Wednesday, December 19, 2007

ချောင်းဆိုးသံ

ရင်ထဲက ကလီစာတွေအားလုံး ထွေးထုတ်လိုက်တာတောင်
ဒီချောင်းဆိုးက ရပ်ပါ့မလား
ညညလည်းအိပ်မရဘူး
အိပ်ယာပေါ်ကျောမချရဲအောင် ချောင်းကဆိုးတယ်
်ဝယ်လာတဲ့ချောင်းဆိုးပျောက်ဆေးကလည်း
တနေ့ ၅ ခါသောက်ပါတဲ့
ဘာမှထူးမလာဘူး
ကျောတွေရင်တွေ ပရုပ်ဆီလူးတယ်
ရေနွေးပူပူ မှုတ်သောက်တယ်
ခဏတော့သက်သာလာသား
ခဏလောက်အိပ်လိုက်ရတယ်
ပြီးတော့ ချောင်းဆိုးပြီး ပြန်နိုးလာတယ်
ထွေးထွေးထုတ်လိုက်တဲ့ ချွဲဖတ်တွေကိုကြည့်ပြီး အံသြတယ်
ဒီအညစ်အကြေးတွေက မကုန်တော့ဘူးလား
ဒီခန္ဒာကိုယ်ထဲမှာ ဒီအညစ်အကြေးတွေ ဘယ်တုန်းထဲကရှိနေတာလဲ
အော် ဒီအညစ်အကြေးတွေနဲ့ နေထိုင်ခဲ့ရတာပါလား
အခုတော့ ပင်ပင်ပမ်းပမ်းထွေးထုတ်နေရ
လည်ချောင်းတွေတောင် ပူတယ်
လူဆိုတာ အညစ်အကြေးထည့်တဲ့အိတ်ကြီးပဲ
ချောင်းဆိုးနေရင်းက တွေးမိတယ်
ဒါက မြင်ရတဲ့အညစ်အကြေးတွေ
မမြင်ရတဲ့အညစ်အကြေးတွေကကော
လူတယောက်မှာ ဘယ်လောက်များနေပြီလဲ
လူတချို့အရက်မူးပြီး ရန်လိုတာ
အဲဒီအညစ်အကြေးတွေကို ထွေးထွေးထုတ်တာလား
သလိပ်ဖတ်တွေကို လူရှေ့ထွေးမထုတ်ချင်သလို
မမြင်ကွယ်ရာမှာ အညစ်အကြေးတွေ စွန့်ကြ
ဆိတ်ကွယ်ရာမှာ မကောင်းမှုတွေ ပြုကြ
ဒါပေမယ့် အညစ်အကြေးတွေက ကုန်မသွားဘူး
မကောင်းမှုတွေက ကုန်မသွားဘူး
အညစ်အကြေးထုတ်တဲ့ စက်ရုံကြီး
ခပ်တိုးတိုး ရေရွတ်မိတယ်၊

ဒီနေ့တော့ ရေချိုးပစ်လိုက်တယ်
အပူတွေများနေရင်လည်း ချောင်းကဆိုးသတဲ့
အဆုတ်များပွနေသလား
အဆုတ်နာများရှိနေမလား
ဆရာဝန်ဆီသွားမလား
ချောင်းဆိုးတာလောက်များ
ကွမ်းရွက်ပြုတ်နဲ့ရက်ဆားသောက် ပျောက်
အဖွားကိုသတိရမိ
မြန်မာပြည်ကိုသတိရမိ
အခုတော့ ဥရောပချောင်းက ဆိုးတယ်
နေ့လည်းဆိုးတယ်
ညဘက်ပိုဆိုးတယ်
ချောင်းထဲ ရေဆိုးတွေစီးလို့
ခန္ဒာကိုယ်ထဲ ရေဆိုးတွေစီးလို့
စိတ်ထဲ ရေဆိုးတွေစီးလို့
ချောင်းဆိုးရတာမောတယ်
ချောင်းဆိုးထဲလှေစီးရင် ပိုမောမယ်
အခု ဒီစကားလုံးတွေဟာ
ချောင်းဆိုးပျောက်ဆေးထဲက ခုန်ထွက်လာတာ
ချောင်းဆိုးပျောက်အောင်
ဆေးပုလင်းထဲခုန်ချလိုက်ရ ကောင်းမလား၊

သတင်းတွေကိုနားမထောင်မီ
ရေဒီယိုကိုနာနာလှုပ်ပါ
ရေဒီယိုကိုဖွင့်လိုက်တော့
ချောင်းဆိုးသံတွေထွက်လာတယ်
ဘာမဆိုင်ညာမဆိုင်လို့ မပြောနဲ့
အိုင်ဒီယာတွေဆိုင်တင်ရောင်းရင်
ချောင်းဆိုးပျောက်ဆေးပါတွဲရောင်းကြ
တနေ့ ၅ ခါသောက်ပါ
ရင်ထဲက ကလီစာတွေအားလုံး ထွေးထုတ်ပစ်ပါ
သလိပ်ဖတ်တွေကိုတော့ လူမမြင်စေနဲ့ပေါ့
ဘာပဲဖြစ်ဖြစ် ချောင်းထဲမှာ ရေဆိုးတွေ စီးပါစေလေ
ဒါ ကဗျာလားမမေးနဲ့
ဒါ ချောင်းဆိုးပျောက်ဆေး။

Wednesday, December 12, 2007

ကဗျာဆရာတယောက်ရဲ့ ဘုရားရှိခိုး


သံဃံ သရဏံ ဂစ္ဆာမိ

နေဇော်နိုင်


အမှောင်သားပေါ် လွှတ်ချလိုက်တဲ့
ရွှေဝါရောင်မေတ္တာဓာတ်တွေ
မြေကမ္ဘာရဲ့ရင်အုံကို လင်းလက်တုန်ခါစေခဲ့ပေါ့

အဲဒီ သင်္ကန်းစတွေပေါ်က သမိုင်း
ညတိုင်း ဦးချနေမိတော့တယ်။


၁၂ ဒီဇင်ဘာ ၂၀၀၇

Saturday, December 8, 2007

ကျနော်တို့ရေးခဲ့တဲ့အရုပ်များ


နှလုံးသမားအတွက်တော့ ဆေးလိပ်ထက် ဆေးတံက ပိုသင့်တော်တယ်ဗျ

အေးဗျာ ကျေးဇူးပဲ
ဒါနဲ့ ကျုပ် ခင်ဗျားအိမ်မှာ တညနှစ်ညလောက် နေအုန်းမယ်ဗျာ နော့်
ခင်ဗျားသဘောပေါ့ဗျာ
အိမ်ရှင်က လက်ဆောင်ရတဲ့ ဆေးတံအသစ်ကလေးကိုဖွာရင်း ဧည့်သည်ဖြစ်တဲ့ သူ့သူငယ်ချင်း မျက်နှာကို မီးခိုးငွေ့တွေကြားက ပြုံးကြည့်နေလိုက်တယ်။ ပြီးမှ
အင်း ဒီမှာ ခင်ဗျားကိုပြောရအုန်းမယ်
ဆိုပါအုန်းဗျ
လူတယောက်မှာ ငှားလို့မရတဲ့အရာ ၂ ခု ရှိတယ်တဲ့
အင်း
တခုက ဆေးတံ၊ နောက်တခုက ကိုယ့်မိန်းမ
ဟားဟား
မီးဖိုခန်းလေးထဲက အဖိုးကြီး ၂ ယောက်ရဲ့ ကော်ဖီဝိုင်းဟာ နည်းနည်း ပေါ့ပေါ့ပါးပါးရှိသွားတယ်။

တကယ်က သူတို့ ၂ ယောက်စလုံး မုဆိုးဖိုတွေ။ အိမ်ရှင်အဖိုးကြီးက သားသမီး ၃ ယောက်ရှိတယ်။ အကြီးမက နေချင်သလိုနေ၊ လုပ်ချင်ရာလုပ်တဲ့ အနုပညာသမား။ လူနားမလည်တဲ့ ပန်းချီတွေဆွဲတယ်။ ကဗျာရေးတယ်။ မိန်းမအချင်းချင်း အတူတူနေတယ်။ အလတ်ကောင်က အောင်မြင်စ စီးပွားရေးသမား။ ငွေရှာတာ တခုပဲ နားလည်တယ်။ မိန်းမကြောက်ရတယ်။ အငယ်ဆုံးသမီးကတော့ အမေမရှိတော့လို့ မျက်စိသူငယ်ဖြစ်ကျန်ခဲ့တဲ့ မအူမလည်ကလေး။ အလုပ်လုပ်ရင်း အဖေကို ပြုစုစောင့်ရှောက်တတ်ပေမယ့် လောကအကြောင်း ဘာမှ နားမလည်။

ကဲ ဘယ်လိုလဲ အဖေ။ ကိုယ့်ကိုယ်ကိုယ် သင်ချိုင်းဆက်ပို့မှာလား၊ အလုပ်က နားမှာလား ပြော။
ရောဂါနဲ့လဲတဲ့ အဖေ့ရဲ့ ဆေးရုံကုတင်နားမှာ သားသမီးတွေက စိုးရိမ်ပူပန်မှုတွေနဲ့ ၀ိုင်းလို့။ သားဖြစ်သူက ကရုဏာဒေါသောနဲ့ မေးတော့ အဖေက သူ့ထုံးစံအတိုင်း ပြုံးပြုံးကြီးလုပ်ပြီးပြောတယ်။
ကဲ တို့ သေခြင်းတရားအကြောင်းမပြောပဲ ဘ၀မှာ မကြာခဏ ကြုံကြရလေ့ရှိတဲ့ အမှတ်တမဲ့ ဖြစ်ဖြစ်သွားတတ်တဲ့ ကိစ္စလေးတွေအကြောင်း ပြောကြရအောင်

တကယ်တော့ အဲဒီ အမှတ်တမဲ့ကိစ္စလေးတွေကပဲ လူတဦးချင်းရဲ့ ကိုယ်ပိုင်ဘ၀တွေကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ မဟုတ်လား။ သမီးအငယ်က သူ့အလုပ်ထဲက လူတယောက်ရဲ့အချစ်ကို လက်ခံလိုက်တယ်။ အလတ်ကောင်က သူ့မိသားစုကိစ္စတွေကို စဉ်းစားရကောင်းမှန်း သိလာတယ်။ အကြီးမက သူ့မောင်ကို မေးတယ်။

ဘာဖြစ်လို့များ ငါဟာ အခုအချိန်ထိ ငါ့ကိုချစ်တဲ့ ယောက်ျားတယောက်လောက်ကို ရှာမတွေ့နိုင်ရတာလဲ
မောင်က အမဖြစ်သူကို အထိတ်တလန့် ငေးကြည့်လိုက်တယ်။
ဟဲ့ ဒါထက် နင့်ကို ငါ ဟိုက်ကူစပ်နည်းသင်ပေးခ ပေးအုန်း
အမတောင်းတဲ့မုန့်ဖိုးကို မောင်က ထုတ်ပေးလိုက်တယ်။
အမ ငါ ဟိုက်ကူတပုဒ် ရေးဖြစ်တယ် သိလား
အလဲ့ တယ်ဟုတ်ပါလား၊ ဘာလဲ နင့် ပုံဆွဲစာအုပ်ထဲမှာလား
မောင်လုပ်တဲ့သူက ရီနေတယ်။
ကဲ ငါ့ကို နင့်ကဗျာ ရွတ်ပြစမ်း
မောင်ဖြစ်သူက အဝေးကိုငေးရင်း ဖြည်းဖြည်းချင်း ရွတ်ပြတယ်။
ကဗျာကို နားထောင်လိုက်ရတဲ့အခါ အမဖြစ်သူဟာ သူ့တဘ၀လုံးရှာခဲ့တာကို တွေ့လိုက်ရသလို အံ့အားတသင့် ဖြစ်သွားရှာတယ်။

ကျနော်ကြည့်နေတဲ့ ဒိန်းမတ်ရုပ်ရှင်ကားလေးဟာ ဒီနေရာမှာ ဇာတ်သိမ်းပါတယ်။
ဟိုက်ကူကဗျာလေးက ကျနော့်ရင်ထဲ လှုပ်ခတ်ကျန်ရစ်ခဲ့။

ပုံဆွဲစာအုပ်

အိမ်တလုံးငါဆောက်တယ်
ပြတင်းပေါက်လေးလည်းပါရဲ့ကွယ်
ဘယ်သူဆေးသုတ်မယ်..။


Friday, December 7, 2007

ဆောင်းတွင်းမီးလင်းဖိုနံဘေး နှင်းခဲပျော်ချိန်အကြိုကာလ မြန်မာကဗျာလေ့လာချက်


မြန်မာကဗျာကို ကိုလိုနီမတိုင်မီခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေး အကြိုကာလ၊ လွတ်လပ်ရေး နောက်ပိုင်းကာလ၊ မဆလ တပါတီခေတ်နဲ့ စစ်အာဏာရှင် ခေတ်ဆိုပြီး ခေတ်အလိုက် ပိုင်းခြားလေ့လာနိုင်တယ်။ အခုနောက်ပိုင်း ပြည်ပ မီဒီယာတွေပေါ်က အဝေးရောက် မြန်မာကဗျာများကိုလည်း အပိုင်းတပိုင်း အဖြစ် ခွဲလေ့လာသင့်ပါတယ်။

ကိုလိုနီမတိုင်မီ မြန်မာကဗျာဟာ ပဒေသရာဇ် ဆွေတော် မျိုးတော်တွေနဲ့ လူပညာရှိ၊ ဘုန်းကြီးပညာရှိတို့ရဲ့ လေ့လာလိုက်စားရာ ဘာသာရပ် တခုသာဖြစ်တယ်။ အကြောင်းအရာအရလည်း မှန်နန်းရာဇ၀င်ရဲ့ အစိတ်အပိုင်း တခုထက် မပိုဘူး။ ဖွဲ့နည်း စပ်နည်းအရ၊ အကြောင်းအရာအရ ကဗျာ အမျိုးအစားများ ကွဲပြားတည်ရှိခဲ့တယ်။ နန်းမြို့ရိုး အပြင်ဘက်က သာမန်ပြည်သူလူထုထဲမှာ နွားကျောင်း ကောက်စိုက် တေးထပ်တွေရှိခဲ့ပေမယ့် ပေပေါ်ရေးမှတ် နန်းပြသာဒ်မရောက်ခဲ့ဘူး။ ၀န်ဇင်းရာဇာတို့ ဦးပုညတို့လို မှန်နန်းဆောင်အပြင်ဘက် ထွက်ရေးခဲ့သူတွေ ရှိခဲ့တာ တွေ့ရပေမယ့် သေချာတာက ပဒေသရာဇ် ခေတ်မှာ ကဗျာဟာ လူထုအသုံးအဆောင် မဟုတ်သလို လူထုထုတ်ကုန်လည်း မဖြစ်ခဲ့ဘူး။

