်ရေးပျက်ပေမယ့် လှပနေတဲ့
မျက်နာလေးရယ်
ဘယ်လောက်အံ့သြဖို့ကောင်းလိုက်သလဲ
ငါ မြင်ရတယ်။

ရှိတယ်
အရာရာဟာ သူ့နေရာမှာသူ
အရင်အတိုင်းရှိနေတယ်။
အလင်းရောင်မရှိပေမယ့်
အသံတွေသာရှိနေရင်
အဲဒီအရာတွေကို
နားနဲ့ ကြည့်လို့ ရနိုင်တယ်။

ရေခဲသေတ္တာထဲ အထည့်ခံရတဲ့ရေတွေလို
တဖြည်းဖြည်း အေးခဲသွားတဲ့အခါ
ပြီးသွားတဲ့နေ့တစ်နေ့နဲ့
စတင်တဲ့နေ့တစ်နေ့ကြားက
ခရီးလမ်းမပေါ်မှာ
အသက်ရှုသံတွေဟာ
မော်တော်ကားသံတွေထက် ပိုကျယ်တယ်။

လူသားတွေဟာ
သူတို့ရဲ့ဘဝတစ်ဝက်ကို
ဆုလာဘ်အဖြစ်ရရှိခဲ့ကြပြီး
ကျန်တစ်ဝက်ကိုတော့
အပြစ်ဒဏ်အဖြစ် ရရှိခဲ့ကြရင်
မျက်ခွံရဲ့အတွင်းဘက်နံရံမှာ
ကမ္ဘာကြီးကို နားနဲ့ မြင်ခဲ့ရတဲ့
အခုလိုညမျိုးဟာ
ဆုလာဘ်နဲ့ အပြစ်ဒဏ်ကို
ဆက်သွယ်ထားတဲ့ မျဉ်းဖြောင့်တစ်ကြောင်းပေါ်က
ပြေးလမ်းတစ်လမ်းသာ ဖြစ်တယ်။

နှင်းခါးမိုး
(၁၉၉၅၊ ကမ်းရှာငှက်ကဗျာစာအုပ်မှ)
**********************************************

Saturday, December 20, 2025

"သက္ကရာဇ်ကျောက်စာ"




'ပါတော်မူ'
အရှင်နှစ်ပါး၊ ဖုရားကျမတို့ကို ထားခဲ့ပြီလားဖုရာ့
ဂေါဝိန်ကိုဆည်းဆာအကျမှာ လိမ့်ဆင်းလာတဲ့ဗီရိုလှည်းကလေးအရိပ်
အဲလို ကြည့်ဖူးတဲ့ဇာတ်ထဲကစကားတွေနဲ့လည်း မလွမ်းချင်တော့ပါဘူး
အချုပ်တန်းဆရာရဲ့ သုံးသုန်းပြန်လစ် သုညခေတ်ကိုတော့
သေသော်မှတည့် သြော်ကောင်း၏လို့ ပြည့်ပြည့်၀၀ကြီး
ကိုယ်ချင်းစာနိုင်ခဲ့ကြ၊ တောက်ခေါက်နိုင်ခဲ့ကြ။
ကိုလိုနီမီးသင်္ဘောပေါ်မှာ ရွှေတိဂုံကိုလည်ပြန်ဖူး လိုက်ပါသွားရင်း
(ဘာဆုတွေ သူတောင်းခဲ့လေမလဲ) ၁၉ ရာစုသမိုင်းလွမ်းချင်းရဲ့
ပတ္တမြားကျောက်စီ ရေမြေ့အရှင်စံနစ်ကြီးလေ
ရတနာဂီရိအကျဉ်းသားဘဝနဲ့ နိဂုံးချုပ်ခဲ့ပေါ့၊ သည့်တိုင်
ငါတို့ ၂၁ ရာစု ကျေးတော်မျိုး ကျွန်တော်မျိုးတွေကတော့
နန်းဝတ်နန်းစားအပြည့်နဲ့ ဆလိုက်မီးရောင်ဇာတ်စင်မြင့်ထက်က
ဟဲ့ မောင်မင်းများဆို အခုအချိန်ထိ ဘုရားလို့ ယောင်ပြီးထူးမိနေကြတုန်းပဲ။

'ဆရာစံ'
သေနတ်နဲ့ပစ်ရင် ဓါးနဲ့ခုတ်မယ်၊ အမြောက်နဲ့ပစ်ရင် ဓါးနဲ့ခုတ်မယ်
အရင်းကျမ်းကိုမသိဘူး လီနင်ကိုမသိဘူး
ကျောနဲ့ရင်ကို ဆေးရုပ်ထိုးပြီး
ငတ်ပြီးသေမယ့်အတူတူ တိုက်ပြီးသေခဲ့ကြတယ်
ကြိုးစင်ဆိုတာ ဖိနှိပ်သူတို့ဘုရားကျောင်း
ကြိုးစင်ဆိုတာ ပုန်ကန်သူတို့ခေါင်းလောင်းထိုးတဲ့စင်
ဗမာမှန်ရင် ဆရာစံကိုချစ်ကြတယ်
သူထားခဲ့တဲ့ခေါင်းပေါင်းစလေးဟာ
အောက်ဆုံးကျောမွဲတို့ရဲ့ လွတ်မြောက်ရေးအလံတလက်။

'၁၉ ဇူလိုင်'
၁၉၄၇ ရန်ကုန်မြို့ အတွင်းဝန်ရုံး မနက် ၉ နာရီ မိုးကလေးတဖွဲဖွဲ
ဒီနေ့အထိ အဲဒီမိုးကမတိတ်တော့ဘူး
ခါရာသီရွေ့ပေမဲ့
လူသတ်တဲ့နိုင်ငံရေး လေသင့်ရင် သွေးနံ့က တချက်တချက်ပါလာတုန်း
မဆေးရသေးတဲ့လက်ကသွေးဟာ မခြောက်သေးသလို၊
ဥသြသံမှာ ခြေစုံရပ်ဦးညွှတ်ရင်း
နောက်ထပ် ဒီလိုမိုးတွေ မရွာစေချင်တော့ပါ။

