Monday, February 18, 2013

ခြေထောက်မရှိတဲ့အပြေးချန်ပီယံ၊ ရွှေတံဆိပ်လည်းရခဲ့တယ် ချစ်သူကိုလည်းသတ်ခဲ့တယ်

နှင်းခါးမိုး













ကျနော်ပြေးတယ်
တအားပြေးတယ်
ကြောက်လန့်တကြားပြေးတယ်
မရပ်မနားပြေးတယ်
အဝေးဆုံးရောက်အောင်ပြေးတယ်
ဘယ်သူမှမလိုက်နိုင်အောင်ပြေးတယ်
အမောဆို့ပြီးလဲကျသွားအောင်ပြေးတယ်
ဘယ်ကိုပြေးတာလဲ မသိဘူး ပြေးတယ်
ဘယ်သူတွေလိုက်နေလို့လဲ မသိဘူး ပြေးတယ်
ဘာကိုကြောက်ပြီးပြေးသလဲ မသိဘူး ပြေးတယ်
ပြေးနိုင်ရင်လွတ်မှာတဲ့လား မသိဘူး ပြေးတယ်
ပြေးတာကအဖြေလား မသိဘူး ပြေးတယ်
ရင်မဆိုင်ရဲလို့ပြေးတာလား မသိဘူး ပြေးတယ်
ဒီလိုပဲပြေးနေတော့မှာလား မသိဘူး ပြေးတယ်
မေးခွန်းတွေလိုက်မမီအောင် ပြေးတယ်
ဘယ်သူမှမရှိတဲ့နေရာကို ပြေးတယ်
ဘာသံမှမကြားနိုင်တော့အောင် ပြေးတယ်
တောတွေကိုဖြတ်ပြီး ပြေးတယ်
တောင်တွေကိုကျော်ပြီးပြေးတယ်
ပင်လယ်ကိုကူးပြီး ပြေးတယ်
တရားဓမ္မတို့နဲ့ဝေးရာ
ဆိုဆုံးမမှုတို့နဲ့ဝေးရာ
အေးချမ်းပျော်ရွှင်မှုတို့နဲ့ဝေးရာ
နားလည်ခွင့်လွှတ်မှုတို့နဲ့ဝေးရာ
ချစ်ခြင်းမေတ္တာနဲ့ဝေးရာ
ဖြစ်နိုင်ရင် တခြားစကြာဝဌာအထိ
ဖြစ်နိုင်ရင် နောက်ဘ၀တခုအထိ
ဖြစ်နိုင်ရင် အငွေ့ပျံပျောက်ကွယ်သွားသည်အထိ
စွပ်စွဲပြစ်တင်ကြ
ဆဲရေးရှုတ်ချကြ
လှောင်ပြောင်ရယ်မောကြ
ဝိုင်းဝန်းရိုက်ပုတ်ကန်ကြောက်ကြ
ရွံရှာစက်ဆုပ်ကြ
ရှောင်ရှားဝိုင်းပယ်ကြ
မှုန့်မှုန့်ညက်ညက်ချေမှုန်းကြ
လက်ညိုးငေါက်ငေါက်ထိုးကြ
မျက်နှာကိုတံထွေးနဲ့ထွေးကြ
လူသူဝေးရာမှာလွှင့်ပစ်လိုက်ကြ
ယင်တလောင်းလောင်း လောက်တဖွားဖွား ပုတ်အဲ့နံစော်
လင်းတတွေကတရုန်းရုန်း တောခွေးတွေကတဆူဆူတအူအူ
ကမ္ဘာကြီးကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်း
သံသရာကြီးကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်း
သုံးဆယ့်နှစ်ကောဌာသကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်း
စိတ်တခုယုတ်ကိုးဆယ်ကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်း
သုံးဆယ့်တဘုံကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်း
အလုံးစုံကိုစီရင်တော်မူသည့်ဘုရားသခင်ကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်း
ကံ ကံ၏အကျိုးကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်း
စိတ္တရလေခါကိုဘယ်နှစ်ခါ
သိဒ္ဓတ္ထကိုဘယ်နှစ်ခါ
ပြစ်မှုနဲ့ပြစ်ဒဏ်ကိုဘယ်နှစ်ခါ
တရားခွင်ကိုဘယ်နှစ်ခါ
လေရူးသုန်သုန်ကိုဘယ်နှစ်ခါ
ရေပွက်ပမာကိုဘယ်နှစ်ခါ
စည်းအပြင်ကလူကိုဘယ်နှစ်ခါ
အန်နာကရီနာကိုဘယ်နှစ်ခါ
မေကိုဘယ်နှစ်ခါ
ငဘနဲ့ကိုဒေါင်းကိုဘယ်နှစ်ခါ
ရဲအော်အောင်ဒင်နဲ့ကျနော်ကိုဘယ်နှစ်ခါ
အသံအက်သွားတဲ့ခေါင်းလောင်းလေးကိုဘယ်နှစ်ခါ
သစ်ရွက်အသေများကိုဘယ်နှစ်ခါ
မရေမတွက်နိုင်အောင် မမှတ်တတ်တော့အောင်
ဘာ့ကြောင့်ဘာမှန်းမသိအောင် ချာချာလည်အောင်
ဖြတ်ကာဖြတ်ကာ ပတ်ကာပတ်ကာ
တအားပြေးတယ်
ကျနော်ပြေးတယ်
ပြေးလမ်းတော့မရှိဘူး