ကိုလိုနီခေတ်မှာ မြန်မာပဒေသရာဇ်တွေ ကျဆုံးခဲ့တယ်။ မြန်မာ လူထုဟာ ခေတ်သစ်တခုနဲ့ စတင်ထိတွေ့ရတယ်။ လူမျိုးခြား၊ ဘာသာခြားတွေရဲ့ လွှမ်းမိုးမှုမှာ မင်သက်မိနေကြတုန်း အမျိုးဘာသာ သာသနာကို ထိမ်းသိမ်း ကာကွယ်ရေး လှုံဆော်စည်းရုံးတဲ့ ဇာတိမာန်စာဆိုတွေ ပေါ်ပေါက်လာတယ်။ သခင်ကိုယ်တော်မှိုင်းဟာ လေးချိုးကြီးတွေနဲ့ ဇာတိမာန်ကို ဖော်ထုတ်ခဲ့သလို ကိုယ်တိုင်လည်း သတင်းစာဆရာ၊ နိုင်ငံရေးသမားအဖြစ် သခင်ဘွဲ့ခံပြီး ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

ကိုလိုနီတွေရဲ့ ကျွန်ပညာရေးအောက်မှာပဲ မြန်မာတွေဟာ ခေတ်သစ်ပညာရေး စံနစ်ကို ရရှိခဲ့ကြတယ်။ မြန်မာပညာတတ်တွေ ပေါ်ပေါက် လာတယ်။ သူတို့ဟာ ပဒေသရာဇ်ခေတ်က လူပညာရှိဆိုသူတွေထက် ပိုမို ကျယ်ပြန့်တဲ့ ခေတ်အမြင်ရှိကြတယ်။ အနောက်တိုင်းနဲ့ အခြားယဉ်ကျေးမှု စာပေတွေကို လေ့လာခွင့်ရခဲ့ကြသူ အချို့က မြန်မာစာပေနဲ့ မြန်မာကဗျာကို အသစ် ပြန်မွေးဖွားခဲ့ကြတယ်။ ကိုလိုနီခေတ် တက္ကသိုလ်ကျောင်းဝင်းထဲက ခေတ်စမ်းစာပေလှုပ်ရှားမှုဟာ အရေးအပါဆုံး ဖြစ်တယ်။ ခေတ်စမ်းကဗျာ ပေါ်ပေါက်လာတယ်။ ခေတ်စမ်း ကဗျာဆရာများဖြစ်တဲ့ ဇော်ဂျီနဲ့ မင်းသုဝဏ်ဟာ ခေတ်သစ်မြန်မာကဗျာရဲ့ မမေ့နိုင်တဲ့ ခေါင်းဆောင်များပါပဲ။ ခေတ်စမ်းကဗျာဟာ ရှေးမြန်မာကဗျာဆီက အကြောင်းအရာအရရော၊ ရေးထုံးအရပါ လမ်းခွဲ ထွက်ခဲ့ပါတယ်။

မြန်မာစာပေ တခေတ်ဆန်းလာမှုနဲ့အတူ ကိုလိုနီလက်အောက် မြန်မာပြည်သူတွေရဲ့ အသိအမြင်တွေလည်း နိုးကြားလာပါတယ်။ လွတ်လပ်ရေး လှုပ်ရှားမှု ပေါ်ပေါက်လာတယ်။ မြန်မာကဗျာမှာ လွတ်လပ်ရေးတေးသံတွေ ညံလာခဲ့တယ်။ ဖက်ဆစ်တော်လှန်ရေး အတွေ့အကြုံ၊ လွတ်လပ်ရေး လှုပ်ရှားမှု နိုင်ငံရေး အတွေ့အကြုံတွေနဲ့ မြန်မာ ကဗျာဆရာတွေဟာ ရင့်ကျက် ကြွယ်ဝ ခဲ့ကြတယ်။ အကြောင်းအရာတွေရဲ့ ထုထည် အားကောင်းမှုကြောင့် ကဗျာရေးနည်း ဘောင်တွေကိုလည်း လိုအပ်ချက်အရ ချဲ့ထွင်ခဲ့ကြရတယ်။

လွတ်လပ်ရေး နောက်ပိုင်းကာလမှာလည်း မြန်မာပြည် နိုင်ငံရေး မိုးသက်မုန်တိုင်းတွေထဲမှာ မြန်မာကဗျာဟာ နိုင်ငံရေးအသွေးအရောင်တွေနဲ့ စိုနစ်ခဲ့တယ်။ တဖန် ပြည်တွင်းစစ်ရဲ့ ခါးသီးမှုက မြန်မာကဗျာကို ငြိမ်းချမ်းရေး အသံများ ပဲ့တင်စေခဲ့ပြန်တယ်။ ဒဂုန်တာရာဦးဆောင်တဲ့ စာပေသစ်လှုပ်ရှားမှုဟာ လွတ်လပ်ရေးနောက်ပိုင်းကာလ မြန်မာကဗျာရဲ့ အရေးကြီးတဲ့ အဆစ်အချိုးတခု ဖြစ်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒီအတွေ့အကြုံတွေကြောင့် မြန်မာကဗျာဟာ လူထုဘက်က ရပ်တည်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကျခဲ့တယ်။ မြန်မာကဗျာ ဆရာတွေဟာ တကယ့် လက်တွေ့ဘ၀မှာလည်း ခေတ်ပြောင်း စံနစ်ပြောင်းတွေရဲ့ ရှေ့တန်းတပ်သားတွေ ဖြစ်ခဲ့ကြတယ်။ လူထုအသံကို ကိုယ်စားပြုခဲ့ကြတယ်။

ဒါကြောင့်ပဲ တပါတီခေတ်မှာ ဒီမိုကရေစီ ဆုတ်ယုတ်လာမှုနဲ့ အတူ မြန်မာကဗျာဟာ အုပ်ချုပ်သူတွေရဲ့ ရန်ဘက်ဖြစ်ခဲ့တယ်။ နည်းမျိုးစုံ ဖိနှိပ်မှုတွေကို ရင်ဆိုင်လာရတယ်။ စီစစ်ရေးတံတိုင်းကြီးနဲ့ ပိတ်ဆို့ခံရတယ်။ ရှေးပဒေသရာဇ်ခေတ်ကလို အုပ်ချုပ်သူတွေရဲ့ ရွှေနားတော်သွင်း တေးချင်း တွေဘ၀ ပြန်ရောက်အောင် ဖိအားပေးခံရတယ်။ ဒီလို အခြေအနေဆိုးကြီးထဲမှာ မြန်မာကဗျာဟာ လွတ်လပ်မှုနဲ့ အမှန်တရားကို ကာကွယ်နိုင်ဖို့ ဆက်လက် ရုန်းကန်ကြိုးစားရင်း ကဗျာသဘောတရား အသစ်တွေ၊ ကဗျာပုံစံအသစ်တွေ ရှာဖွေလမ်းဖောက်ခဲ့ကြရတယ်။ ဒါကြောင့် တော်လှန်ကဗျာအုပ်စုနဲ့ မိုးဝေကဗျာ လှုပ်ရှားမှုဟာ ဒီနေ့ မြန်မာမော်ဒန်ကဗျာ ရေစီးရဲ့ မြစ်ဖျားခံရာလို့ ဆိုနိုင်တယ်။ ချုပ်ရရင် မြန်မာ မော်ဒန်ကဗျာဆိုတာ ခေတ်ရဲ့တောင်းဆိုမှုကြောင့် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ထင်းရူးပင်ရိပ်လို ဘာသာပြန်ကဗျာတွေ၊ နိုင်ငံရပ်ခြား စာပေသဘောတရား လေ့လာမှုတွေရဲ့ သြဇာအရိပ်အငွေ့တွေ လုံးဝကင်းစင်ပါတယ်လို့ မငြင်းဆိုနိုင်သည့်တိုင် မြန်မာ မော်ဒန်ကဗျာဟာ သီးခြား သမိုင်းကြောင်းတခုအဖြစ် ပေါ်ထွန်းခဲ့တာဖြစ်ကြောင်း ဒီနေရာမှာ အခိုင်အမာ ပြောပါတယ်။

ဒီနေ့ စစ်အာဏာရှင်တွေအတွက်လည်း မြန်မာကဗျာဟာ အကြီးဆုံး စိန်ခေါ်မှုစာရင်းထဲမှာ ပါပါတယ်။ ကဗျာဟာ လူထုအပေါ်မှာ သြဇာရှိတယ်။ အထူးသဖြင့် မနက်ဖြန်ကို အမြဲမျက်နှာမူနေတဲ့ လူငယ်တွေအပေါ် သြဇာကြီးပါတယ်။ လူငယ်တွေဟာ ဖြတ်တောက် ပိတ်ဆို့ခံထားရသည့်တိုင် သူတို့ရဲ့ ခံစားချက်တွေ အိပ်မက်တွေကို ထုတ်ဖေါ်ဖို့ နည်းလမ်းအဖုံဖုံကို အမြဲရှာဖွေကြပါတယ်။ ဒါကြောင့်လည်း မျိုးဆက်တိုင်း မျိုးဆက်တိုင်းမှာ ကဗျာဆရာတွေဟာ အဲဒီမျိုးဆက်တွေရဲ့ အတွေးအခေါ်ရေး အလံကိုင်တွေ ဖြစ်လာကြတာပါ။ ဒီလိုနည်းနဲ့ မျိုးဆက်တခုကနေ နောက်မျိုးဆက်တခုကို ကဗျာကတဆင့် သမိုင်းရေးတာဝန်တွေ လွှဲအပ်ကြတယ်။ ကဗျာအပေါ်မှာ ဆုံချက်ပြုပြီး လူထုလူတန်းစားတွေ ပေါင်းစည်းကြတယ်။ တိုက်ပွဲခေါ်ကြတယ်။

ဒါပေမယ့် ကဗျာဟာ ပိုစတာတိုက်ပွဲတော့ မဟုတ်ပါဘူး။ သူ့မှာ အနုပညာဝိဥာဉ် ရှိပါတယ်။ သီးသန့်ဆန်တဲ့ မျက်နှာစာတွေရှိပါတယ်။ ကိုယ်ပိုင်ဘာသာစကား ရှိပါတယ်။ စိတ်ယဉ်ကျေးမှု တန်ဘိုးတွေ ရှိပါတယ်။ ကိုယ့်ရည်မှန်းချက်တခုအတွက် ကဗျာရဲ့ ကဗျာဖြစ်မှုကို ဖျက်ဆီးပစ်လို့မရပါဘူး။ ပုံစံပျက်သွားတဲ့ ကဗျာဟာ ကဗျာအာနိသင်လည်း ကင်းမဲ့သွားပါတယ်။ ဒီလို ထူးခြားချက်တွေကြောင့်ပဲ ကဗျာကို ပိတ်ဆို့ရခက်ခဲပြီး၊ အုပ်ချုပ်သူတွေကို အလုပ်အကျွေးပြုဖို့ရာ အသုံးချမရတာ ဖြစ်ပါတယ်။

ဒီနေ့ မြန်မာပြည်တွင်းမှာ ကဗျာဟာ ရာဇ၀င်လူဆိုးလို စောင့်ကြည့်ခံနေပါတယ်။ ကဗျာဆရာတွေကို လူလေလူလွင့်တမျိုး၊ ဒါမှမဟုတ် သူပုန်တမျိုးလို့ အာဏာပိုင်တွေက သတ်မှတ်ပါတယ်။ လူထုထဲမှာ ပုန်းခိုနေပြီး အချိန်တန်ရင် သူတို့ကို ထွက်ထွက် ကိုက်တတ်တဲ့ ကပ်ပါးပိုးတမျိုးလို ကဗျာဆရာတွေကို သူတို့ ကြောက်ရွံ့ပါတယ်။ ကဗျာဆရာတွေမှာ အုပ်ချုပ်သူတွေရဲ့ သံတံတိုင်းဖြစ်တဲ့ စီစစ်ရေးကိုဖေါက်ထွက်နိုင်တဲ့ စကားဝှက်နဲ့ ရေးထားတဲ့ ဂါထာတွေရှိတယ်ဆိုတာ သူတို့သိပါတယ်။ ဒါကြောင့် အခုအခါမှာ တချို့ ကဗျာဆရာတွေကို စာမျက်နှာတွေပေါ် တက်ခွင့် မပေးပါဘူး။ စီစစ်ရေးဟာ စာကို ပိတ်ဆို့တာအပြင် လူကိုပါ ပိတ်ဆို့ပါတယ်။ ဒီလိုနဲ့ စီးပွားရေး အကျိုးအမြတ်ကို မျှော်ကိုးထုတ်ဝေတဲ့ စာစောင်တွေဟာ စီစစ်ရေးနဲ့ ကင်းလွတ်အောင် ကဗျာတွေကို ထည့်မသုံးတော့ပါဘူး။ ကဗျာရဲ့သဘာဝအရ စကားလုံးတွေကို လိုသလို ဆွဲတွေးနိုင်တဲ့အပေါ် သူတို့တာဝန်ကင်းအောင် စီစစ်ရေးမှုးတွေက နည်းနည်း နားလည်ရခက်တာနဲ့ အဲဒီကဗျာကို ဖြုတ်ပစ်လိုက်တော့တာပါပဲ။ ကဗျာတပုဒ် စာမျက်နှာပေါ် ရောက်ဖို့ခရီးဟာ မြန်မာပြည်မှာတော့ အင်မတန် ခက်ခဲ ကြမ်းတမ်းလှပါတယ်။ ဒီအခြေအနေ အောက်မှာကိုပဲ ကဗျာရေးသူတွေဟာ တိုးပွားလာပါတယ်။ မြန်မာကဗျာတွေဟာ နည်းနာတွေ၊ စကားလုံးတွေ ပိုလို့ လိမ္မာပါးနပ် ကြွယ်ဝလာပါတယ်။ ဖိနှိပ်မှုကြောင့် မြန်မာကဗျာဟာ ကျဆုံး မသွားပါဘူး။ တချိန်တည်းမှာ မြန်မာကဗျာ ရေးသူတွေအတွက် အခွင့်အလမ်းသစ်တွေကလည်း စောင့်ဆိုင်းနေပါတယ်။

သူတို့ဟာ ကွန်ပြူတာကတဆင့် ဘလော့စာမျက်နှာတွေပေါ် တက်ရေးကြပါတယ်။ လူထုထဲမှာ ကဗျာရွတ်ပွဲလေးတွေ အလေ့အကျင့် ပြုလာကြပါတယ်။ ပြည်ပမှာ မြန်မာမီဒီယာ စာမျက်နှာတွေ၊ လေလှိုင်းတွေ ပေါ်ပေါက်လာပြီး အတွင်းအပြင် ဖလှယ်ရေးသားလာကြပါတယ်။ ဒီနည်းလမ်း တွေဟာ အုပ်ချုပ်သူတွေအတွက် ပိတ်ဆို့ဖို့ရာ ထင်သလောက် မလွယ်ကူ ပါဘူး။