'ဆဲဗင်းဇူလိုင်'
တခါက ဘန်ကောက်ပုဆိုးနဲ့ ဂိုယာရေမွှေးနံတွေကြားမှာ
ဖျင်ကြမ်းတိုက်ပုံနဲ့ ခုံဖိနပ်တွေကြောင့် ကျော်ကြားခဲ့ရာ
ငရဲခွေးကြီးလွတ်နေပေမဲ့ သွေးတို့ဖြင့်ချင်းချင်းနီ၏ ဦးကားမညွှတ်ခဲ့ရာ
တိုင်းပြည်ကြီးချောက်ထဲကျရန် လက်တလုံးသာလိုတော့လို့
အိုကေရှင်းတမ်းမှာတော့ စကွိုင်းလက်ဂန်း (တင့်ကားပစ်အမြောက်) နဲ့ပစ်လိုက်တာပါတဲ့။
နံရံပေါ်သွေးနဲ့ရေးခဲ့ မမေ့ကြပါနဲ့
မြေအုတ်တို့ပြိုလေရာ ခုထိကျောက်အုတ်တို့ကိုစောင့်မျှော်ဆဲ။

'ဇွန် ၁၄ နဲ့ ၇၀ ခုနှစ်များ'
အုတ်ကျင်းဂုန်ရှော်၊ သမိုင်းချည်မျှင်၊ ဆင်မလိုက်သဘောၤကျင်း
ကျည်ဆန်မတောင်း ဆန်တောင်းတာပါ။ ပင်လယ်ဝမှာ သွားသွန်ပစ်တယ်တဲ့ (အရပ်ထဲကတီးတိုးသတင်းစာ) အဲဒီတုန်းက လုပ်သားပြည်သူတွေပေါ့လေ၊
ရာဇဝင်တွေရိုင်းခဲ့ရပြီအဘိုးရေ့
အမျိုးသားစာဆိုကြီးလေ အနှစ်တရာလည်းမနေခဲ့ရ
အနှစ်တရာရာဇဝင်လည်းရိုင်းခဲ့ရ
(မီးရှို့ခံခဲ့ရတဲ့ရုပ်ရှင်ရုံတွေကတော့ ဟိုတယ်တွေဖြစ်ကုန်ပြီ)၊
ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာကြီးပေါ့
မြန်မာပြည်ရောက်တော့ ဆူပူလှုံ့ဆော်ရေးသမား
သေတဲ့သူမြေပုံကိုခြေထောက်နဲ့ကန်လို့
မြေထိုးစက်ရှေ့ရင်ဘတ်တွေထိုးကာခဲ့ကြ
အလောင်း ၁၄ လောင်းကာထားတဲ့ ပင်နံယံသွားထဲမှာ
စပါးနှံဟာ ကားစင်တင်ခံခဲ့ရပါတယ်။

'မတ်လရဲဘော်'
မနက်က အမေ့ချွေးခံအိတ်ထဲက အမေ့ဈေးဖိုး သားမုန့်ဖိုး ၇၅ ကျပ်တန်လေးဟာ
ညနေလည်းရောက်ရော စက္ကူနွမ်းလေးတရွက်ဖြစ်သွားတယ်။
လမ်းဘေးဈေးသည်လေးဟာ မနက်ဖြန်အတွက် အရင်းလက်မဲ့သွားတယ်။
စာမေးပွဲဖြေမယ့်ကျောင်းသားလေးဟာ ဘက်စကားခမရှိဖြစ်သွားတယ်။
အစိုးရဟာ သူခိုးဓါးပြပါလားလို့ အရက်သမားအိုကြီးက ညည်းတွားနေတယ်။
ဖုန်းမော်ဟာ ချွန်ထက်တဲ့ဆူးတချောင်းကြောင့်သေရတယ်
မြို့လည်ကမီးပွိုင့်တွေဟာ အမိန့်ပေးတယ်၊ ဖိနှိပ်သူကိုကိုယ်စားပြုတယ်
ဒါကြောင့် လူထုက ရိုက်ချိုးဖျက်ဆီးပစ်လိုက်ကြတယ်။