၁၈၊ ဖေဖေါ်ဝါရီ၊ ၂၀၁၃

Monday, October 15, 2012

သက်တန့်လက်ဆောင်

နှင်းခါးမိုး


ထုပ်ပိုး ဖဲကြိုးချည် သူ့နာမည်လေးရေး 
ပို့လိုက်တယ်၊

အရောင်စိုကြွ လှပကွေးညွတ် ကျယ်ပြန့်လွတ်လပ် လတ်ဆတ်သန့်ရှင်း
ချစ်ခြင်းဖွဲ့ရာ ကမ္ဘာအသစ်၊

ဘာမှမမြဲတဲ့လောကကြီးကိုငေးကြည့်လိုက်တော့
ဘယ်တော့မှပျက်ပြယ်မသွားနိုင်တဲ့တဒင်္ဂတွေနဲ့
ရှုလို့မဆုံး။



Tuesday, October 9, 2012

ရှပ်အင်္ကျီအဟောင်းကလေးတထည်



နှင်းခါးမိုး 


နေလောင်လွန်းလို့
အကွက်မပေါ်တော့ဘူး
နေလောင်ဒဏ်ကိုတော့
ခံနိုင်တုန်းပါပဲ
ခါးလှဖို့မဟုတ်ဘူး
ဝမ်းဝဖို့ဝတ်ထားတာပါ
နဖူးကချွေး ခြေမမကျခင်
ရင်ဘတ်မှာကြယ်သီးလေးတလုံးကလည်းပြုတ်နေသေး
သနပ်ခါးထူထူ
အုတ်သဲကျောက်ဘိလပ်မြေမှုန့်ထူထူ
ဆေးသုတ်ပြီးစတိုက်အသစ်ကြီးကို လည်ပြန်ငေး
ဘယ်သူမှမကြားခဲ့ကြတဲ့ရှိုက်သံသဲ့သဲ့လေး
သံချည်သံကွေး သူ့ကောင်ကလေး။       


Wednesday, September 19, 2012

ငါ့မိတ်ဆွေတဦး



နှင်းခါးမိုး

ပီဘိနှိမ်ချ
ပညာရှိဆန်ပြတာမဟုတ်
ရိုးသားမှုနဲ့ပြုံးတဲ့အခါ
ကမ္ဘာကြီးတောင်နွေးထွေးသွားစေနိုင်ရဲ့
ငါ့မိတ်ဆွေ။

ခွင့်လွှတ်ပါဗျာ
ခင်ဗျားလောက်မဖြောင့်တန်းနိုင်
ကျနော့်မှာကရှုတ်ရှုတ်ထွေးထွေး
နေ့စဉ်ကိစ္စတွေရှိရဲ့
မငြင်းဆန်နိုင်
မရှောင်လွှဲနိုင်
တခါတလေရွေးချယ်ခွင့်ကင်းမဲ့၊
လူ့ဘ၀ဆိုတာက
လက်တွေ့ကျဖို့ပိုလိုအပ်
စိတ်ကူးတွေအပင်မဖြစ်ထွန်းတဲ့
ဟောဒီဖုန်းဆိုးမြေမှာ
အနယ်အနှစ်တွေနဲ့
နေရထိုင်ရတာပါ 
ဝန်ခံတယ်။