နောက်ထပ် အရေးအကြီးဆုံးတခုက မြန်မာကဗျာဆရာတွေဟာ စကားလုံးတွေမှာတင် လမ်းဆုံးနေတဲ့သူတွေ မဟုတ်တာပါပဲ။ သမိုင်းခေတ် အဆက်ဆက် လက်တွေ့တိုက်ပွဲတွေထဲမှာ ကိုယ်တိုင်လည်း ရှေ့တန်းက ပါဝင်ခဲ့ကြတဲ့ အစဉ်အလာရှိပါတယ်။ သာမန်အခြေအနေတခုမှာ သူတို့ဟာ ဇာခန်းဆီးတပ် စာကြည့်ခန်းထဲမှာ စာအုပ်ဘီဒိုတွေကြား ပိုးဟပ်တကောင်လို ခိုဝပ်နေချင်နေခဲ့မယ်။ ကံ့ကော်တန်းက ခုံတန်းလျားပေါ်မှာ စွယ်တော်ရွက် ခြောက်တရွက်လို မေးတင်နေချင်နေခဲ့မယ်။ လက်ဖက်ရည်ဆိုင် စားပွဲပုလေးပေါ်မှာ ရေနွေးကရားတအိုးလို နေ၀င်မိုးချုပ် ရှိချင်ရှိခဲ့မယ်။ ဒါပေမယ့် လိုအပ်လာတဲ့အခါ ဆိတ်ဖလူးနံ့သင်းတဲ့ ဘ၀တက္ကသိုလ်မှာ ဘယ်နှစ်ဝါ ဆိုရမယ်မှန်း မသိနဲ့ ဘ၀နေ၀င်ခဲ့ကြရသူ ကဗျာဆရာတွေ အမှန်တကယ် ရှိခဲ့ပါတယ်။ ကာရန်ရှာတဲ့ လက်တွေဟာ သေနတ်မောင်းခလုတ်ကို ဖြုတ်ခဲ့ ကြပါတယ်။ ဒီလိုနဲ့ အမေ့အိမ်နဲ့ဝေးတဲ့ တနေရာမှာ ဘ၀ကို ယုံကြည်ချက်နဲ့ သရဏံဂုဏ်တင်ခဲ့ကြတဲ့ လူငယ်ကဗျာဆရာတွေဟာ သူတို့ကိုယ်တိုင် မော်ဒန်ကဗျာဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ နာကျင်မှုတိုင်းဟာ ပန်းတခင်းဖြစ်ခဲ့ပါတယ်။

တိုက်ပွဲတွေကလည်း လူထုတွေကို ကဗျာဆရာဖြစ်စေခဲ့တယ် ဆိုရင် မမှားပါဘူး။ ဒီနေ့ ပြည်ပ မြန်မာမီဒီယာတွေပေါ်မှာ မြန်မာကဗျာ ရေးသားသူတွေရဲ့ အရေအတွက်ဟာ အတော်များပါတယ်။ သူတို့ဟာ စီစစ်ရေးကို မှုဖို့မလိုဘူး။ လွတ်လပ်စွာ ရေးသားကြတယ်။ လေ့လာဖို့၊ ထိစပ်ဖို့ အခွင့်အလမ်းတွေရှိကြတယ်။ အခြေခံလိုအပ်ချက်တွေ ပြည်တွင်းကလူတွေထက် ပြည့်စုံတယ်။

ဒါပေမယ့် သူတို့ရဲ့ စာဖတ်ပရိသတ်ဟာ အကန့်အသတ်နဲ့ ဖြစ်ပါတယ်။ အကြောင်းအရာကလည်း ကိုယ့်ကိုယ်ကိုယ် ခတ်ထားတဲ့ ဘောင်ထဲမှာပဲ ရှိနေသေးတယ်။ သူတို့ အားနည်းချက်က ပြည်တွင်း စာဖတ်ပရိတ်သတ်နဲ့ အလှမ်းကွာမှု။ ပြီးတော့ အနုပညာရေချိန်အပေါ် ဂရုမထားမှုတို့ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်တွင်း ပိတ်ဆို့ဖြတ်တောက်မှု အခြေအနေဆိုးတွေကြောင့် မြန်မာစာပေရေစီးကို အားကောင်းမောင်းသန် ဖြစ်စေဖို့ရာ အဝေးက လှမ်းကူပံ့ပိုးပေးနိုင်တဲ့ အဓိကအင်အားစုတွေ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ တခါ ပြည်ပ မြန်မာအသိုင်းအ၀န်းထုထည် ကြီးမားလာတာကြောင့်လည်း ပြည်ပ မြန်မာမီဒီယာတွေ ဖွံ့ဖြိုးလာမှုနဲ့အတူ အဝေးရောက် မြန်မာစာပေ အင်အားစု တစု ပေါ်ထွန်းလာတဲ့အခါ သူတို့ဟာ အဓိကကျောရိုး ဖြစ်လာကြဖို့ရှိပါတယ်။

လိုအပ်တာက သည်ထက် ပိုမိုကျယ်ပြန့်တဲ့အကြောင်းအရာတွေ တိုးချဲ့ကိုင်တွယ်ကြဖို့၊ အနုပညာရေချိန်အပေါ် ပိုမိုအာရုံစိုက်ကြဖို့၊ ပြည်တွင်း လူထုခံစားချက်တွေကို အဆက်မပြတ်စေဖို့နဲ့ အချင်းချင်းစုစည်းဖို့၊ နိုင်ငံတကာနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ပြီး ပြည်တွင်း မြန်မာစာပေရေစီးရဲ့ အရှိန်အဟုန်ကို မြှင့်တင်နိုင်ရေးတို့ပဲဖြစ်ပါတယ်။

နှင်းခါးမိုး

Saturday, December 1, 2007

နွေဦးခေါ်သံ

နေဇော်နိုင်












ဟောဒီ ကမ္ဘာပေါ်မှာ

နာနာကျင်ကျင်ဘ၀ ရှိသူတိုင်း
သမိုင်းကို ပြောင်းလဲပစ်ခဲ့ကြတယ်၊

လူဟာ
ချွေးတစက် ရင်းနှီးရင်
အပွင့်အသီး ညီညီမျှမျှပြန်ရနေဖို့၊

လူတဦးတယောက်ရဲ့ အသက်ရှူသံ
သူ့ကြမ္မာနဲ့ ယုံကြည်ချက်တွေအပေါ်
ဘယ်သူမှ မကျူးကျော်နိုင်ဖို့၊

အသိ အသက် ရှိတာခြင်း တူရင်
ဘယ်လူမျိုးကမှ
အခွင့်အရေး ပိုမယူကြဖို့၊

စစ်ဖိနပ်ထဲ ထိုးသွင်းထားတဲ့
အဟောင်းအမြင်း မှန်သမျှကို
ခေါင်းရင်းကနေ ကန်ချပစ်ကြရမယ်၊

ကျနော်တို့ဟာ
သမိုင်းရဲ့ ထုတ်ကုန်ပါပဲ
လူထုကို ယုံတယ်၊
ဒီမိုကရေစီကို ချစ်တယ်၊
အမျိုးသားသွေးစည်းညီညွတ်ရေးကို မြတ်နိုးတယ်။

ပြည်တွင်းစစ်
အနှစ် (၅၀)ကြီးထဲက
ကြေကွဲ သွေး ဘ၀ အသက်တွေ
ဒီမိုကရေစီ အရေးတော်ပုံကြီးထဲက
သူရဲကောင်းတို့ရဲ့ ၀ိဥာဉ်တွေကို ဦးညွတ်
အမျိုးသားထု လွတ်မြောက်ရေးအတွက်
စစ်အာဏာရှင် အဆက်ဆက်
ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ
တော်လှန်ရေးကို စိုက်ပျိုးပစ်ခဲ့ကြတယ်။

စစ်အာဏာရှင်တို့
ခင်ဗျားတို့ ဒိုင်ယာရီ စာအုပ်ထဲက
အဆီတရွှဲရွှဲ စာရင်းဇယားတွေဟာ
တိုင်းပြည် သယံဇာတများပဲ ဖြစ်တယ်၊

ခင်ဗျားတို့ နှုတ်ခမ်းက အပြုံးစဟာ
လူထု သက်ပြင်းချသံတွေ ဖြစ်တယ်၊

ခင်ဗျားတို့ မျက်လုံးထဲက အလင်းစဟာ
ကလေးတွေ ချွေချွေချခဲ့ရတဲ့
သွေးစ သွေးနများပဲ ဖြစ်တယ်၊

မီးလောင်ငုတ်တိုနဲ့ ပြာပုံထဲက
ကျည်ဆံခွံတွေကို မေးကြည့်ကြစမ်းပါ၊

လူ့အခွင့်အရေးဆိုတာ
စစ်ဖိနပ်နဲ့ နင်း နင်း ပေးဖို့လားလို့၊

စစ်အာဏာရှင်တို့
လူချင်း အတူတူ
ခင်ဗျားတို့ အသက်ပိုမရှူကြနဲ့၊

အဲဒီ ပိုရှူလိုက်တဲ့လေထဲမှာ
တံတားအနီ
ကတ္တရာအနီ
လွယ်အိတ်အနီတွေနဲ့
တနိုင်ငံလုံး
သွေးနဲ့မျက်ရည် ကျဆုံးခဲ့ရသော
ရှစ်လေးလုံး နေ့ရက်များ ပါတယ်၊

ကျောက်သင်ပုံးအကွဲနဲ့
‘၀’လုံး ရွဲ့စောင်းစောင်းတွေ ပါတယ်၊

နို့ရည်မဲ့
ကွဲအက် နှုတ်ခမ်းတွေ ပါတယ်၊

မြေမြုပ်မိုင်း အရိုင်းအစိုင်းကြောင့်
ခြေတပိုင်းပြတ်သွားတဲ့ ကလေးမလေး ပါတယ်၊

ခွေးလို ထဟောင်တဲ့ သေနတ်ကြောင့်
မျက်စေ့ တဖက်လပ်နဲ့ ကောင်လေး ပါတယ်၊

ယမ်းနံ့နဲ့ သဲ့သဲ့ ရှိုက်သံကြား
ပန်းဦး ကြွေသွားတဲ့ ကောင်မလေး ပါတယ်၊

မြေကြီးနဲ့ တောတောင်ကို ချစ်တဲ့
မျှစ်စို့တွေ ချိုးဖဲ့ ခံရသလိုမျိုး
ကျိုးပျက်သွားတဲ့ မိသားစုတွေ ပါတယ်၊

ငွေစက္ကူထဲ
ကိုယ့်ဘ၀ကိုယ်ပြန်ရှာရင်း
အဖျားအနာ ထူပြောနေတဲ့ လူထုတွေ ပါတယ်၊

အဲဒီ
ခင်ဗျားတို့ ပိုရှူလိုက်တဲ့လေထဲမှာ
စစ်အကျဉ်းထောင်တွေထဲက
သေကွဲ ရှင်ကွဲ ရဟန်းရှင်လူ
ကျောင်းသူကျောင်းသားတွေ ပါတယ်၊

နောက်ဆုံး
ခင်ဗျားတို့ ပိုရှူလိုက်တဲ့ လေထဲမှာ
သာသနာ့အလံတော် သွေးစွန်းလို့
စက်တင်ဘာ တလလုံး ပွန်းပဲ့ပေးလိုက်ရတယ်၊

ဟောဒီခေတ်ဟာ
လူထုကို အချစ်နဲ့ တိုင်းတာတဲ့ခေတ်၊

အသွေး အသား အသက် အသိ ရှိတဲ့ လူက
အသိ အသက် အသား အသွေး ရှိတဲ့ လူတွေအပေါ်
အမြော်အမြင်နဲ့ စောင့်ရှောက်တဲ့ခေတ်၊

မျိုးဆက်သစ်နဲ့ မြေကမ္ဘာ ကျန်းမာရေးအတွက်
လူ့အမြင် လူ့အတွေး
လူ့ရပ်တည်ရေးနဲ့ ကြမ္မာဟာ
လွတ်လပ်စွာ ပျံသန်းနိုင်တဲ့ ခေတ်၊

တူညီမျှတတဲ့
ဘ၀ ဘ၀ချင်း အသက်ရှူသံတွေကြား
အမျိုးသား သွေးစည်ညီညွတ်မှုတို့
မြင့်မြင့်မြတ်မြတ် ဖူးပွင့်နိုင်တဲ့ ခေတ်လေ၊

ဟိုး တောင်တန်းမှာ ငြိမ်းချမ်း မွှေးရီ
ချယ်ရီပွင့်တွေကလည်း
ကျနော်တို့ဘ၀ပဲ မဟုတ်လား၊

ဘုရားကျောင်းက ခေါင်းလောင်းသံတွေ
တောင်ဇလပ်မြေမှာ လှုပ်ခတ်
ကျနော်တို့အားလုံး ချစ်မြတ်နေကြတယ်၊

သလိုပဲ
သဇင်ခက်တွေရဲ့ ဓလေ့ရိုးရာ
ကျနော်တို့ အသက်ရှူသံထဲမှာ ပါတယ်၊

မနောမြေက
နိုးထလာတဲ့ ဧရာဝတီဟာ
ဘ၀များစွာရဲ့ ပင်မရေစီး
အပွင့်အသီးတွေ ဖြစ်ထွန်းစေခဲ့တယ်လေ၊

ရာဇ၀င်ရေးရုပ်ပုံ
သုဝဏ္ဏဘူမိ ရင်ခုန်သံ စည်းချက်တို့
ဟောဒီ အသွေးအသားထဲ ခရီးဆက်နေကြ
ဖားစည်သံတွေကလည်း
ဇွဲကပင်မြေမှာ နိုးထ
ဟောဟိုက ကန္နိရီ ကိန္နရာ မောင်နှံဟာ
ကျနော်တို့ကို ရင်ခုန်မြန်စေခဲ့ပေါ့၊

(တိုင်းရင်းသား ညီအကိုတို့)
အချစ်နဲ့ တိုးဝင်တဲ့စိတ်ဟာ
အလှဆုံး အရိပ်တွေ ကြဲဖြန့်ထားတဲ့အတိုင်း
သမိုင်းသစ်ကို ဖြစ်ထွန်းစေခဲ့တာပဲ မဟုတ်လား၊

ကျနော်တို့ အတူ သွားကြမယ်၊
ကျနော်တို့ အတူ စားကြမယ်၊
ကျနော်တို့ အတူနေ
တနိုင်ငံလုံးက လေကို မျှဝေရှူကြမယ်၊

ဟောဒီ
အမျိုးသားရေး နယ်နိမိတ်ပေါ်မှာ
အာဏာရှင် မှန်သမျှ
ဘယ်တော့မှ ခြေချခွင့် မရရေးအတွက်
ကျနော်တို့ လက်တွေ
မြဲမြဲ ချိတ်ထားကြရမယ်၊