'ရှစ်လေးလုံး'
လုံထိန်းကားကိုခဲနဲ့ထုတယ်
ခွပ်ဒေါင်းတွေကျောင်းထဲကထွက်လာတယ်
ဖြူသလားနီသလား ဤတံတား အများဆုံးဖြတ်ပါ
မေနီကုန်းမှာ မီးခိုးလုံးကြီးတက်လာတယ်
အချုပ်ကားထဲမှာအစုလိုက်အပြုံလိုက်သေကြရတယ်
ထောင်အုတ်ရိုးနောက်က ကျောင်းသူလေးများရဲ့မျက်ရည်စများ
ခရစ္စတိုဖာဂါးနက်၊ ဘီဘီစီနေမင်း၊ အရေးပေါ်ပါတီညီလာခံ
စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး
စိန်လွင်ခြောက်တန်း တစောက်ကန်း
သားသတ်သမားရဲ့လက်ထဲမှာ သေနတ်ဟာ ကျည်ထိုးထားပြီးသား
ဒီလိုနဲ့ ရှစ်ရက်ရှစ်လဟာ ရှစ်ဆယ့်ရှစ်မှာရောက်လာတယ်
လှည်းလမ်းကြောင်းမှာ ဖုန်တထောင်းထောင်းထခဲ့တယ်
မြို့တော်ခန်းမရှေ့မှာ ညကသွေးတွေဟာ မနက်ကျတော့ရေဆေးပြီးပြီ
ဆေးရုံကြီးဝင်းတံခါးဝနားမှာ ဖိနပ်တွေပြန့်ကျဲကျန်ခဲ့တယ်
စည်းရိုးသံတိုင်ဟာ ကျည်ရာနဲ့ကွေးကောက်နေတယ်
အရေးပေါ်ဌာနမှာ ဒါဏ်ရာတွေတန်းလန်းနဲ့ သပိတ်စခန်းဖွင့်ကြတယ်
နောက်တော့ ဆန္ဒမစောကြပါနဲ့၊ ပျော်ပျော်ပါးပါးကြီးအုတ်မြစ်ချကြတာပေါ့တဲ့
နဖူးပြောင်ပြောင် ရူးကြောင်ကြောင် ဦးမောင်မောင်ထွက်လာတယ်
စစ်တပ်ကိုစိတ်နဲ့တောင်မပစ်မှားနဲ့၊ ဆမူစာအောင်ကြီးထွက်လာတယ်
ကျွနု်ပ်သည်သာရာသက်ပန်ဝန်ကြီးချုပ်ဖြစ်ပါကြောင်း၊ ဘုရားဒကာကိုကြီးကောင်းထွက်လာတယ်
ဒါဟာ ဒုတိယလွတ်လပ်ရေးတိုက်ပွဲပဲ
ရွှေတိဂုံခြေရင်းမှာ လူပင်လယ်ကြီးဟာ သူကိုင်ရမယ့်အလံကိုရခဲ့တယ်၊
သူစီးရမဲ့မြစ်ကိုတွေ့ခဲ့တယ်၊
မြစ်ဟာ ဇာတ်ညွှန်းအတိုင်း ကွေ့တယ်ကောက်တယ်
ဂိုဒေါင်ဖောက်တယ်၊ ထမင်းထုပ်ထဲအဆိပ်ခတ်တယ်၊ ကပစထုတ်ဂျင်ကလိတွေတဲ့
ခေါင်းဖြတ်ပွဲတွေပေါ်လာတယ်။
တန်ပြန်သပိတ် တစ္ဆေအရိပ်မဲကြီးဟာ မင်းမဲ့စရိုက်ကို မြို့တွေရွာတွေထဲ မှုတ်သွင်းလိုက်တယ်။ မျှော်လင့်ထားသလိုပဲ
ညနေခင်းတခုရဲ့လေထုထဲ စစ်ချီသီချင်းတွေပြိုကျလာတယ်
အိမ်တံခါးတွေပိတ် လမ်းတွေပိတ်ကြ
အမှောင်ထဲ အံကြိတ်တက်ခေါက်ကြ အထုပ်အပိုးပြင်ကြ
စစ်ဖိနပ်သံတွေ ခွေးအူသံတွေ တချက်တချက်ထကြွေးကြော်လိုက်သံတွေ
မနက်မိုးလင်းတော့ ရပ်ကွက်လေးထိပ်မှာ ပစ်သတ်ခံထားရတဲ့အလောင်းတလောင်း
သူ့နာမည်က စက်တင်ဘာ။

'ရွှေဝါရောင်'
ငါတို့ကတော့ မမေ့နိုင်ဘူး၊ ငါတို့ကိုမေ့ချင်မေ့ပစ်လိုက်
စက်တင်ဘာဟာ အသက်ပြင်းတယ်၊ သူများသတ်တိုင်းမသေဘူး။
၂၀၀၇ မှာ မေတ္တာသုတ်ကိုထမ်း လမ်းပေါ်ပြန်တက်လာတယ်
ဒကာဒကာမတွေရဲ့မျက်ရည်ပေါက်ကြီးငယ်အတွက် အမျိုးဘာသာ သာသနာဟာ
နံပတ်ဒုတ်တွေရှေ့မှာ သံဆူးကြိုးတွေရှေ့မှာ လက်အုပ်ကလေးချီခဲ့ပါတယ်
ဖိနှိပ်သူတို့ရဲ့ဘုရားစင်မှာ အာဏာကိုရွှေချထားတဲ့အခါ
သွေးစွန်းနေတဲ့လက်မှာ ကြာပန်းဟာမပွင့်နိုင်ဘူး
ထောင်တံခါးတချပ်ပွင့်တာဟာ ကျောင်းတံခါးတချပ်ပိတ်တာပဲတဲ့
ပိတ်ထားတဲ့ကျောင်းတကျောင်းဟာ အချုပ်ထောင်ဖြစ်သွားတယ်
ဘုရားသားတော်တပါးဟာ ချောင်းရေထဲမှာ ပုပ်ပွပြီးမျောလာတယ်
အပယ်ကျနေတဲ့တိုင်းပြည်မှာ
ရေကြည်အိုင်ကိုလည်းမကြောက်ကြတော့ဘူး
အဝီစိကိုလည်း မကြောက်ကြတော့ဘူး။

'နာဂစ်'
ကျန်နေတဲ့သူတွေကကံကောင်းတာလား
ပါသွားတဲ့သူတွေကကံကောင်းတာလား
ဘဝတွေသေပြီး ဒုက္ခတွေရှင်ကျန်ခဲ့ကြတယ်၊
ကမ်းကပ်ခွင့်မရတဲ့ ကယ်ဆယ်ရေးတပ်ကြီးတွေနဲ့
ဈေးထဲရောက်သွားတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ
ပျက်သွားတဲ့လယ်ကွင်းတွေထဲကအလောင်းတွေနဲ့
ထောင်ထဲရောက်သွားတဲ့ကူညီရေးသမားတွေ
အိတ်ဖောင်းသွားတဲ့ ပြည်လည်ထူထောင်ရေးစီမံကိန်းတွေနဲ့
မြို့ပြငါးမွေးကန်ထဲရောက်သွားတဲ့ နာဂစ်သမီးပျိုတွေ
အဖေသမီးကိုလွှတ်မချလိုက်ပါနဲ့ဆိုတဲ့အသံလေးဟာ
လယ်သမားလူထွက် ဆိုက်ကားဆရာကြီးလက်ထဲကအရက်ခွက်ကို
တုန်ယင်ဖိတ်စင်စေတုန်းပဲ
ပျောက်သွားတဲ့လူတွေ ဘယ်တော့ပြန်လာကြမှာလဲ။