ငါ့မိတ်ဆွေ
ချစ်ခင်မှုတရားနဲ့
လက်ဖက်ရည်ဆိုင်သွားကြရအောင်။

ညကတင်ရေးပြီးသွားတဲ့
ကဗျာအသစ်တွေနဲ့
မိတ်ဆွေရဲ့မျက်နှာ လင်းလို့
ကျနော်ရှာဖွေနေတာ
ကျနော့်အဓိပါယ်ကိုကျနော်
ရွေးချယ်ခဲ့တာ
နာကျင်ရ ပင်ပမ်းရ
ဒါပေမယ့်လှပပါတယ်။
မိတ်ဆွေကိုကြည့်ရင်း
ငါ သေးငယ်သွားလိုက်တာ
စီးကရက်တလိပ်သာဆို
ပြာမှုန်တွေချည့်ဖြစ်ရော့မယ်။

မိတ်ဆွေနဲ့ငါ
ပေါင်ချိန်စက်တခုအပေါ်
တခါက အတူတူတက်ဖူးကြ၊
ငါက တရာ့သုံးဆယ်
သူက တရာကိုသုံးပေါင်တောင်
လျော့လို့
ခင်ဗျားဒီလောက်မဖြစ်သင့်ဘူး
ကျန်းမာရေးလည်းဂရုစိုက်ဦး
ရုပ်သန်မာမှ
စိတ်ကူးတွေအပွင့်ဝေနိုင်မှာပေါ့
ကျနော်လည်းဒီလောက်မဖြစ်သင့်ဘူး
ဗိုက်ခေါက်ကြီးကအရစ်လိုက်
ကြိုးခုန်ရမယ်
အခုလိုအချိန်မျိုးမှာမှ
၀၀ဖြိုးဖြိုးဖြစ်နေတာ
နာမည်ပျက်တယ်ဗျ
နှစ်ယောက်သား ရယ်မောခဲ့ကြ။

သူကိုယ်သူ
အကြင်နာကင်းမဲ့စွာ ညှစ်ချနေရော့သလား မသိ
သူ့မျက်လုံးတွေက
အရိုးထဲဝှက်ထားတဲ့ကြယ်တွေလို
ချိုင့်ခွက်ပေမယ့် လက်ပလို့၊
ကြိုးတချောင်းလိုလှုပ်လဲ့
လမ်းကလေးပေါ်သူလျောက်လာတာ
လှမ်းတွေ့ရ
မွဲပြာပြာအရေပြားတွေအောက်မှာ
အနုပညာ အနာဂတ်နဲ့
ဖြောင့်မတ်မှုတရား
ရဲရင့်တဲ့သွေးကြောတို့ ထောင်ထ
နံရံတခုနဲ့ဖိချတောင်
မလဲမပြိုနိုင်ရှိပေလိမ့်
ငါ့မိတ်ဆွေ။

ကိုယ့်ကြောင့်လူဖြစ်လာတဲ့သူတွေအတွက်
ကိုယ့်မှာတာဝန်ရှိတယ်
ကျနော့်အဖေကို
ကျနော်စွဲချက်တင်ခဲ့သလို
ကျနော့်သားက
ကျနော့်ကိုစွဲချက်တင်မှာ
ကျနော်ကြောက်တယ်၊
ကျနော်ဒုကကို ၀င်ကူထမ်းခဲ့တဲ့အတွက်
မိန်းမကိုဆပ်ရမယ့်အကြွေးတွေရှိတယ်။

မိတ်ဆွေက
ငြိမ်ငြိမ်သက်သက်နားထောင်လို့
ဒီတော့မှသတိရ
လူတိုင်း ဘ၀ကိုယ်စီရှိကြတာပဲ
ငါ့လို အကြွေးတွေ၊ တာဝန်တွေ၊ ဆန္ဒတွေ
အသီးသီးရှိကြတာ
ငါ့မှ ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောနေလို့
ဒါ မသင့်တော်ဘူး
ဒီလို ကိုယ့်အတွက်ကိုယ်ကြည့်ကြစတမ်းဆိုရင်
ပန်းတွေပွင့်အောင်ဘယ်သူစိုက်မလဲ
တောတွေကိုဘယ်သူခုတ်ထွင်ရှင်းလင်းမလဲ
ဆယ်စုတွေကိုလင်းထိန်အောင်
ဘယ်သူမီးထွန်းပေးမလဲ
မိတ်ဆွေက
ငြိမ်ငြိမ်သက်သက်နားထောင်လို့
အဲဒါကိုကရှက်စရာ
ခင်ဗျားရင်ထဲမှာ ဘာတွေပြောနေသလဲ
အားမနာပါနဲ့ဗျာ
ကျနော့်ကိုယ်ကျနော်တောင်
ရွံရှာလာရဲ့၊
ငါ့မိတ်ဆွေရှေ့
ငါ့စိတ်တွေ ရေနစ်ခဲ့ရ
အကြိမ်ကြိမ်ပါပဲ။