ကျနော်တို့ ရင်ခုန်သံတွေ
မှန်မှန်ကန်ကန် ကူးစက်နေရမယ်၊

ကျနော်တို့ အင်အားတွေ
များများစားစား ညီညွတ်ထားရမယ်၊

ကျနော်တို့ စိတ်ဓာတ်တွေ
မြင့်မြင့်မြတ်မြတ် ပျံသန်းနေရမယ်၊

ပြည်တွင်းစစ်
အနှစ် (၅၀) ကြီးထဲက
ကြေကွဲ သွေး အသက် ဘ၀တွေ
ဒီမိုကရေစီ အရေးတော်ပုံကြီးထဲက
သူရဲကောင်းတို့ရဲ့ ၀ိဥာဉ်တွေကို ဦးညွတ်
အမျိုးသားထု လွတ်မြောက်ရေးအတွက်
စစ်အာဏာရှင်တွေ နှိပ်စက်လို့
ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ
တော်လှန်ရေးကို စိုက်ပျိုးခဲ့ကြပြီပဲ။

ဘ၀ ရှိရင်
အသိအမြင် မွေးထုတ်
ကြမ္မာဆိုးကို ပုတ်ချပစ်နိုင်တာ
လူသားပဲ ရှိတယ်။

လူတယောက်ဟာ
ဘ၀နဲ့ အသက် ရှင်သန်ဖို့
လွတ်လပ် မှန်ကန်တဲ့ အသိအမြင် ရှိတယ်။

ကိုယ့် အတွေးအမြင် အတောင်အလက်ဟာ
ကိုယ့် အသက်ရှူသံ
ဘယ်သူ့ထံမှ အစီရင်ခံစရာ မလိုဘူး၊

ဥပဒေရဲ့ အထက်မှာ
ဘယ်သူမှ မရှိစေရသလို
လူ့အတွေးအမြင်ပေါ်မှာ
ဘယ်လို အမိုးအကာမှ မလိုပါဘူး။

လူဟာ
အဲဒီ အတွေးအမြင်နဲ့ပဲ
ကိုယ့် မိသားစု ကိုယ့် နိုင်ငံ
ကိုယ့် ကမ္ဘာမြေ ဒုက္ခ သုက္ခတွေကို
လှလှပပ ခုတ်ထွင် ရှင်းလင်းနိုင်ခွင့် ရှိတယ်။

သစ်စေ့ဟာ
မြေကြီးထဲ ငိုကြွေးနေကြတာ မဟုတ်ဘူး၊

အကိုင်းအခတ်တွေနဲ့ ရွက်လွှင့်ဖို့
ကောင်းကင်ကို ဆွဲဖွင့်နေကြတာ။

သစ်တပင်ရဲ့
အမြစ်နဲ့ အကိုင်းအခတ်တွေဟာ
(အဲဒီသစ်ပင်အတွက်တော့)
သမိုင်းဆိုင်ရာ စွမ်းဆောင်ချက်တွေပဲဖြစ်တယ်၊

အမြစ်တွေက နက်နက်တူး
အကိုင်းအခက်တွေက မြင့်မြင့်ပျံ
ဒါ သူ့ တော်လှန်ရေး မဟုတ်ဘူးလား၊

သမိုင်းတခေတ်ဟာ
အပွင့်အဖူးတွေနဲ့ ဖြစ်ထွန်းလာဖို့
နိုင်ငံတိုင်း
နောက်ခံကားချပ်တွေနဲ့
အနာဂတ်ကို တွန်းဖွင့်ခဲ့ကြရပေါ့၊

ဟေ့
စစ်အာဏာရှင်တွေ အဆက်ဆက်
ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ
တော်လှန်ရေးကို စိုက်ပျိုးထားကြ၊

ကျနော်တို့ အသိအမြင်တွေကို
အသွေးအသားတွေထဲ နက်နက်တူးဆွ
ယုံကြည်ချက်တွေနဲ့ မြင့်မြင့် ပျံကြ၊

ဘ၀ အမှောင်မှာ
လ ရောင် မသာတာကို မြင်တွေး
တော်လှန်ရေး အသိနဲ့ ပေါင်းစပ်ကြည့်ရမယ်၊

မြေကြီးမှန်ရင်
အသီးအနှံကောင်း ထွက်တာပဲလေ၊

တော်လှန်ရေးဟာ
ကျနော်တို့ မြေကြီး အစစ်
နိုင်ငံတော်သစ်ဆီ အရောက်သွားဖို့
သစ္စာတရားနဲ မြင်းတကောင်ဖြစ်တယ်၊

ဟိုးက ကောင်းကင်ပေါ်မှာ
နွေဦးဟာ ကျနော်တို့ကို စောင့်နေပါ့၊
လာခဲ့ကြတော့
လာခဲ့ကြတော့ ဟေ့ တဲ့

အာရုဏ်ဦးမှာ
နှင်းဆီ တထောင် ခူးဆွတ်
နိုင်ငံတော်သစ်ကို ဦးညွတ်ဖို့အတွက်
နွေဦးခေါ်သံဟာ
ထိုး ထွက် လာခဲ့ပြီ။ ။

နေဇော်နိုင်

Sunday, November 18, 2007

တခါတုန်းက စုံနံ့သာမြိုင်


ဘ၀နဲ့အချစ်၊ ဘ၀နဲ့အနုပညာ၊ အနုပညာနဲ့အချစ် ဆက်စပ်နွယ်ယှက်နေသည်။
သီချင်းတွေက အလကားရေးထားတာမဟုတ်ဘူး၊ သူ့နေရာနဲ့သူဆိုဖို့ ရေးထားတာဗျ ဟု သူငယ်ချင်းတယောက်က ပြောဘူးတာ သတိရမိသေးသည်။ တခါတလေ ကိုယ့်ရင်ထဲ ခံစားနေရတာတွေကို သီချင်းတပုဒ် ကောက်ဆိုလိုက်လို့ ပြေလျော့သွားတမျိုး ကြုံဘူးကြလိမ့်မည်။ သို့သော် ထိုသီချင်းကို ရေးသားသူ သို့မဟုတ် သီဆိုခဲ့သူအတွက်ကတော့ သူ့ဘ၀၏ အစိတ်အပိုင်းတခုကို အန်ထုတ်လိုက်ရတာ ဖြစ်ကောင်းဖြစ်နေခဲ့မည်။

ဘယ်လိုပင် နွယ်ယှက်နေသည်ဖြစ်စေ ဘ၀က ဘ၀၊ အနုပညာက အနုပညာသာ ဖြစ်သည်။
ဘ၀က တိုတယ်။ အနုပညာက အဆုံးအစမရှိဘူး တဲ့။
သူငယ်ချင်းတဦးက သူ့လက်ဖျံမှာ ဆေးမင် ရေးထိုးခဲ့ဘူးသည်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ တချို့သောသူတို့အတွက်မူ အနုပညာက ထွက်ပြေးလို့ရသည်။ ဘ၀က ထွက်ပြေးလို့မရ။
တခင်းလုံးဝါနေသည့် နေကြာပန်းခင်းကြီးထဲမှာ ထိုအမှန်တရားကို တခါက ရှာဖွေတွေ့ရှိခဲ့ဘူးသည်ဟု ဆိုလျင်..။

နေကြာပန်း

က။
ဆိုဖီယာလောရင့် ရဲ့
နေကြာပန်းရုပ်ရှင်ထဲက နေကြာခင်းကြီးကိုသတိရ
အ၀ါရောင်အပွင့်ဝိုင်းဝိုင်းကြီးတွေက
စောင့်မျှော်နေသူတယောက်ရဲ့ ၀တ်ဆံတွေအပြည့်နဲ့လေ၊

စစ်ကြီးက
ခေတ်ကြီးက
သူ့ချစ်သူ သူ့လင်သားကို
သူနဲ့ဝေးရာခေါ်သွား
နှုတ်ဆက်အနမ်းကလေးမှမဆုံးခင်
မီးရထားကြီးကထွက်ခွာသွား၊

ဒီလိုနဲ့
နေကြာပန်းတွေအကြိမ်ကြိမ်ပွင့်ခဲ့
အကြိမ်ကြိမ်ညှိးခြောက်ခဲ့
သူမကတော့မညှိးနိုင်မခြောက်နိုင်
ချစ်ခြင်းဝတ်ဆံတွေအပြည့်နဲ့ပေါ့
မီးရထားကြီးထွက်ခွာသွားရာဘက်
စောင့်မျှော်လို့၊

မီးရထားကြီးသာ အကြိမ်ကြိမ်ပြန်လာ
ချစ်တဲ့သူကတော့ မပါ။

သြော်
ရေ မြေ ဆုံးစေတော့ကွယ်
မိန်းမသားမို့ တွေ့အောင်ရှာဖို့မလွယ်
မလွယ် မလွယ် မလွယ်။
နေကြာပန်းတွေသာ
တခင်းလုံးဝါအောင်ပွင့်ခဲ့ပြန်တယ်၊

သူ့ချစ်သူကတော့
စစ်ကိုဖြတ်သန်း
ခေတ်ကိုဖြတ်သန်းရင်း
နေကြာပန်းခင်းကြီးကို မေ့လျော့ခဲ့
သူမကို မေ့လျော့ခဲ့။
စစ်ကိုအပြစ်တင်
ခေတ်ကိုအပြစ်တင်ရင်း
အချစ်ပင်အသစ်စိုက်ခဲ့၊

ခ။
ကြည့်ဖူးတဲ့ရုပ်ရှင်တွေ
ဆိုဖူးတဲ့သီချင်းတွေဟာ
ကိုယ့်ဘ၀နဲ့သက်ဆိုင်လာလိမ့်မယ်လို့
အစကဘာဖြစ်လို့မတွေးခဲ့မိပါလိမ့်။

အခုတော့ အိပ်မက်ထဲမှာ
နေကြာပန်းခင်းကြီးတွေကို မကြာမကြာမြင်ရ
မြင်ရတိုင်း အထိတ်တလန့်အိပ်ယာကနိုး
ရေထသောက်လည်း ခြောက်ခြားဆဲ၊

ဘယ်ဇာတ်လမ်းမှာဖြစ်ဖြစ်
ဇာတ်သိမ်းခန်းက အရေးကြီးတယ်။
တဖြည်းဖြည်းကျလာတဲ့ကတ္တီပါကားလိပ်က
နေကြာပန်းခင်းကြီးကို ဖုံးအုပ်လိုက်တဲ့အခါ
ပင့်သက်ချရင်း ငါတွေးမိတယ်။
ဘ၀ကတော့ရုပ်ရှင်လို
ရုံပြင်ရောက်ရင်ပြီးမသွားဘူးလို့။ ။

နှင်းခါးမိုး

Wednesday, November 14, 2007

သူ့နွေဦးက ခါးခါးသီးသီး ဖူးပွင့်ခဲ့သတဲ့လား


ဘလော့ရေးရင်း သူငယ်ချင်းလေးတယောက် ကောက်ရခဲ့တယ်။ သူ့ဘလော့ ကိုယ့်ဘလော့ အပြန်အလှန် လည်ပတ်ဖတ်ရှုကြရင်း တရားမင်လို့ ပုဂ္ဂိုလ်ချင်းခင်ခဲ့ကြ။ နောက်တော့ နှစ်ဦးချင်း စာတွေ စကားတွေ အပြန်အလှန်ရေးဖြစ် ပြောဖြစ်ကြ။ အနုပညာအကြောင်း၊ နိုင်ငံရေးအကြောင်း၊ သူ့ဘ၀ ကိုယ့်ဘ၀အကြောင်း၊ တောအကြောင်း တောင်အကြောင်းပေါ့လေ။ သူငယ်ချင်းလေးနဲ့ မိုးပေါ်ကလက်ဖက်ရည်ဆိုင်မှာ မကြာခဏ ထိုင်ဖြစ်ခဲ့ကြ။

ဘာသာစကားတူသူချင်းမို့ ခင်မင်မှုကို အချိန်ကာလနဲ့ တိုင်းတာလို့မရနိုင်။
အခု ကျနော့်အတွက် ရေးဖြစ်တဲ့ကဗျာလေးတပုဒ် ပို့လာလို့ သူတောင်းဆိုတဲ့အတိုင်း ဘလော့မှာ တင်လိုက်ပါတယ်။ သူ့ဘလော့မှာ မတင်ဖြစ်တာ၊ သူ့နာမည် ထည့်မဖေါ်ပြလိုက်တာကတော့ သူ့စကားအတိုင်းပဲ မလိုလားအပ်တဲ့ မေးမြန်းစူးစမ်းမှုတွေ ရှိလာမှာ စိုးလို့ပါ။

မျဉ်းကြောင်းတွေ အရောင်တွေမပါ၊ စကားလုံးတွေနဲ့ ကောက်ခြစ်လိုက်တဲ့ အဲ့ဒီပုံတူကို စိုက်ကြည့်ရင်း အခြားလူတယောက်က ကိုယ့်အပေါ် ကြည့်မြင်နားလည်မှုအပေါ် တိတ်ဆိတ်စွာ ခံစားအနည်ကျနေမိခဲ့။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။


ပုံတူပန်းချီကားတစ်ချပ်


ဘ၀မှာ အလှပဆုံး ဂုဏ်ပုဒ်တစ်ခုက

ဘာလဲ လို့မေးခဲ့ရင်

အရုပ်ဆိုးဆိုး နံရံလေးဘက်ကြားက

တွားသွားခဲ့ရတဲ့ နုပျိုမှုတွေပဲရှိတယ်.. တဲ့။


အဲဒီဂုဏ်ပုဒ်ကြီးပဲ လည်ပင်းမှာဆွဲခဲ့ရ

အဲဒီဂုဏ်ပုဒ်ကြီးနဲ့ ဘ၀ကိုခြေရာတိုင်းသူတွေကြား

သူ့နှလုံးသားက ကြွပ်ဆတ်လာခဲ့တယ်

သူ့နွေဦးက ခါးခါးသီးသီး ဖူးပွင့်ရတယ်။


ယောင်္ကျားတစ်ယောက်ရဲ့ကြမ်းတမ်းမှုတွေနဲ့

ယောင်္ကျားတစ်ယောက်ရဲ့နူးညံ့မှုတွေနဲ့

နေကြာပန်းတွေ တခင်းလုံးဝါနေချိန်

လရောင်တခြမ်းကိုကြိတ်လွမ်းခဲ့ရ

အမှောင်ရိပ်ထဲက ညနေခင်းတွေရယ်…။


အနုပညာရဲ့သချိုင်း. တဲ့

ပင်လယ်ရေတစ်ပေါက် ဆက်သောက်

ယုံကြည်ချက်ပေါ် ခြေပစ်လက်ပစ်မှောက်ချဖို့

နှလုံးသားကိုတည့်တည့်တူးထားတဲ့

အဲဒီ ကျင်းနဖူးမှာမှ သူက တာစူနေပါသေးသတဲ့။ ။


ရေးသူ။ ။ ဘလော့သူငယ်ချင်းတဦး

Thursday, November 8, 2007

ဒီကနေ့အထိ ညနေခင်းတွေကတော့ ဒီအတိုင်းပဲ


အပြင်မှာကတည်းက ညနေခင်းတွေကို ခံနိုင်ရည်မရှိဘူး။ ညနေခင်းတွေက ကျနော့် အလွမ်းတံခါးကို ခေါက်တယ်။ ကြေးဝါသော့ခလောက်ကြီးတွေကို တဂျောင်းဂျောင်းနဲ့မြည်အောင် လိုက်စစ်တဲ့ တန်းပိတ်ချိန်ရောက်တိုင်း သံတန်းကို ကျစ်ကျစ်ဆုပ်ပြီး အုတ်ရိုးအသေးလေးဟိုဘက် တဖက်တိုက်တန်း ခေါင်းမိုးပေါ်က သရက်ပင်ကြီးတွေ၊ သရက်ပင်ကြီးနောက်က အလင်းဆုတ်နေတဲ့ မိုးကောင်းကင်နဲ့ အဲဒီမိုးကောင်းကင်နဲ့ သရက်ပင်ကြီးတွေပေါ် အိပ်တန်းလုနေတဲ့ ဆူဆူအာအာ သဲသဲရုတ်ရုတ်နဲ့ ကျီးအုပ်ကြီးတွေကို ငေးကြည့်နေတတ်ခဲ့တယ်။ ကြာတော့ ဒါက ကဗျာတပုဒ်အဖြစ် အရည်တည်ခဲ့။ ဒီမှာ ညနေခင်းဆိုတဲ့ကဗျာတပုဒ် လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က အခန်း လေး၊ ၅ တိုက်၊ အင်းစိန်အကျဉ်းထောင်ထဲမှာ ရေးဖြစ်ခဲ့တယ်။