နှင်းခါးမိုး
၂၀၁၈

Thursday, December 18, 2025

ပြည်သူ့ဘဝရေစီးနှင့် ရင်ခုန်သံ ၂၀၂၃


အယ်ဒီတာ့စကား
January 29, 2023
ပြီးခဲ့တဲ့အပတ်ကပဲ စစ်တပ်ဒေါက်တိုင်ဟု သတ်မှတ်ခံရပြီးနောက် လမ်းထောင့်က ဘီယာဆိုင်မှာ ဗုံးကွဲသံကြားရသည်။ အင်း ဒါမှမှတ်မှာ၊ ဘီယာဆိုင်တွေတော့ စီးပွားပျက်တော့မည်ဟု ထင်ခဲ့သည်။ နောက်တပတ်ကြာ ထိုဆိုင်ရှေ့ရောက်တော့ ရောင်စုံမီးတွေတဝင်းဝင်းနှင့် လူတွေပြည့်လျှံနေတာတွေ့လိုက်ရသည်။ အကြောက်အလန့်မရှိတော့တာလား။ အမှတ်သည်းခြေမဲ့သွားတာလား။ မထူးဇာတ်ခင်းနေကြတာလား။ ဘာပြောရမည်မှန်းပင်မသိတော့။
ရန်ကုန်ဆိုတာမြို့ကြီးပဲ။ မီဂါစီတီးဆိုတာ မြို့မြောက်ပိုင်းမှာ လက်နက်ကိုင်အုပ်စုချင်း တိုက်ပွဲတွေဖြစ်နေဆဲမှာပင် မြို့တောင်ပိုင်း ကော်ဖီဆိုင်တွေမှာ အေးအေးလူလူ ကော်ဖီသောက်နေကြမည်။ ဘားတွေထဲမှာ လူတွေဆူညံနေမည်။ ဆိတ်ငြိမ်ခြံဝန်းကြီးထဲမှာ ပါတီပွဲပေးနေမည်။ မီတာရုံးမှာ၊ စည်ပင်ဌာနရှေ့မှာ၊ ရဲစခန်းကင်းရုံအနီးမှာ၊ ဘဏ်တိုက်ဝင်ပေါက်မှာ နေ့ခင်းဘက်က ဗုံးတွေ တအုန်းအုန်းကွဲခဲ့သည်။ ညရောက်ရင်တော့ ဘားပေါက်စလိုလို၊ ဘီယာဂါးဒင်းလိုလိုနေရာမှာ တီးဝိုင်းအသေးစားလေးတွေက ဆူညံပေါက်ကွဲစွာ တီးခတ်နေတာတွေ့ရမည်။ ရပ်ကွက်အလယ်မှာ ညညဥ့်နက်သည်ထိ ဆိုကောင်းတီးကောင်းနေကြသည်ကို ဘေးအိမ်တွေကလည်း ဘယ်ကို တိုင်ရမည်မှန်းမသိ။ တံခါးလုံအောင်ပိတ် မီးမှိတ်ပြီးပဲနေလိုက်ကြသည်။
စားသောက်ဆိုင်ကြီးတွေဆီ လာသည့်ကားတွေက လမ်းတွေပေါ်တက် တဝက်လောက်အထိ ပိတ်ရပ်ထားကြသည်။ မော်တော်ယာဉ်ရဲတွေ ကိုင်သည့် လက်ကိုင်မီးချောင်းတွေဖြင့် ဆိုင်လုံခြုံရေးတွေက လမ်းပေါ်ကကားတွေကို တက်တားကာ သူတို့ဆိုင်အဝင်အထွက်ကားတွေအတွက် လမ်းရှင်းပေးကြသည်။ ညနေဆိုလျှင် ဈေးသည်တွေက လမ်းတဝက်လောက်အထိ ဈေးတက်ခင်းကြသည်။ ကျန်သည့်လမ်းတခြမ်းကို တက်စီတွေက ပိတ်ထားလိုက်သေးသည်။ လိုင်းဘတ်စကားကြီးက လူအုပ်ထဲအရှိန်ဖြင့်တိုးဝင်ဖြတ်မောင်းသွားသည်။ တခါတရံ မီးနီကိုပင် ခပ်တည်တည် ဖြတ်သွားကြသေးသည်။ ဘဲဥတွေက ရဲတစီး စစ်တစီးလောက် နောက်တော်ပါးက ပါမှ လိုင်စင်စစ်သလိုလို၊ ဟိုဟာစစ်သလို၊ ဒီဟာ စစ်သလိုဖြင့် ပိုက်ဆံတောင်းထွက်လာရဲကြသည်။ တိုးဝှေ့နေသည့်လူအုပ်ကြီးက သေချာကြည့်လျှင် မျက်နှာတွေက အသေကြီးတွေဖြင့်သာ။
တနေ့က တိုက်လှေကားခြေရင်းမှာ စာကပ်သွားသည်။ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုတိုင်းကို လူစာရင်းကောက်မည်ဟုဆိုသည်။ အလုပ်ပိတ်ရက် ရုံးပိတ်ရက်လည်းမဟုတ်၊ ကြားရက်ကြီးကို လူစာရင်းကောက်မည်ဆိုတော့ အံဩစရာ၊ ပြီးတော့ ဒါမျိုးဆိုတာက လူထုလှုပ်ရှားမှုအသွင်ဖြင့် လုပ်ရသည့်ကိစ္စမျိုးဖြစ်သည်။ ရုံးတရုံး၊ ဌာနတခု၊ တပ်ဖွဲ့တဖွဲ့ဖြင့် လုပ်လို့ရတာမျိုးမဟုတ်။ ထင်သည့်အတိုင်းပင် အသံသာပေးပြီး ဘယ်သူမှ ရောက်မလာ။ သူတို့အစား အလှုခံဆိုပြီး တအိမ်တက်ဆင်း တံခါးလိုက်ခေါက်သည့်အဖွဲ့တခုကို တိုက်လုံခြုံရေးက အပေါ်တက်ခွင့်ပြုလိုက်သဖြင့် တချို့အခန်းတွေဆီက မကျေနပ်သည့်အသံ ထွက်လာသည်။ ဟုတ်သည်လေ။ အခုလိုခေတ်ကြီးထဲ အလှုခံပါဆိုသည့်လူတွေက ပလေကပ်ပုဆိုးတိုတိုနှင့် လမ်းဘေးလူမိုက်ရုပ်တွေဆိုတော့ ကိုယ့်လုံခြုံရေးအတွက် စိုးရိမ်ကြသည်ပေါ့။