ခင်ဗျားလာပါ
မကြာခဏလာပေးပါ
ခင်ဗျားဟာ ကျနော့်ပါးကို
ခပ်ပြင်းပြင်းရိုက်တတ်တဲ့
မှန်တချပ်ဖြစ်တယ်၊
ဒါကြောင့် ခင်ဗျားလာပါ
ကျနော့်ကိုယ်ကျနော် ဆဲရေးဖို့
အကြိမ်ကြိမ်ပြန်ကောက်တင်ဖို့
ကျနော့်ရဲ့ညစ်ထေးမှုတွေကို
ခွေးတကောင်မဖြစ်သွားစေဖို့
ခင်ဗျားလိုအပ်တယ်
ခင်ဗျားလာရင်
ကျနော့်ရဲ့ကောက်ပင်တွေ
စိမ်းလန်းတယ်
ကျနော့်နှလုံးသားကိုလည်း
လှောင်အိမ်ထဲက
အပြင်ခဏလမ်းလျောက်ခွင့်ရစေတယ်
ဒါကြောင့် ခင်ဗျားလာပါ
ငါ့မိတ်ဆွေရေ။

ချစ်ခင်မှုတရားနဲ့
လက်ဖက်ရည်ဆိုင်သွားကြတာပေါ့။ ။

၁၉၉၄
ကမ်းရှာငှက်ကဗျာစာအုပ်



Saturday, September 1, 2012

မီးခိုးဖြူ



နှင်းခါးမိုး
၁။
ဆေးလိပ်သောက်ခြင်းဟာ
သင့်ကျန်းမာရေးအတွက်
အနှောက်အယှက်တခုဖြစ်တယ်။
ဆေးသိပ္ပံရဲ့စေတနာစကား
လေးစားပါရဲ့၊ ဒါပေမယ့်။

ကျနော်နဲ့ဆေးလိပ်
ရဲဘော်စိတ်နဲ့လက်တွဲ
ဘ၀ထဲမှာ၊ မခွဲသာ။
၂။
ငါးသုံးလုံး မာဘယ်ရို
ကင့် ၀င်စတန်
အဖိုးတန်ဆေးလိပ်
နှုတ်ဖျားမချိတ်နိုင်ခဲ့။
ဒူးယားနဲ့ခပေါင်းတောင်
အကြောင်းသင့်မှ၊ ပေါင်းခွင့်ရခဲ့။

အကုန်အကျသက်သာ
အားရပါးရဖွာရှိုက်
ညိမ်းလိုက် ညှိလိုက်နဲ့
နှုတ်ဖျားကိုက်စို၊ တိုချင်တို
ဆေးပေါ့လိပ်ဆိုတာ
ရိုးရာအံကိုက်၊ ကျနော့်အကြိုက်။

၃။
တခါတခါ
ဘ၀မှာ
စိတ်ကူးရေပြင်
မကြည်လင်တဲ့အခါ၊
စိတ်ကူးတိမ်မျှင်
လွင့်ချင်ရာလွင့်တဲ့အခါ၊
စိတ်ကူးသစ်ရွက်
ညှာခက်ပြုတ်ကြွေ
လေချင်ရာလေတဲ့အခါ၊

အဖော်ဆေးလိပ်၊ နှုတ်ဖျားချိတ်
ဖွဲ့သိပ်ရစ်ဝဲ၊ မီးခိုးထဲ
ပြိုကွဲပျော်ဝင်၊ ကကြိုးဆင်ရင်း
ငြိမ်သက်ခြင်းကို ရှာခဲ့ရ။

၎။
ဆေးလိပ်သောက်ခြင်းဟာ
သင့်ကျန်းမာရေးအတွက်
အနှောက်အယှက်တခုဖြစ်တယ်ဆိုတဲ့
ဆေးသိပံ္ပရဲ့စေတနာစကား
လေးစားပါရဲ့၊ ဒါပေမယ့်။

ဆေးလိပ်မီးခိုးဆိုတာ
စိတ်ကိုချည်တဲ့ကြိုးဖြစ်တယ်။ 

စံပယ်ဖြူ ၁၉၈၇