၁၉၉၅ ကာလလောက်က သူငယ်ချင်းတွေနဲ့ စုလုပ်ဖြစ်ခဲ့တဲ့ ကမ်းရှာငှက် ကဗျာစာအုပ်မှာ ဒီကဗျာလေးအား စီစစ်ရေးကိုဖြတ်ပြိး ပုံနှိပ်ဖေါ်ပြနိုင်ခဲ့တယ်။ ရေးစဉ်က ညနေခင်းကို အဓိကခံစားပြီး ရေးဖွဲ့ခဲ့ပေမယ့် တကယ်က အကျဉ်းခန်းလေးထဲက ဘ၀ကို ထင်ဟပ်ခဲ့တာဖြစ်လို့ ခေါင်းစဉ်ကို ညနေခင်းအစား အခန်းလို့ ပြောင်းခဲ့တယ်။ နောက်တော့ ဆရာမောင်သာနိုးက သူ့ အင်္ဂလိပ်စာသင်တန်းတခုမှာ ဒီကဗျာလေးကို ဘာသာပြန်လေ့ကျင့်ခန်း တခုအဖြစ် ထည့်သွင်းဘာသာပြန်ခဲ့။ စာစောင်တခုမှာ ပါလာတုန်းက ဖတ်လိုက်ရပေမယ့် သိမ်းမထားဖြစ်ခဲ့။ အခု သူငယ်ချင်းတယောက်က တောင်းဆိုလို့ ဘလော့မှာ ဒီကဗျာလေးကို ပြန်တင်ပေးလိုက်ပါတယ်။ ညနေခင်းရဲ့အမှောင်ရိပ်တွေက ဘ၀ရဲ့တံစက်မြိတ်ပေါ် တွားသွားတက်လာစဉ်..။

အခန်း

ညနေဟာ
ကျီးကန်းတွေနဲ့ပြည့်နေတယ်။

အာသာမပြေသေးတဲ့နေရောင်က
သူ့ရဲ့ကျော်ကြားတဲ့ရွှေရောင်နဲ့
သရက်ပင်ကြီးကိုပွေ့ဖက်လို့
ခွဲရအုန်းတော့မယ်ပေါ့လေ။

အခုနေ
မြေကြီးပေါ်လမ်းလျောက်ရရင်
ဘယ်လောက်အရသာရှိလိုက်မလဲ။

ဒီနေ့အဖို့
နောက်ဆုံးသော့ခလောက်ပိတ်သံက
ငါ့ကို အိတ်တလုံးထဲကောက်ထည့်ခဲ့။

သူသာအနားမှာရှိရင်
စိတ်ကိုဆူးစူးသွားပြီလို့
တိုးတိုးလေးပြောမိအုန်းမယ်။

ညနေဟာ
ကျီးကန်းတွေနဲ့ပြည့်နေတော့တယ်။

နှင်းခါးမိုး

Saturday, November 3, 2007

ယမုံနာသောင်ကမ်းမှာ လရိပ်တခြမ်းကျနေခဲ့စဉ်

တောမြိုင်ခရီးကို နှင်လာကြတာ ခရီးရှည်ကြာလာတော့ မောင့်နှမက ခြေဖ၀ါးတော်နုနု သွေးခြေတော်ဥလို့ နွမ်းလျခွေယိုင်..၊ သည်မြိင်ယံမှာပဲ ချန်ထားရစ်ပါလေတော့လို့ အားလျော့ငိုယို မြပုဝါပတ် ခြေစုံရပ်တဲ့အခါ။
နှမရယ်.. ရှေ့တမျှော် ရွှေပြည်တော်နီးပြီမို့ စိုးရိမ်တော်ပို ဆွေးမငိုပါနဲ့ သည်တောသည်တောင်လမ်းမှာ မောင်ထမ်းကာ ခေါ်ပါ့မယ် စသဖြင့် မင်းသားနဲ့ မင်းသမီး အဆိုအငိုအကတွေနဲ့ နှစ်ပါးစုံ ကြာမုံယှက် လထွက်ကလေးနဲ့ နန္ဒာကန်ဘေးမှာ ရွှေရေးမြထပ် ဇာပုဝါပတ်တဲ့ ဇာတ်ဝင်ခန်းကို ဥပမာပေးပြီး ဆရာ ဦးသိန်းဖေမြင့်က အနုပညာသည် အနုပညာအတွက်ဆိုတာ ရှိတယ်၊ ကမ္ဘာ့စာပေမှာလည်း ရှိတယ်။ မြန်မာ့စာပေမှာလည်း ရှိတယ်လို့ ၀ိုင်အမ်စီအေ စာပေဆွေးနွေးပွဲမှာ ဟောပြောခဲ့ဘူးတာ သတိရမိတယ်။ အနုပညာအတွက်နဲ့ ပြည်သူ့အတွက် ဂယက်တွေ ထခဲ့ကြဘူးတဲ့ ဆရာတတ်တိုးနဲ့ ဆရာဒဂုန်တာရာတို့က အဲဒီဆွေးနွေးပွဲ ရှေ့ခုံတန်းမှာ အတူထိုင်နားထောင်နေခဲ့ကြ။

နှစ်တွေလည်း ကြာခဲ့ပြီ။ သမိုင်းခေတ်သည်လည်း အတက်အဆင်း အကွေ့အကောက်ခရီးလမ်းပေါ်မှာ ဖြတ်သန်းခဲ့ပြီ။ ဖန်ခွက်သစ်နဲ့ အရက်ဟောင်းတွေလည်း သောက်ခဲ့ဘူးပြီ။ တချို့က အနုပညာမဲ့သွားကြ။ တချို့က အဘိဓမ္မာမဲ့သွားကြ။ တချို့ကတော့ ရှင်သန်ခြင်းပါမဲ့သွားကြ။ ဘ၀ဆိုတာ ဘာလဲ။ ဘ၀အဓိပ္ပါယ်ဆိုတာ ဘာလဲ။ ဘ၀နဲ့ လောက ဘယ်လိုပေါင်းစပ်ဖွဲ့စည်းသလဲ။ ထိုမေးခွန်းသည်ပင် အဘိဓမ္မာ။ ထိုမေးခွန်းသည်ပင် အနုပညာ မဟုတ်လား။ အခုတော့ ဒါတွေအားလုံး မိုးကုပ်စက်ဝိုင်းတခုတည်းအောက်မှာ အတူရှိနေခဲ့ကြ။ အဲဒီမိုးကုပ်စက်ဝိုင်းဟာ တောအုပ်တအုပ်ဆိုပါတော့။ လေးကိုတင်၍ တောကိုဝင်ကြပါလေ။
ထိုအချိန် လပြာရိပ်နုက ရေးရေးပျပျ..။

တောလမ်းခရီး

သည်တောက
နက်တယ်....
မုဆိုးလည်းပေါ
သားကောင်းလည်းပေါပါဘိ။

လမ်းမပေါက်ဘူး
စခန်းမထောက်ဘူး
နေပြောက်မထိုးဘူး
အော်သံတွေမှာ နာမည်ပါသလိုလို
သစ်ရိပ်တွေနောက်
တကောက်ကောက်လိုက်နေတဲ့မျက်လုံးများ
ကိုယ့်တောတိုးသံမှာ
ကိုယ်ပြန်ခြောက်ခြားကြရ။

သည်တောကို ဖြတ်ရမယ်
တလမ်းစာဖြစ်ဖြစ်
ခုတ်ထွင်ရှင်းလင်းကြရမယ်
တောခြောက်တိုင်း
လမ်းပျောက်နေလို့မဖြစ်ဘူးလေ။

လူမကွဲစေနဲ့
ခြေဦးတည့်ရာမသွားနဲ့
စွတ်ကြောင်းတွေနောက် ရမ်းမလိုက်နဲ့
ရေအိုင်တွေမှာ ထောင်ချောက်တွေနဲ့
သားကောင်က ခြေရာဖျောက်တယ်
မုဆိုးက လင့်စင်ဆောက်တယ်
လန့်လန့်ပြီးထပျံတဲ့ငှက်တွေကြောင့်
တို့ခရီး နှောင့်ရတယ်။

သည်တောက
နက်တယ်...
သားကောင်နဲ့ မုဆိုး
ကံကြမ္မာက အတူတူပဲ။

နှင်းခါးမိုး

Thursday, October 25, 2007

မဟာတံတိုင်းကြီးရဲ့ နံရံပေါ်က ဆေးစက်များ

တရုတ်ပြည်ကြီးထဲမှာ အကျဉ်းကျနေတဲ့ တရုတ်နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့
ထောင်တွင်းမှာရေးဆွဲတဲ့ ပန်းချီကားတွေလို့ သိရပါတယ်။
နော်ဝေကျောင်းသူတယောက်က ယူထုတ်လာပြီး ဘာဂမ်မြို့က ပြခန်းတခုမှာ
ပြပွဲတခု ခင်းကျင်းပြသခဲ့တာကို သွားကြည့်ရင်း ရိုက်ယူလာခဲ့တာပါ။ ပုံတွေကို
ကြည့်လိုက်ရုံနဲ့ ဒီကနေ့ တရုတ်ပြည်ကြီးရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို
သိနိုင်ပါတယ်။ ပြပွဲဖွင့်တဲ့နေ့က မြန်မာပြည်ထဲက စက်တင်ဘာအရေးအခင်းကို
အနီရောင်ဝတ်စုံတွေဝတ်ပြီး ထောက်ခံတဲ့ပွဲနဲ့တိုက်နေလို့ ပြခန်းတခုလုံး
နီသွားခဲ့ပါတယ်။ တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီ အာဏာရလာတော့
တရုတ်နီလို့ ခေါ်ခဲ့ကြပါတယ်။ အနီအနီချင်း ထိပ်တိုက်တိုးခဲ့တဲ့ နေ့ဆိုပါတော့။
ဒါပေမယ့် အနီချင်းတော့ မတူပါ။
ကျနော်တို့က လွတ်လပ်တဲ့အနီ..။
နှင်းဆီနီတွေပွေ့ပိုက်ထားပေမယ့် ကြောက်လန့်မှုတွေဖိစီးနေတဲ့ လူမျက်နှာပုံ
ပန်းချီကားကို ၀ိုင်ခွက်နောက်ခံထားပြီး ဓါတ်ပုံရိုက်ယူခဲ့မိပါတယ်။
ရင်ထဲက စကားလုံးတချို့အတွက် ဆိုပါတော့။


Wednesday, October 24, 2007

လူသတ်သမားရဲ့ ညစာ


လူသတ်သမားက

သွေးအေးတယ်။

သွေးမခြောက်သေးတဲ့လက်နဲ့
စီးကရက်ကိုမီးညှိပုံ၊
သူသတ်ထားတဲ့အလောင်းရဲ့
အင်္ကျီရင်ဘတ်ကြယ်သီးတွေကိုဆွဲစေ့ပေးပုံ၊
ကော်ဖီဆိုင်ထဲကထလာသလို
လေကလေးချွန်ပြီးလျောက်သွားလိုက်သေးသတဲ့။

ဥသြသံတွေဆူညံ
ရဲတွေရောက်လာ
သတင်းစာမျက်နှာဖုံးမှာ
ခေါင်းကြီးစာလုံးမဲကြီးနဲ့ပါလာ
အသတ်ခံရသူရဲ့
အပြစ်ကင်းစင်တဲ့မျက်နှာလေးကို
တီဗွီကမကြာမကြာထုတ်လွှင့်နေ
တမြို့လုံးလည်း
ဒီအမှုအကြောင်းပဲပြောနေကြ။

ရွှေကိုလိုလို့သတ်သလား
လူကိုလိုလို့သတ်သလား
တခါကရန်ညှိးလား
စိတ္တဇလူသတ်သမားလား။

အသေဆိုးလေခြင်းလို့
စုတ်သပ်သူကသပ်
အတင့်ရဲလေခြင်းလို့
ဒေါကန်သူကကန်
ရှေ့ကလမ်းချိုးအကွေ့အမှောင်ရိပ်ထဲ
လူသတ်သမားစောင့်နေမလားလို့
ကြောက်လန့်သူတွေလည်းရှိရဲ့၊
( ဒီလိုနဲ့ ) မြို့ကလေးထဲ
ညအမှောင်ထုကတွားသွားဝင်လာ
တံခါးတွေစောစောပိတ်
မီးတွေစောစောမှိတ်ကြ
စောစောတော့အိပ်မပျော်နိုင်ကြ။

လူသတ်သမားကော
ဒီအချိန်ဆိုညစာစားနေလောက်ပြီ
ဝိုင်ကလေးသောက်လိုက်
စပျစ်သီးလေးမြုံ့လိုက်နဲ့လေ
ပြီးတော့
မနက်ကသွေးစွန်းခဲ့တဲ့သူ့လက်ကို
ဆုပ်လိုက်ဖြန့်လိုက်နဲ့စိုက်ကြည့်ရင်း
ငွေ့ငွေ့ကလေးပြုံးမယ်၊
သူတွေးမိမှာက
တယောက်ကိုသတ်လိုက်ရုံနဲ့
တမြို့လုံးသေဆုံးသွားခဲ့တဲ့အကြောင်း၊