သတင်းတခုအရ လှိုင်သာယာဘက်မှာ ခိုးဆိုးလုနှိုက်တွေကို ရပ်ကွက်လူထုကဖမ်းပြီး ရဲစခန်းသွားပို့တော့ စစ်တပ်က လာထုတ်သွားသည်တဲ့။ ပြီးတော့ ရပ်ကွက်ထဲပြန်လွှတ် ဒလန်သူလျှိုအဖြစ် အသုံးချသည်တဲ့။ ကြုံရင်ကြုံသလို လူသားချင်းစာနာပါသည်ဆိုပြီး သူခိုးဂျပိုးတွေကို ထောင်ကလွှတ်ပစ်သေးသည်။ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားတွေကတော့ အပေါ်က နှမ်းဖြူးသည့်ပမာ အပြကောင်းရုံလောက် အနည်းအကျဉ်းသာပါသည်။ သည်တော့ တရားဥပဒေစိုးမိုးရေးဆိုတာ ဘယ်မှာလဲ။ ခိုင်မာသည့် အုပ်ချုပ်ရေးစနစ်က ဘယ်မှာလဲ။ အာဏာကို ငမ်းငမ်းတက် မတရားလုယူခဲ့သည်မှာ ၂ နှစ်ပင်တိုင်လုသော်လည်း အာဏာက လူထုလက်ထဲမှာပင် ရှိသေးသည်။
လူထုကြား ကားသုံးလေးစီးနှင့် စစ်ကြောင်းထိုး ဝင်ရောက်ကာ သူတို့လိုချင်သည့်လူကို ကြောင်ကိုကြွက်ဆွဲသလို ဝင်ဆွဲတတ်ရုံသာ တတ်နိုင်သည်။ ကျန်အချိန်မှာ ကားလမ်းကို တဝက်ကျော်ကျော် သံဆူးကြိုးခွေတွေကာပြီး မြို့လည်ကောင် မြင်မကောင်းအောင်ဆောက်ထားသည့် နှစ်ထပ်ဖုတ်တိုက်ထဲကနေသာ ပြည်သူကိုအဝေးက လှမ်းကြည့်ရဲကြသည်။ သူတို့အဖြစ်က ဘာမှ အစိုးမရ။
ခြုံပြောရလျှင် အခြေအနေက အားလုံးအတွက် လေဟာနယ်တခုလို ဖြစ်နေသည်။ ၂၀၂၁ မှာ မြို့ပေါ်လူထုလှုပ်ရှားမှုအားကောင်းသည်။ ၂၀၂၂ မှာ တောင်ပေါ်ကျေးလက် လူထုခုခံစစ်တွေ အားကောင်းသည်။ ဒီအခြေခံ ၂ ခုပေါ်မှာ ပြည်သူကို ရှေ့ဆက်ဦးဆောင်မည့် အစိုးရတဖွဲ့နှင့် အနာဂတ်ဖက်ဒရယ်အတွက်ပါ မျှော်မှန်းမျိုးစေ့ချခဲ့သည့် ပရော်ဖက်ရှင်နယ် တပ်တတပ်ကို တည်ဆောက်နိုင်ခဲ့ကြသည်။ ၂၀၂၃ မှာ နိုင်ငံတကာမှ ဖိအားပေးဆောင်ရွက်ချက်များနှင့် အာဏာလုစစ်အုပ်စုအတွက် ဖွဲ့စည်းပုံအကြပ်အတည်းအပါအဝင် နိုင်ငံရေးအရ ချောင်ပိတ်ခံရမည်။ ပြည်သူ့တော်လှန်စစ် အမြင့်ဆုံးအပိုင်းကို ရင်ဆိုင်ရမည်။ ၂ နှစ်ကြာ ခြေမနိုင်လက်မနိုင်လုပ်ရင်း ကုန်ဆုံးသွားသည့် နိုင်ငံ့အရင်းအမြစ်တွေကို ပြန်မဖြည့်ဆည်းနိုင်။ ကိုဗစ်အလွန်စီးပွားရေးက အသံသာဆူညံစွာထွက်ပေါ်လာသည့် ရှေ့ကိုမရုန်းနိုင်သည့်အင်ဂျင်တလုံးလို မီးခိုးတွေအူတက်လာတော့မည်။
တချို့က ဆီးရီးယားလို အာဏာရူးတွေရဲ့အတ္တမှာ မြို့ရွာအလုံးစုံ အုတ်ပုံဘဝထိရောက်အောင် ပျက်စီးသွားပုံမျိုးဆိုက်မှာ စိုးရိမ်ကြသည်။ တချို့က ယူအန်လုံစီဆုံးဖြတ်ချက်ကြောင့် ကဒါဖီ၊ ဟူစိန်ဇာတ်သိမ်းမျိုး ဒင်းတို့ဆိုက်ရမည်ဟု ယုံကြည်​မျှော်လင့်ကြသည်။ အကျဉ်းထောင်နှင့် ရှေ့တန်းစစ်မြေပြင်လို ရန်သူကို သူဆိုင်ကိုယ်ဆိုင် ရင်ဆိုင်တိုက်ပွဲဝင်နေသူတို့ကမူ သူတို့အလုပ်ကို သူတို့ယုံကြည်ကြသည်။
ပါတီတခု၊ ခေါင်းဆောင်တဦး၊ အယူဝါဒတရပ်၏ လှုံဆော်စည်းရုံးမှုကြောင့်မဟုတ်ပဲ မိမိကံကြမ္မာကို မိမိရွေးချယ်ရဲသည့် ပြည်သူလူထုတရပ်အတွက်မူ အနာဂတ်သည် သူတို့၏ ထုတ်ကုန်စစ်စစ်သာဖြစ်သည်။ အပေါ်ယံနေ့စဉ်ဘဝများထဲ လှုပ်ရှားကူးခတ်နေသည့် ပုံရိပ်များက မည်သို့ပင်ဖြစ်စေ တကယ့်ရေစီးက သူတို့၏ဆုံးဖြတ်ရွေးချယ်မှုနှင့် သန္နိဋ္ဌာန်ပဲဖြစ်ပါသည်။
သမိုင်းသည် ဘယ်တုန်းကမှ လိမ်ညာထွက်ဆိုခဲ့ခြင်းမရှိ။ ၂၀၂၃ ကို ပြည်သူ့ရင်ခုန်သံနှစ်ဟု ဆိုကြရုံသာ။ ။