နှင်းခါးမိုး

Monday, October 8, 2007

ဒစ်ဂျစ်တယ်အနုပညာဝါဒနှင့် သိ င်္ဂီတ၀က် မြတ၀က်


သိ င်္ဂီတ၀က် မြတ၀က်ဟုပင် ဖွဲ့ရမည်လား။ ထင်းရူးတောအုပ် မြက်ခင်းနှင့် အခြားစိမ်းစိုဆဲ မြင်ကွင်းထဲ ၀ါရွှေရွက်ခြောက်တို့ တသောသော လွင့်ကြွေကြပုံက ဆောင်းဦးဆောင်းရဲ့ သရုပ်ကိုဖေါ်နေသည်။ တချို့သစ်ပင်တို့ ခပ်တဲတဲ ရွက်ကြွင်းကျဲကျဲဆင်ကာ မလုံ့တလုံဖြင့် အိနြေ္ဒပျက်စပြုနေပြီကော။ နေရောင်စပ်စပ်ရှိနေပေမယ့် လေကအေးစက်နေသည်။ မိုးပြေးကလေး တပြိုက်လောက် သော့နှင်သွားခဲ့လျင်တော့ သဘာဝလောကပန်းချီက လွမ်းရိပ်ဆင်မှိုင်းလို့နေပြန်သည်။ သည်လိုနှင့် သည်တဆောင်းကိုတော့ ဖြတ်ကြရပြန်အုန်းတော့မည်။


လက်ကိုင်ဖုန်းကလေးဖြင့် သဘာဝပုံတွေကို သိမ်းဆည်းနေမိသည်။ နည်းပညာခေတ်မှာ လက်ကိုင်ကိရိယာလေးတခုက အတော်စုံစုံ စွမ်းဆောင်နေနိုင်တာတွေးမိတော့ လူသားတို့၏ တီထွင်ဖန်တီးနိုင်စွမ်းကို အံ့မောရသည်။ တဆက်တည်း အနုပညာနှင့် နည်းပညာ၏ ပေါင်းစပ်မှုကို အတွေးချဲ့နေမိသည်။ တခါကတော့ ပန်းပု ပန်းချီ စာပေ ဂီတ တို့သည် လူသား၏ရုပ်ခန္ဒာကို ကြားခံကိရိယာအဖြစ်ထား၍ မွေးဖွားခဲ့ကြသည်။ အနုပညာနှင့် လုပ်အားတို့ ပေါင်းစည်းခဲ့ကြသည်။ နည်းပညာက အခုလောက် အကောင်မထွားသေး။ ကျောက်ကို ထွင်းသည်။ သစ်သားကို ထုသည်။ ပေရွက်ကို ပရပိုဒ်ပြုကာ ကညစ်ဖြင့်ရေးခြစ်သည်။ သားရေကြက်ဗုံတို့ကို တီးခတ်သည်။ ကညင်ဆီမီးတိုင်အောက်မှာ ချွေးပြိုက်ပြိုက်ကျအောင် ကကြခုန်ကြသည်။ လည်ပင်းကြောတွေထောင်ထအောင် ဟစ်ရ ဟဲရ သီကျုးရသည်။
ခုတော့ သီချင်းနားထောင်မလား။ မိုင်ပေါင်းများစွာ ဝေးကွာသောတနေရာမှ တင်ဆက်မှုတခုကို ရှုစားမလား။ သီကုံးဖွဲ့နွဲ့ထားသည် စကားလုံးတွေကို တနေရာတည်းမှာ မှာယူဖတ်ရှုမလား။ ကိုယ့်ရှေ့က ရှုမျှော်ခင်းကို မျက်နှာမလွှဲနိုင်လို့ ကိုယ့်ဖိုင်ထဲမှာ တခါတည်း သိမ်းဆည်းသွားမလား။ ကိုယ့်အတွေးတွေ၊ ရှာဖွေတွေ့ရှိမှုတွေ၊ ဖန်တီးတင်ပြမှုတွေကို ကမ္ဘာမြေဘယ်နေရာရောက်နေနေ တခြားသူတွေကို ဝေမျှချင်သလား။ လက်တကိုင်စာ ကိရိယာလေးတခုဖြင့် အကုန်လုပ်နိုင်သည်။ ဘယ့်ကလောက် ပဉ္စလက်ဆန်လိုက်ပါသလဲ။

အနုပညာ၏ ပဉ္စလက်သည် နည်းပညာဖြင့် ပြိုးပြက်ထွက်လာသည်။ အတွေးအခေါ် အာရုံခံစားမှုတို့သည် ဒစ်ဂျစ်တယ်လိုက် ဖြစ်ဖို့လိုလာသည်။ ဒါကို ဒစ်ဂျစ်တယ်အနုပညာဟု ခေါ်နိုင်မည်ထင်သည်။ ဒစ်ဂျစ်တယ်အနုပညာသည် ခေတ်ပြိုင်လူမှုဘ၀များကို အောက်ခြေကစ ကိုင်လှုပ်ပစ်တော့မည်။
အလုံးစုံသော ဒစ်ဂျစ်တယ် လူမှုတော်လှန်ရေးကြီးတရပ်ကို ထုတ်လုပ်ဖို့ရာ ဒစ်ဂျစ်တယ်အနုပညာက အသေအချာ ခင်းကျင်းပြင်ဆင်နေကြောင်း ထင်ရှားလာသည်။
သုံညနှင့် တစ်၊ အချစ်နှင့် အမုန်း၊ ကောင်းမှုနှင့် မကောင်းမှု၊ ဖိနှိပ်မှုနှင့် သတ္တိ၊ မုသားနှင့် အမှန်တရား၊ ထိုဒစ်ဂျစ်တယ် ကိန်းဂဏန်းများ၏ အစီအစဉ်ရှိရှိ ဖွဲ့စည်းမှုနောက်တွင် အနိဌာရုံနှင့် အလှတရားကို ရက်ရက်စက်စက် ပေါင်းစည်းတင်ဆက်ထားသော အနုပညာတရပ် အမှန်တကယ် ပေါ်ထွက်လာသည်။ ဒစ်ဂျစ်တယ်အနုပညာဝါဒ။

နည်းပညာသည် အရာတော်တော်များများကို ပြုလုပ်နိုင်စွမ်းရှိသော်လည်း ဘ၀လက်တွေ့ထဲ စွန့်လွှတ်ပေးဆပ်ခြင်းကိုတော့ လူသားကသာ ပြုလုပ်နိုင်စွမ်းရှိ၏။
သို့အတွက်ပင် နည်းပညာနှင့် အတွေးအခေါ် မည်မျှပြိုးပြက် ရဲရင့်ပွင့်လင်းသည်ဖြစ်စေ ပေးဆပ်မှုမဲ့လျင်တော့ ထိုအနုပညာသည် ဖူးဝေမွှေးပျံ့နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ဟု ရဲရဲကြီးဆိုနိုင်သည်။ ရေငတ်ပန်းလို အဆင်းရနံ့မဲ့ သွေ့ခြောက်နေမည်သာ။ ဒစ်ဂျစ်တယ်ပဉ္စလက် အနုပညာရှင်တို့သည် ခေတ်၏တောင်းဆိုမှုအတိုင်း သူတို့ဘ၀ကို သမိုင်းလမ်းမပေါ် ပစ်တင်ခဲ့ကြသည်။ ပစ်တင်ရဲဖို့ လိုလာသည်။ ဒါသည်ပင် ဒစ်ဂျစ်တယ်အနုပညာဝါဒ၏ တကယ့်အနှစ်သာရသဘောဟု ကြေငြာလိုက်ရပေသည်။


Thursday, October 4, 2007

FREE BURMA

RIGHT TO FREE INTERNET
RIGHT TO FREE BLOG

FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE FREE BURMA FREE BURMA FREE


FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE

RIGHT TO FREE INTERNET

RIGHT TO FREE BLOG


Wednesday, October 3, 2007

ကျွဲတကောင်ရဲ့အနုပညာနဲ့ ကပ္ပိယမေတ္တာ


၂၀၀၃ ခုနှစ်က ရေးဖြစ်ခဲ့တဲ့ မြန်မာပြည်၊ ဂိမ်းသီအိုရီနှင့် ကပ္ပိယမေတ္တာ ဆိုတဲ့

စာတပုဒ်ထဲက လက်ရှိအခြေအနေနဲ့ပတ်သတ်လို့ တခုခုပြောချင်နေတဲ့အချိန်မှာ
ဆိုလိုရာကိုပေါ်နိုင်မယ့် အပိုဒ်ကလေးတခု ဒီမှာတင်ပြိး ဝေငှလိုက်ပါတယ်။
လူပြောသူပြောများတဲ့ ဂိမ်းသီအိုရီဆိုတာကို မိမိနားလည်သလောက်
ကိုးကားထားပေမယ့် တကယ်ပြောချင်တာက မြန်မာပြည်ပြဿနာတွေရဲ့
လက်တွေ့သဘာဝကိုပါ။ ဆောင်းပါးတပုဒ်လုံးပြန်မတင်ဖြစ်တာကတော့
အခုအချိန်မှာ လိုရင်းတိုရှင်းပြောတာသာ အသင့်တော်ဆုံးလို့ ယူဆလို့ပါပဲ။

ချုပ်ပြောရရင် သမာရိုးကျကစားပွဲကို ဆက်ကစားကြမလား။ တိုင်းပြည်ကို မီးပုံထဲ
ပစ်ထည့်ပြီး အသစ်ပြန်မွေးဖွားကြမလား။ ဒါလည်း မလုပ်ကောင်းတဲ့ကိစ္စတော့
မဟုတ်ပါဘူး။ ဘယ်ရောဂါမဆို လိမ်းဆေး ရှုဆေးလေးနဲ့ပျောက်သွားရင်တော့
အကောင်းဆုံးပေါ့။ ဒါမှမရရင် စားဆေး ထိုးဆေးနဲ့ တဆင့်တက်ကုရတာပါပဲ။
နောက်ဆုံးမရတော့ရင် ခွဲစိတ် ဖြတ်တောက် ကုသကြရတာပေါ့။ မကုသရဲလို့
ရောဂါကိုဆက်မွေးထားမယ်ဆိုရင်ဖြင့် မကြာခင် အသက်ကိုနှုတ်ယူသွားမှာပဲ။

တရားပွဲတခုမှာ ဆရာတော်တပါးက အခုလို ဟောကြားခဲ့ဖူးတယ်။
ပုံပြင်လေးတပုဒ်ကို ဥပမာဆောင်ပြီး ဟောတာပါ။ ဘုန်းကြီးတပါးနဲ့ ကပ္ပိယ
တယောက် တခြားရွာဆွမ်းစားသွားပြီး ပြန်လာ ကြတယ်။ လမ်းမှာ
လယ်ကွင်းတွေဖြတ်ပြန်အလာ ကျွဲတကောင်က ဘုန်းကြီးသင်္ကန်းဝါ၀ါ
မြင်တော့ ဝှေ့ဖို့အတင်းပြေးဝင်လာတယ်။
ဒါကိုမြင်တော့ ဘုန်းကြီးက နေရာမှာရပ်ပြီး ကျွဲကြီးကို မေတ္တာပို့တယ်။
မေတ္တာသုတ်တို့ အန္တရယ်ကင်းဂါထာတို့ တဖွဖွရွတ်ပြီး မေတ္တာ ပို့တယ်။
ဒါပေမယ့် ကျွဲကြီးက တုန့်ရပ်မသွားဘူး။ အရှိန်နဲ့ တအားဝှေ့ဖို့ပြေးလာတယ်။
တဖြည်းဖြည်းနီးလာတော့ ကပ္ပိယကြီးက စဉ်းစားတယ်၊ အင်း ကျွဲကြီးကတော့
တကယ်ဝှေ့တော့မှာပဲ။ ဘုန်းကြီးကလည်း နေရာကမရွေ့ မေတ္တာပို့နေပုံနဲ့တော့
ငါ့ဘုန်းကြီး ဒုက္ခ ရောက်ရချည့်ရဲ့ ပေါ့။ အဲဒါနဲ့ ကျွဲကြီးလည်း အနားရောက်
်လာရော ကပ္ပိယကြီးက အနားမှာတွေ့တဲ့ တီကျစ်စာခဲကောက်ကိုင်ပြီး တအား
ထုထည့်လိုက်တယ်။ ဒီတော့မှ ကျွဲကြီးလည်းပြေး၊ ဘုန်းကြီးလည်းဘေးလွတ်
သွားတော့တယ်။
ချုပ်လိုက်တော့ ဘုန်းကြီးပို့တဲ့ မေတ္တာနဲ့မပြေး၊ ကပ္ပိယကြီးပို့လိုက်တဲ့ တီကျစ်စာခဲ
မေတ္တာနဲ့မှ ကျွဲကြီးကပြေးတော့တာကိုး။

တိုင်းပြည်ကိုမငဲ့၊ ကိုယ်လုပ်ချင်ရာဇွတ်လုပ်နေတဲ့ စစ်အစိုးရရဲ့လုပ်ရပ်တွေကို
မြင်တော့ ဒေါ်စုတို့အန်အယ်ဒီတို့ ဘုန်းကြီး မေတ္တာပို့တာလောက်နဲ့တော့ ဒင်းတို့က
ရပ်မယ်မထင်။ ကပ္ပိယမေတ္တာပို့မှသာ ဖြစ်တော့မယ်ထင်တယ်တဲ့။
ငါသေမှ လက်နက်ရမယ်ဆိုတဲ့သူတွေကို ဘုန်းကြီးမေတ္တာပို့နေရင်သိပ်နောက်ကျ
သွားလေမလား။ မေတ္တာသုတ်ကိုရွတ်ရင်း တီကျစ်စာခဲ လက်ထဲကိုင်ထားမှသာ
ငါသေမှလက်နက်ရမယ်ဆိုတဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်ချနိုင်လိမ့်မယ်ထင်ပါတယ်။

သပြေခက်တွေကို တွက်ရေလို့စောင့်ပေတော့ ..