Monday, December 8, 2025

ဒီလိုနဲ့ ဒီနေ့များ၊ နောက်တခါဒီနေ့တို့ ဘယ်တော့မှမရှိစေရ စာမျက်နှာ

အယ်ဒီတာ့စကား
နှစ်ရက်တောင် ဒင်းတို့အုပ်ချုပ်မှုအောက် မနေချင်ခဲ့ပေမဲ့ နှစ်လ၊ အဲဒီကနေ အခုတော့ နှစ်နှစ်ပြည့်ခဲ့ပါပြီ။ ဒီကာလကြီးထဲ ဘယ်လိုမွန်းကြပ်မှုတွေနဲ့၊ မိမိကိုယ်စိတ်နှစ်ပါးရဲ့ အတွင်းမှာကော အပြင်မှာကော တွန်းကန်ရုန်းကြွမှုတွေနဲ့၊ အကြောက်နဲ့ ဒေါသနဲ့။ စိုးရိမ်ပူပန်မှုနဲ့ မခံမရပ်နိုင်မှုနဲ့။ တရက်ချင်းတရက်ချင်း ဖြတ်သန်းလာခဲ့ကြရတာပဲ မဟုတ်လား။
အတိတ်တွေကိုလည်း မေ့ထားရသည်။ အနာဂတ်တွေကိုလည်း လစ်လျုရှုနေလိုက်ရသည်။ ဒီနေ့၊ ပြီးရင် နောက်တခါဒီနေ့၊ ဒီလိုနဲ့ ဒီနေ့များ။
ဒီရေမဟုတ်ဘူး။ ကောက်ရိုးမီးမဟုတ်ဘူး။ တောက်လောင်မှုတိုင်းဟာ လောင်စာရဲ့အကန့်အသတ်ပေါ်အခြေခံတယ်ဆိုရင် ဒီအဓမ္မမှုကြီးကို ငြင်းဆန်ခဲ့တဲ့စိတ်ဓာတ်ဟာ မကုန်နိုင်မခမ်းနိုင် လောင်စာသိုက်ကြီးပဲ။ ဒါဟာ လူတယောက်ရဲ့ဖြစ်တည်မှု လူသားမျိုးနွယ်ရဲ့ဖြစ်တည်မှု အရင်းအမြစ်လည်းဖြစ်ရဲ့။
ရှင်သန်ဖို့အတွက် တိုက်ပွဲဝင်တာဟာ တောရိုင်းကျွဲတကောင်ကနေ အာရုံခံအမွှေးအမှင်တွေကို သတိကြီးကြီးနဲ့ နေရာလွတ်တွေထဲ တိုးဝင်နေတဲ့ ပိုးဟပ်တကောင်အထိ လိုအပ်ချက်လည်းဖြစ်သည်။
အချိန်ကာလရဲ့တန်ဘိုးဆိုတာ အလုပ်တခုချင်းကို တဆစ်ချင်း ချိတ်ဆက်ထားသည့် အလုပ်အားလုံးရဲ့ ပြီးမြောက်မှုလို့ အဓိပ္ပါယ်ပေါက်စေရဲ့။ ၁၉၅၈ ခုနှစ်ကတည်း ပိုးမွှားဝင်ရောက်လာတဲ့ ဒီစစ်သစ်ပင်ရဲ့ ဖက်ဆစ်ဝိဉာဉ်ကို ဆဲဗင်းဂျုလိုင်၊ မှိုင်းရာပြည့်၊ ဦးသန့်၊ အလုပ်သမားအရေးအခင်း၊ ရှစ်လေးလုံး၊ ရွှေဝါရောင် စသဖြင့် အစဉ်တစိုက်ဖယ်ရှားသန့်စင်ဖို့ကြိုးစားခဲ့ကြ။ အရွက်ခြွေခဲ့ကြ၊ အကိုင်းခုတ်ခဲ့ကြ။ ပင်စည်ပိုးသတ်ခဲ့ကြ။
သို့တိုင် ဒီစစ်သစ်ပင်က ပိုးမွှားပြည့်နှက် ဥယျာဉ်ကို ဖျက်လာတဲ့အခါ ၂၀၂၁ နွေဦးလူထုတော်လှန်ရေးဟာ အမြစ်ကတူးလှန်ဖို့ တာဝန်ရှိလာခဲ့သည်။ ရှိသည့်အတိုင်းလည်း လူငယ်မျိုးဆက်တို့က တပ်ဦးကရဲရဲတက်ပြီး တိုက်ခိုက်ခဲ့ကြ၊ ရင်းနှီးပေးဆပ်ခဲ့ကြ၊ အောင်ပွဲဆီချဉ်းကပ်နိုင်ခဲ့ကြတာ ၂ နှစ်ဆိုတဲ့ ကာလတိုလေးအတွင်းမှာ မယုံနိုင်စရာ ဒီဖက်ဆစ်စစ်သစ်ပင်ကြီး ယိုင်လဲလာတာ မျက်ဝါးထင်ထင်။