အာဏာက လူကို ရူးသွပ်စေတယ်။
မေတ္တာတရားက လောကကြီးကို ပွင့်ဖူးစေတယ်။


အိုလူကြီးမင်း....
ဒီသေးကွေးတဲ့လက်ကလေးထဲက အရှိန်အဟုန်နဲ့စီးကျလာတဲ့
ကြီးမားတဲ့မေတ္တာတရားကို ခင်ဗျား သယ်ဆောင်သွားပါ။
ပြီးတော့ သွေးမခြောက်သေးတဲ့လက်တွေကို
ခင်ဗျားဆွဲရမ်းနှုတ်ဆက်တဲ့အခါ

အဲဒီ့မေတ္တာတရားနဲ့ သူတို့ရဲ ဆောက်တည်ရာမဲ့နေရှာတဲ့စိတ်တွေကို
ငြိမ်းသတ်ပေးနိုင်ပါစေသတည်း။


Tuesday, October 2, 2007

သစ္စာလမ်းဆုံမှာ ချစ်ခြင်းရဲ့ဗုံသံတွေနဲ့


ဇီမာဆိုတာ ဆိုက်ဘေးရီးယားက မီးရထားလမ်းဆုံ မြို့သေးကလေးပါ။ ကောက်ထွက်မကောင်းတဲ့နှစ်တွေကိုသာ သစ္စာတရားလို့သိသွားရရှာတဲ့
သူ့ဘိုးဘေးတွေအတွက် ယက်ဖ်တူရှင်ကိုဟာ ဒီကဗျာကိုရေးပါတယ်။
ဒီခေတ်မှာ တကယ်ချစ်မိတဲ့သူဟာ ဘာမှ သုံးစားမရတော့ဘူး လို့
သူက ဆိုညည်းခဲ့ပေမယ့် ဒီကဗျာမှာတော့ မယုံကြည်ခြင်းတရားမရှိ
ပြင်းထန်တဲ့အချစ်စိတ်အပြည့်နဲ့ သူ့ရင်ထဲကခံစားချက်တွေကို
ထုတ်ဖေါ်ကြေငြာခဲ့ပါတယ်။ ကြီးမြတ်ခြင်းက သူ့ကိုခေါ်နေတဲ့အတွက်
ကဗျာဆရာဟာ အသေအချာစဉ်းစားပြီး တရားမျှတစွာ ပြန်ထူးခဲ့ပါတယ်။
သူက တခုတည်းသောသစ္စာတရားရဲ့ ရိုးသားတဲ့မီလျှံထဲမှာ
နောက်ပြန်မလှည့်ပဲ ရဲရဲချီနိုင်ဖို့သာ ငါ ဆုတောင်းတယ်လို့ ဆိုလိုက်ပါသေးတယ်။

သူ့ရဲ့ ဇီမာလမ်းဆုံ ကဗျာရှည်ကြီးထဲက အောက်ပါကဗျာစာကြောင်းတွေဟာ
ဒီကနေ့ ကျနော်တို့ရဲ့ ရင်နဲ့ဘ၀ကို တိုက်ရိုက်ထိမှန်စေပါတယ်။

ဒါပေမယ့် ဒီခေတ်ကြီး
ငါတို့ခေတ်ကြီးရဲ့ အကြောင်းအရာတွေကို
ဘယ်မှာမတွေးပဲ နေနိုင်ပါ့မလဲ
ငါချစ်ခင်စွာတွေးပါတယ်။

စိတ်မပျက်ပါနဲ့
ဒီအခြေအနေဟာ မင်းတယောက်တည်းရဲ့
သီးခြားတဲ့အခြေအနေမဟုတ်ပါဘူး။
မင်းတယောက်တည်းသာ
ဒီလို ရှာဖွေတာ တည်ဆောက်တာ
ပဋ္ဋိပက္ခဖြစ်တာမဟုတ်ပါဘူး၊

ထာဝရမေးခွန်းအတွက်
အဖြေမထွက်သေးပေမယ့် စိတ်မပျက်ပါနဲ့။
ဆက်လုပ်ပါ စဉ်းစားပါ နားထောင်ပါ
ရှာပါ ဖွေပါ
ကမ္ဘာအနှံ့ခရီးဖြန့်ပါ၊
သစ္စာတရားကိုမရှာပဲ
ကိုယ့်စိတ်ကူးနဲ့လိုက်ဖက်တဲ့ ပျော်ရွှင်မှုမျိုးကိုရှာပါ၊
ဒါပေမယ့် သစ္စာတရားမရှိရင်
ပျော်ရွှင်မှုလည်း မရှိနိုင်ဘူးပေါ့။

အေးစက်တဲ့မာန်မာနနဲ့
စူးရှပြင်းပျတဲ့မျက်လုံးများနဲ့
မျက်ရည်တွေ လျပ်ရောင်တွေ
မိုးရေစိုပက်ထားတဲ့ အရိုက်ခံဦးခေါင်းနဲ့
ရှေ့တည့်တည့်ကိုလျောက်ပါ
လူထုတွေကို ချစ်ပါ

အချစ်မှာ
သူ့ဘာသာသူရွေးတတ်တဲ့သတ္တိရှိပါတယ်။

ယက်ဖ်တူရှင်ကို ( ဇီမာလမ်းဆုံ )



Wednesday, September 26, 2007

ရေကြည်အိုင်နဲ့ အ၀ီစိ


သံဃာဆိုတာ လူတွေရဲ့ ကောင်းမှုမျိုးစေ့တို့ကို စိုက်ပျိုးကြဲချရာ
လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူပါသတဲ့။
သတ္တ၀ါအပေါင်းတို့အား ဆင်းရဲခြင်းမှ လွတ်မြောက်စေနိုင်သဖြင့်
ဤကမ္ဘာလောက၌ အကောင်းဆုံး အသာလွန်ဆုံး အမွန်မြတ်ဆုံး
ရတနာတပါး ဖြစ်တော်မူပါသတဲ့။

သမုဒ်ပြင်ထက် ခဏတက်တဲ့ ရေပွက်ပမာ တဘ၀တာအတွက်
ဘ၀သံသရာခရီးရှည်ကြီးထဲမှာ အပယ်ရထားလက်မှတ်
ဘိုကင်ဖြတ်နေကြသူတွေကို သနားလို့ ဖတ်မိတဲ့စာတပုဒ်ကို
ဒီနေရာကနေ လူကြုံပါးလိုက်ပါရစေ။
.....

၁၉၉၀ ခုနှစ် ဒီဇင်ဘာကပါ။


နှင်းတွေ ဖွေးဖွေးလှုပ်နေအောင်ကျနေလို့ ထောင်ဖွင့်နောက်ကျတဲ့
တမနက်ခင်းမှာ…
ဂန်ဖလားတွေပြည့်နေလို့ ကုဋီတက်ရခက်ပြီး ဒုက္ခဖြစ်နေရတဲ့
ဆရာတော်ကြီးတွေကို ကျနော်တွေ့ခဲ့ရပါတယ်။ ဂန်ဖလားက (၁) ခန်းကို
(၂) လုံးပဲ ပေးထားပြီး (၈) ပေ (၁၀) ပေ အခန်းကျဉ်းလေးထဲမှာ ဆရာတော်တွေ
(၅) ပါး။ (၆) ပါး အပြည့်အသိပ်ထည့်ထားတာပါ။ ဂန္ဓာရုံတိုက်အုပ် ဆရာတော်၊
ရွှေဘုန်းပွင့် ဆရာတော်၊ သာကေတ ဆရာတော်၊ မဟာဗောဓိ ဆရာတော်၊
မေဒိနီ ဆရာတော်၊ အင်းစိန်ရွာမ ဆရာတော်၊ သိမ်တော်ကြီး ဆရာတော်၊
သရက်တောကျောင်းတိုက် ဆရာတော်ကြီးများနှင့်
စာဝါတက်နေတဲ့ သံဃာတော်တွေ။


အင်္ကျီအဖြူ ပုံမကျ ပန်းမကျတွေနဲ့ ပုဆိုးအပြာရောင်ကွက်ထောက်တွေနဲ့။
အင်းစိန် သီးသန့် အကျဉ်း ထောင်ရဲ့ အဆောင် (၁) နှင့် (၂) မှာ တရာနီးပါး
လောက်ရှိတဲ့ သံဃာတွေနဲ့ ပြည့်လုဘနန်း ဖြစ်သွား ရတယ်။ ရန်ကုန်က
ကျောင်းတိုက်ကြီးတွေကို မွှေနှောက်ဖမ်းဆီးပြီး စစ်ကြောရေးစခန်းတွေမှာ
သင်္ဃန်းဆွဲချွတ် လူဝတ်လဲခိုင်းပြီး အင်းစိန်ထောင်ကို ပို့လိုက်တာပါ။


တိပိဋကတ် (၃) ပုံ နှုတ်ငုံအောင်ထားပြီးတဲ့ ဂန္ဓာရုံဆရာတော် ဦးသုမင်္ဂလ ပဲ
ဖြစ်ဖြစ်၊ (၂) ပုံအောင် ထားတဲ့ ဂန္ဓရုံတိုက်အုပ် ဆရာတော်ပဲဖြစ်ဖြစ်၊
စကြာသီဟ၊ စေတီယင်္ဂနစာမေးပွဲတွေကို ထူးထူး
ချွန်ချွန်
အောင်မြင်ထားတဲ့ ကျမ်းပြုဆရာတော်တွေပဲဖြစ်ဖြစ်
အင်္ကျီအဖြူ ပုဆိုးကွက်ထောက်တွေနဲ့ ဖြစ်နေကြပါပြီ။


ပုဆိုးကို ကောင်းကောင်းမစည်းတတ်လို့ သင်းပိုင်ဝတ်သလိုလိပ်ပြီး
ဝတ်ထားတာကလည်း ဆရာတော်ကြီးတွေကို မြင်နေရတဲ့ ကျနော်တို့အဖို့
စိတ်မသက်မသာရှိလှပါတယ်။


စစ်ကြောရေးစခန်းမှာ ဆရာတော်တွေကို ကျွမ်းထိုးခိုင်းတဲ့အကြောင်း၊
ထိုင်ထ လုပ်ခိုင်းတဲ့အကြောင်း၊ အရိုက်အနှက်ခံရတဲ့အကြောင်း၊ “မင်းတို့က
ဘုန်းကြီးမဟုတ်ဘူး။ သံဃာမဟုတ်ဘူး။ မင်းတို့က သင်္ဃန်းဝတ်တွေ” ဆိုပြီး
မကြားဝံ့မနာသာ ဆဲရေးတိုင်းထွာခံရတဲ့အကြောင်း ဦးဇင်းငယ်တွေက
ပြောပြကြပါတယ်။ ဆရာတော်ကြီးတွေကတော့ ကျနော်တို့ ဒေါသဖြစ်ပြီး
အကုသိုလ်ဖြစ်မှာစိုးလို့ ထင်ပါရဲ့။ သိပ်မပြောစေချင်ကြဘူး။


ဒီလိုရန်ကုန်မှာ ဆရာတော်တွေကို အင်းစိန်ထောင်ထဲ ပို့လိုက်သလို မန္တလေး
လေးပြင်လေးရပ်က ဆရာတော်တွေကိုလည်း မန္တလေးထောင်တွေထဲကို
ထောက်လှမ်းရေး (၁)၊ ထောက်လှမ်းရေး (၁၆) က တဆင့် ပို့လိုက်ကြပါပြီ။
ထောင်ဒဏ် (၃) နှစ်၊ (၇) နှစ်၊ (၁၀) နှစ် အသီးသီးချပြီး ထောင်တွေခွဲပြီး
ပို့လိုက်ပါတယ်။ တိပိဋကတ်ဆရာတော် ဦးသုမင်္ဂလဆိုရင် ဟိုးအဝေးဆုံး
မြစ်ကြီးနားထောင်ထိ ပို့ပစ်လိုက်ပါတယ်။



မန္တလေးထောက်လှမ်းရေး (၁) ထဲမှာ ရက်ရက်စက်စက် ဦးဇင်းတပါးကို
နှိပ်စက်နေရင်း စစ်ထောက် လှမ်းရေးက အခုလို ခြိမ်းခြောက်ပါသတဲ့။


“ဟေ့ကောင် သင်္ဃန်းဝတ် မင်း ရေကြည်အိုင်ဆိုတာ ကြားဖူးလား”

ဦးဇင်းကလည်း ချက်ချင်း ပြန်မေးလိုက်တယ်။

“ရေကြည်အိုင်ကို ဦးဇင်း ကြားဖူးပါတယ်။ ဒကာရော အ၀ီဇိ ဆိုတာ ကြားဖူးလား”

ရိုက်နေတဲ့ ထောက်လှမ်းရေးဟာ တချက်ငိုင်သွားတယ်။ ပြီးတော့ငြိမ်သွားတယ်။
ပြီးတော့ အခန်း အပြင်ကို ထွက်သွားတယ်။ သူ့ ဂျူတီချိန်းသွားတဲ့အထိ
ပြန်ဝင်မလာတော့ဘူးလို့ ဦးဇင်းက ပြန်ပြော ပြတာကို ကျနော် အမြဲကြားနေမိတယ်။
စစ်ထောက်လှမ်းရေး ထိပ်သီးကြီးများအလိုအရ ဆဲရဆိုရ ရိုက်ရနှက်ရ လုပ်ကြရပေမယ့် ဗုဒ္ဓဘာသာဝင်တယောက်အနေနှင့် “ဒကာရော အ၀ီဇိဆိုတာ ကြားဖူး လား” ဆိုတဲ့
မေးခွန်းဟာ ဘယ်ထိ တာသွားခဲ့ပြီလဲ။


လွန်းနွေငြိမ်းရဲ့ ခေတ်ပြိုင်က အ၀ီစိဆိုတာကြားဘူးသလား ဆောင်းပါးထဲက ကောက်နှုတ်ဖေါ်ပြလိုက်တာပါ။

Thursday, September 20, 2007

မေတ္တာတရားကို ဘယ်သူအောင်နိုင်ခဲ့ဘူးသလဲ


ရန်ကုန်မှာ ဒကာဒကာမတွေရဲ့လူမှုဒုက္ခတွေကို မေတ္တာရှေ့ထား ကယ်တင်နိုင်ဖို့
မိုးရွာမရှောင်၊ နေပူမရှောင် လမ်းမတွေပေါ် ဒုက္ခစရိယာခံ လှည့်လည်ကြွချီပြီး
ဆန္ဒတော် ထုတ်ဖော်ပြသနေကြတဲ့ ဘုရားသားတော်တွေနောက် အမြဲတမ်း
လိုက်လံ စောင့်ကြည့်နေတဲ့ ကားသုံးစင်းအကြောင်း
သံဃာတော်တွေနောက် အမြဲလိုက်စောင့်ရှောက်နေတဲ့ မြို့ခံလူတဦးက
သတင်းပေးပို့လာတာကို သူငယ်ချင်းတဦးက ကျနော့်ဘလော့ပေါ်ကတဆင့်
အားလုံးကို သိစေချင်တယ်ဆိုလို့ ဒီမှာ တင်ပေးလိုက်ပါတယ်။

၂၀၊ စက်တင်ဘာ၊ ၂၀၀၇

ရန်ကုန်မှာ ဘုန်းကြီးတွေနောက်ကနေ တောက်လျောက်လိုက်နေခဲ့တဲ့
ကားနံပါတ်တွေ..