“တသံတည်းညီ၊ တချီတည်းရုန်း” ဒီတခါ အဆုံးအဖြတ်တိုက်ပွဲကို နွဲဆင်ကြမည်။ “လူအဖြစ်ရှင်သန်ရတဲ့အဓိပ္ပါယ်၊ ငါတို့နိုင်မှဖြစ်မယ်” ဆိုတာ အားလုံးက လက်ခံထားကြပြီ။ တိုက်ပွဲပုံစံအစုံကို တီထွင်မှုရှိရှိ ဖော်ဆောင်ခဲ့ကြသည်။ ပင်စည်ခြောက်ကာ အမြစ်ပုတ်နေသည့် ဒီစစ်သစ်ပင်အတွက် နောက်ဆုံးသစ်ရွက်မျှပင် မညွန့်မဖူးစေရ။ ဒီမြေမှာ မျိုးကောင်းမျိုးသန့် လူထုရင်နှစ် ပြည်သူ့ကာကွယ်ရေးတပ်ကို ပျိုးနိုင်စိုက်နိုင်ခဲ့ပြီ။ မျိုးစေ့မှန်သလို အပင်ကလည်းသန်သည်။ အနာဂတ်ဖက်ဒရယ်ငှက်တသောင်း အေးချမ်းစွာခိုနားဖို့ သစ်ကောင်းတပင် ရှင်သန်စိမ်းလန်းလာတော့မည်။ သမိုင်းရဲ့ ရင်ခုန်စရာအကောင်းဆုံးနေ့ရက်တွေက ရှေ့မှာစောင့်ဆိုင်းနေခဲ့ပြီ။ ဘာကို တွေဝေနေကြရအုန်းမည်နည်း။
အဖြေက တခုတည်းပင်။ ဒီယဉ်ကျေးတဲ့ လူ့ကမ္ဘာမှာ ဘယ်တောရိုင်းဥပဒေက အနိုင်ယူအုပ်စိုးလို့ ရနိုင်မတဲ့လဲ။ လူ့စိတ်ဟာ မကောင်းမှုမှာ မွေ့လျော်တတ်ပေမဲ့ ကောင်းမှုကို ကျင့်ဆောင်ရကောင်းမှန်း မမေ့မလျော့ခဲ့ကြ။ လူ့အသိဉာဏ်ဆိုတာက နောက်ဆုတ်သွားရိုးမရှိ။ လူ့အဖွဲ့အစည်းရဲ့ အသိပညာအဆောက်အဦဆိုတာကလည်း လူ့မိစ္ဆာတွေရဲ့ အကုသိုလ်တရားလောက်နဲ့ ဖြိုချလို့ ရကောင်းသည့်အရာမဟုတ်။ လူ့အတွင်းစိတ်ထဲမှာ မွေးကတည်းက ဘုရားတဆူပါလာပြီးသားဖြစ်သည်။ ကံမကောင်းအကြောင်းမလှတဲ့အခိုက်အတန့်တွေဆိုတာ တခါတရံရှောင်လွှဲလို့မရခဲ့ပေမဲ့ ထာဝရတရားတော့မဟုတ်။
ဒီတော့ အမှန်တရားဟာအောင်ပွဲပဲဆိုတာ ဘယ်တော့မှ မသွေဖည်သည့် တလောကလုံးဆိုင်ရာ သစ္စာကျမ်းစာအုပ်ပဲဖြစ်သည်။ မြန်မာပြည်သူတို့အတွက်တော့ အောင်ပွဲဟာ စာမျက်နှာတိုင်းမှာဟု ဆိုရပေမည်။ ဒီလိုနဲ့ ဒီနေ့များ၊ နောက်တခါဒီနေ့တို့ ဒီစာမျက်နှာတွေပေါ်မှာ ဘယ်တော့မှမရှိစေရ။
၃၀၊ ဇန်နဝါရီ၊ ၂၀၂၃


Friday, November 28, 2025

နွေဦးဘူဖေးနှင့် တရားမျှတမှုဝိုင်


▪️ အယ်ဒီတာ့စကား
တခါကအတိတ်ကို အတိတ်မှာထားခဲ့ကြရအောင်ဟု ပြောခဲ့ကြသည်။ သမိုင်းအမှိုက်ထုပ်တွေကို ထားပစ်ခဲ့ပြီး ရှေ့ဆက်ကြဖို့ ဆော်ဩတာလည်းဖြစ်သည်။ သို့တိုင် မြန်မာ့လူ့အဖွဲ့အစည်းက ရှေ့ကိုရောက်ခွင့်မရခဲ့။ အတိတ်နွံထဲ ပြန်ကျွံနစ်ရပြန်သည်။
ဒီတော့ အပြစ်ရှိတဲ့သူတွေကို အပြစ်မပေးခဲ့လို့ အခုလို အပြစ်မဲ့တဲ့သူတွေ အပြစ်ခံကြရတာဆိုသည့် စွဲချက်က ကျယ်လောင်လာပြန်သည်။ တကယ်လည်း အပြစ်ကျုးလွန်ခဲ့သူတို့က အပြစ်မှလွတ်မြောက်နိုင်မှန်းသိလာကြသောအခါ နောက်တခါ အပြစ်ထပ်ကျုးလွန်ဖို့ ဝန်မလေးတော့တာကို တွေ့လိုက်ရသည်။ အရင်ကထက်တောင် လက်ရဲဇတ်ရဲရှိလာသေးသည်။
အပြစ်ဒဏ် ဘာကြောင့်ပေးသလဲ။ လက်စားချေချင်လို့မဟုတ်။ မုန်းလို့၊ စိတ်နာလို့မဟုတ်။ ဒီလိုပြစ်မှုမျိုး နောက်ထပ်မကျုးလွန်အောင်၊ နောက်လူတွေ မကျုးလွန်ရဲအောင် လူ့အဖွဲ့အစည်းကိုကာကွယ်ဖို့ ပြစ်ဒဏ်ပေးကြတာပဲဖြစ်သည်။ ကျုးလွန်ခဲ့သောအပြစ်အတွက် လျော်ကြေးပြန်တောင်းတာမဟုတ်။ နောက်ပြစ်မှုတွေအတွက် ကြိုတင်ဟန့်တားလိုသည့်သဘောဖြစ်သည်။ နိုင်ငံရေးစကားမှာကျ​တော့ ကျူးလွန်ခဲ့သည့်ကိစ္စတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေခြင်းဟု ဆိုသည်။ ဒီတော့ အပြောင်းအလဲကာလ တရားမျှတမှုကိုရှာဖွေခြင်းဆိုတာ မရှိမဖြစ်မိုးဖြစ်လာသည်။
နုရင်ဘတ်စစ်ခုံရုံးက နာဇီဗိုလ်ချုပ်တွေကို စစ်ရှုံးလို့ အပြစ်ဒဏ်ချခဲ့တာမဟုတ်။ မတရားသောစစ်ပွဲတခုကို စတင်ခဲ့ခြင်းနှင့် စစ်ပွဲအတွင်း ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက်သာ အပြစ်ပေးခဲ့ခြင်းဖြစ်သည်။ နိုင်တဲ့သူက ရှုံးတဲ့သူကို သူ့စိတ်ကြိုက်စီရင်တာမျိုးက တရားမျှတမှုနှင့် လားလားမှမဆိုင်။ လူ့အဖွဲ့အစည်းအသစ်တခုကို တည်ဆောက်ရာတွင်လည်း စံတန်ဘိုးများအား တင်းပြည့်ကျပ်ပြည့်ဖြစ်အောင်လည်း မဆောင်ကျဉ်းနိုင်။ အနိုင်ယူချင်သည့်စိတ်က တရားမျှတမှုကို ချဉ်းကပ်ရာတွင် အန္တရယ်အနံ့အသက်တွေကိုသာ သယ်ဆောင်လာပေလိမ့်မည်။ ဒါကြောင့်လည်း ငါရှုံးပါစေ၊ တရားကနိုင်ပါစေ ဆိုသည့်စကားမျိုးကို လူတွေက နှလုံးခွေ့ခဲ့ကြခြင်းဖြစ်သည်။
ဘယ်လိုအဖြေပဲဖြစ်ဖြစ်၊ ဘယ်လိုအပြောင်းအလဲပဲဖြစ်ဖြစ်၊ ဘယ်ခရီးကိုရှေ့ဆက်ကြသည်ဖြစ်စေ ရှင်းစရာရှိသည့် အတိတ်တွေကိုတော့ မလွဲမသွေ ရှင်းကြရမည်သာ။ ဒါကို အန်ယူဂျီ ယာယီသမ္မတကြီးက ရှင်းရှင်းလင်းလင်း ထုတ်ပြောခဲ့ခြင်းဖြစ်သည်။ ရှေ့က နိုင်ငံရေးသမားအဆက်ဆက် ရှောင်ခဲ့သည့်ကိစ္စကို ဆွဲထုတ်လာခြင်းဟု ဆိုရမည်။ စစ်ရာဇဝတ်မှုအဖုံဖုံကို ပုံစံမျိုးစုံနှင့် ကျုးလွန်ခဲ့သူတို့အား အိပ်မပျော်အောင်လုပ်လိုက်တာလည်းဖြစ်သည်။ ဒီတပွဲမှာတော့ ပြည်သူတွေက သမိုင်းအမှိုက်ထုပ်တွေကို ရှေ့ဆက်သယ်သွားဖို့ မရှိ။ ကိုယ့်အမှိုက် ကိုယ်ရှင်းကြပေလိမ့်မည်။
အနာဂါတ် မြန်မာလူ့အဖွဲ့အစည်းကို အေးချမ်းလုံခြုံစေချင်သည်။ ငြိမ်းချမ်းစွာ နောက်ကျောလုံစေချင်သည်ဆိုလျှင်တော့ ပြီးတာတွေ ပြီးပါစေ ကိတ်မုန့်ပေါ်မှာ ဖယောင်းတိုင်ထွန်းလို့မရ။ အတိတ်ကပြစ်မှုတွေကို သင်ပုန်းချေရေးနှင့် မစ်ရှိတ်လုပ်လို့မရ။ အမျိုးသားရင်ကြားစေ့ရေးဝိုင်ကို တရားဥပဒေစိုးမိုးရေးဖန်ခွက်ထဲမှာ ထည့်ပါ။ နိုင်ငံရေးကနေ စစ်တပ်အပြီးတိုင်ဆုတ်ခွာခြင်းကို နွေဦးဘူဖေးရဲ့ ဒီနေ့အတွက် အထူးဟင်းလျာအဖြစ် တင်ဆက်လိုက်ပါ။ တရားမျှတမှုသည် ဖက်ဒရယ်ညကောင်းကင်၌ ကြယ်ငါးကလေးများအဖြစ် ကူးခတ်နေပေလိမ့်မည်။
၁၂၊ ဒီဇင်ဘာ၊ ၂၀၂၂