၁။ အ ၄၉၁၄ - ဗင်ကား၊ ဘုန်းကြီးအိုနှစ်ပါးနဲ့ လူသုံးယောက်လောက်ပါ။

၂။ ၂ခ ၇၀၇၆ - မာစီးဒီးလို ကားကောင်း၊ အစိုးရအရာရှိ၊ လူကြီးပိုင်းလို့
ယူဆရသူတွေပါ။

၃။ ၄ခ ၁၃၇၂ - မှန်လုံဂျစ်ကား၊ အရာရှိတွေပါပုံရ။

ဒါ - ကိုယ်တိုင် ဘုန်းကြီးတွေကြွတဲ့လမ်းတလျောက် ကိုယ်တိုင်လိုက်သွားခဲ့တဲ့
လူတယောက်က ပြန်ပြောပြတာတွေပါ၊

ဘာဖြစ်လို့ ဒီလို လိုက်နေတာလဲ။
ဖြိုခွဲမှုမှာ ကိုယ်တိုင် ကြီးကြပ်ကြဖို့လား။
သံဃာတော်တွေထဲက ပေါက်ကွဲထွက်လာရင် အချိန်မီ အချိုသတ်
ထိန်းသိမ်းနိုင်ဖို့လား။ ဒါမှမဟုတ် သံဃာတော်တွေကို သူတို့ထဲက
သူတို့ကိုယ်တိုင်မသိတဲ့ အုပ်စုတစုက ၀င်ရောက်အကြမ်းဖက်လာရင်
အချိန်မီ ဟန့်တားနိုင်ဖို့လား။

ကျနော်ထင်မြင်ချက်ကိုဝင်ပြောရရင် ဒီကိစ္စကြီးကတဆင့် တနိုင်ငံလုံး
အုံကြွထွက်လာမယ့်အရေးကို အာဏာပိုင်တွေကိုယ်တိုင် ဒီတခါ
တွေးကြောက်နေပြီး တစုစုက သူတို့ကို ဒီကိစ္စထဲဝင် အမြတ်ထုတ်၊
နိုင်ငံရေးချောက်ကျအောင်လုပ်နိုင်တယ်လို့ တွေးပူနေပုံ ရပါတယ်။
ပိုဆိုးတာက အဲဒီတစုစုက သူတို့ထဲကလည်း ဖြစ်နိုင်တယ်ဆိုတာ
ကြိတ်သိနေတာပါ။

လက်ရှိ အာဏာသိမ်းအုပ်စုရဲ့ ၁၉ နှစ်တာကာလမှာ အခုအချိန်ဟာ
အားအနည်းဆုံးအချိန်လို့ ယူဆနိုင်စရာရှိပါတယ်။ ဘယ်သူမဆို
ကိုယ့်ရပ်တည်မှုအတွက် နောက်ဆုံးရုန်းကန်တဲ့အခါ နည်းလမ်းပေါင်းစုံကို
သုံးတတ်ကြောင်း၊ အထူးသဖြင့် တိုင်းပြည်ရဲ့ အရေးကိစ္စတွေကို
ကိုင်တွယ်တဲ့အခါ လူထုကို ဘယ်တော့မှ လေးလေးစားစား ထည့်မတွက်
တတ်တဲ့ မြန်မာစစ်အုပ်စုခေါင်းဆောင်ပိုင်းရဲ့ ခြေစလက်စကိုတော့
သတိကြီးစွာထားကြပါလို့ အဝေးကနေ ကြောင့်ကျစိတ်နဲ့ လက်တို့လိုက်ပါရစေ။


Wednesday, September 19, 2007

စက်တင်ဘာဟာ ဒီနေ့ထိ စီးဆင်းနေတယ်

စာရွက်တွေ ဘောပင်တွေ မမြင်ရမှ စာရေးချင်စိတ်က ယင်းထနေခဲ့တယ်။
နာရီဝက်လောက် ရေးချိုးပေးဆင်းတဲ့အခိုက်လေးမှာ လမ်းပေါ်က
သဲတွေခဲတွေကို ဆွပြီး အရေးအခင်းကာလ ထောင်မီးလောင်တုန်းက
ဒီဘက် တိုက်ဝင်းထဲ လွင့်စင်ကျခဲ့တဲ့ မီးသွေးဖြစ်နေတဲ့ သစ်သားစလေးတွေ
လိုက်ကောက်တယ်။ ပြီးတော့ စိတ်ထဲတေးပြီး ရေးဖြစ်တာလေးတွေ
အခန်းနံရံပေါ်မှာ ချရေးတယ်။ ညအိပ်ရင် နံရံပေါ်က စာပိုဒ်လေးတွေ
စိတ်ထဲ အလွတ်ကျတ်နေခဲ့တယ်။ တလာစီမယ်ကြားတာနဲ့ နံရံပေါ်က
စာတွေ အစအနမကျန်အောင် ဖျက်ပစ်ရပြန်ရော။
ရေးမှတ်သိမ်းဆည်းခွင့်မရတဲ့အခါ ကဗျာတွေကို စိတ်မှာ
အထပ်ထပ်ရွတ်ဖတ်ရင်း အလွတ်ရခဲ့တော့တယ်။

၁၉၉၀ ခုနှစ်ရဲ့ စက်တင်ဘာ ၂၅ ဟာ အင်းစိန်ထောင်ထဲက
နိုင်ငံရေးအကျဉ်းသားတွေအတွက် သမိုင်းဝင် တိုက်ပွဲနေ့ တနေ့ ဖြစ်ခဲ့တယ်။
၂၄ ရက်နေ့ညမှာ မနက်ဖြန်မနက် ဘာဖြစ်မယ်လို့ ကြိုမသိခဲ့ကြဘူး။
မိန်းမဆောင်နဲ့ ကြိုးတိုက်ဘက်ဆီက လက်ခုပ်သံတွေ အော်သံတွေကို မသဲမကွဲ
မကြားဖြစ်ခင် ညဦးပိုင်းမှာပဲ နောက်နေ့ကျမယ့် မွေးနေ့အတွက်
ရေးဖြစ်တဲ့ကဗျာတပုဒ်ကို တခြားအခန်းတွေအားလုံးကြားအောင်
ရွတ်ဆိုခဲ့တယ်။ မထင်မှတ်ပဲ တိုက်ပွဲအကြိုဖြစ်ခဲ့ရတာ
အခုနေပြန်တွေးမိတော့ မှတ်မှတ်ရရ ဖြစ်ရပြန်တယ်။

တနေ့လုံး အသံကုန်အော်ကြ၊ တခန်းတလှည့် မိန့်ခွန်းတွေပြောကြ၊
ကမ္ဘာမကြေသီချင်းဆိုကြ၊ လက်ခုပ်တီးကြ၊ ပန်းကန်ပြားတွေနဲ့ သံတိုင်တွေကို
ရိုက်ခတ်ကြ။ အပြင်ကလူတွေ ကြားမှစိုးလို့ အာဏာပိုင်တွေက ထောင်ရိုးပေါ်
အော်လံကြီးတင်ပြီး ၀င်းဦးရဲ့ အို အို့ အိုး မမမိုး မမမိုး သီချင်းကို
တနေကုန်ဖွင့်ထားခဲ့တာ။ ညနေမှာတော့ အင်အားအလုံးအရင်းနဲ့
တိုက်ခန်းကျဉ်းထဲ အပိတ်ခံထားရပြီး အသံနဲ့ပဲတိုက်နိုင်တဲ့သူတွေကို
ရက်ရက်စက်စက် ၀င်ရောက်ဖြိုခွင်းတာ ခံခဲ့ရ။ ခွေးလိုနွားလို ဆွဲထုတ်သွားတာ
ခံကြရ။ ကိုယ့်ခံနိုင်ရည်ကိုပဲ နှုတ်ခမ်းပေါ်တင်ပြီး ဖိကိုက်ထားခဲ့ရတဲ့နေ့တွေ..။
နှစ်တွေကြာခဲ့ပေမယ့် ထောင်ထဲမှာရေးဖြစ်တဲ့ ကဗျာတွေကို
အလွတ်ရသလို ဘာတခုကိုမှ မမေ့မပျောက်နိုင်သေး။

ဘ၀ကို နှစ်ကာလနဲ့ တိုင်းတာလိုသူတို့ သင်တို့ကြားဘူးပါစ
နာကျင်မှုတိုင်းမှာ ပန်းတခင်းရှိတယ် ကြီးကျယ်ခမ်းနားတဲ့ပေးဆပ်မှုဆိုတာ
သူ့ကိုယ်ပိုင်စာမျက်နှာနဲ့သူ ရှိတယ်..၊
ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားတို့ကျနော့်တို့ နေထိုင်ဖြတ်သန်းနေရတာက..။

ရွှေကလပ်ပေါ်မှာ
စစ်ဖိနပ်တင်ထားတဲ့ခေတ်

၁။
ဒီည

ခြင်ရယ် ဂျပိုးရယ်
သတိရမှုရယ်
တယ်ကိုက်ပါလား။

အိမ်ကအိပ်ယာတစ်ခြမ်း
ချစ်သူကိုငုံ့ကိုင်း၍နမ်းစဉ်
အခန်းကျဉ်းကလေးထဲရေငတ်ခဲ့။

သေချာတာက
အချစ်
တော်လှန်ရေး
ထောင်
လူငယ်ဘ၀ကိုမီးညှိ
လျာထဲခါးလာတဲ့ထိ ဖွာကြည့်မိခဲ့တာပ။

၂။
ကျခံစေ တဲ့၊
တရားဥပဒေကိုရွှေကလပ်ပေါ်တင်ထားတာ
ကြည့်လို့တော့ကောင်းပါရဲ့
ဒါပေမယ့် စင်မြင့်ပေါ်စစ်ဖိနပ်သံခပ်ပြင်းပြင်း
ခေတ်ကိုရှင်းလင်းဖော်ပြဖို့ရာ
ဒီ့ထက်ကောင်းတဲ့နမူနာ မရှိနိုင်တော့။

၃။
ကိုယ့်ကိုယ်ကိုတောင်
မမြင်ဘူးတာကြာပြီ၊
ရေအိုးထဲ ဘွားကနဲ တွေ့လိုက်ရ
အသက်ပြင်းပြင်းမရှုရဲ
ယုံကြည်ချက်ကိုခပ်တိုတိုညှပ်ပြီး
မသပ်မရပ်ဖြီးထားကာ
ခွက်အလွတ်တစ်လုံးလို
ဘာမှ ထည့်မထားတဲ့ မျက်နှာတစ်ခု
အဖုံးကို အသာပြန်ချထားလိုက်တယ်။

ထောင် ဆိုတာ
ရှင်နေတဲ့ လူတွေကို မြုပ်ထားတဲ့
အုတ်ဂူတစ်လုံးပေပဲ။

နှလုံးသားဂြိုဟ်တုက တစ်ဆင့်
သူမထံ သတင်းပို့လိုက်တယ်၊
ဒီမှာမင့်သူရဲကောင်း
ကိုယ့်ကိုယ်ကို စီးချင်းထိုးရင်း
ကျဆုံးသွားပြီလို့။

၎။
ဘ၀နဲ့အိပ်မက်
ကျစ်ထားတဲ့ကြိုးတန်းပေါ်မှာ
ပျော့အိပျော့ဖတ် စိုထိုင်းထိုင်း
င့ါ ခန္ဒာကိုယ်ကြီး
မနက်ကျ ပြန်ကောက်ဝတ်ရပေဦးတော့မယ်။ ။


နှင်းခါးမိုး
၂၅ စက်တင်ဘာ ၁၉၉၀


Monday, September 17, 2007

စားပွဲကို အချစ်နဲ့ ထုကြပါစို့


ညစ်ထေးသလောက် လှပတဲ့ အဲဒီဧရာဝတီဆိုတဲ့ မြစ်ကြီးဘေးမှာပဲ
သူ့ဘ၀ကို အသစ်စခဲ့ပါတယ်ဆိုတဲ့၊
မြန်မာပြည်က ပိတောက်ပန်းအကြောင်း ကဗျာဖွဲ့ခဲ့တဲ့၊
ကဗျာဆိုတာ ကျနော်တို့တွေ လုပ်ငန်းခွင်မှာ ၀တ်ထားတဲ့အ၀တ်အစားလိုပဲ
မသန့်စင်နိုင်ဘူးလို့ ဆိုခဲ့တဲ့
ကြီးမြတ်သောကဗျာဆရာလူဆိုးကြီး နီရူဒါ ရဲ့
သစ်ခုတ်သမားနိုးကြားလော့
ကဗျာရှည်ကြီးထဲက နောက်ဆုံးအပိုဒ်တပိုဒ်ပါ။

.................................
အိပ်မက်တွေထဲမှာ ငါဟာ

အိမ်ကိုပြန်ရောက်နေတယ၊်

အဲဒီမှာ လေဟာ စပါးကျီကိုခေါက်နေတယ်
ပင်လယ်က ရေခဲတွေကို ပက်နေတယ်
ငါဟာ ကဗျာဆရာတယောက်သာဖြစ်တယ်
သင်တို့အားလုံးကို ငါချစ်တယ်၊
ငါချစ်တဲ့ ကမ္ဘာကြီးထဲမှာ ငါလျောက်သွားတယ်
ငါ့တိုင်းပြည်မှာ သူတို့ဟာ
သတ္တုတွင်းတူးသမားတွေကို
ထောင်သွင်းအကျဉ်းချထားပြီး
သူတို့တွေက တရားသူကြီးတွေကို
အမိန့်တွေပေးနေကြတယ်။
ဒါပေမယ့် အေးစက်တဲ့ငါ့တိုင်းပြည်ကလေးမှာ

သစ်မြစ်တွေကိုတောင် ငါချစ်တယ်၊
တကယ်လို့ အကြိမ်ပေါင်းတထောင်သေလို့ရှိရင်

အဲဒီမှာပဲ ငါသေချင်တယ်၊
တကယ်လို့ အကြိမ်ပေါင်းတထောင်ပြန်မွေးရင်လည်း

အဲဒီမှာပဲ ငါမွေးချင်တယ်၊
မြင့်မားတဲ့ထင်းရူးရိုင်းပင်ကြီးတွေနားမှာ
မုန်တိုင်းထန်တဲ့တောင်လေမှာ
အသစ်ဝယ်ထားတဲ့ခေါင်းလောင်းတွေနားမှာ

ဘယ်သူမှ ငါ့အကြောင်းကို မတွေးပါစေနဲ့တော့၊

ကမ္ဘာမြေကြီးအကြောင်းကိုပဲတွေးပြီး

စားပွဲကို အချစ်နဲ့ ထုကြပါစို့

ပေါင်မုန့်ကိုနှစ်ဖို့၊ ပဲတောင့်ကိုနှစ်ဖို့၊ ဂီတကိုနှစ်ဖို့

သွေးတွေကို နောက်ထပ်မလိုချင်တော့ဘူး၊

သတ္တုတွင်းတူးသမားရယ်၊ သူငယ်မလေးရယ်

ရှေ့နေရယ်၊ သင်္ဘောသားရယ်
အရုပ်လုပ်တဲ့သူရယ်

သူတို့ကို ရုပ်ရှင်ရုံထဲ ၀င်ကြည့်စေချင်တယ်

ပြန်ထွက်လာတော့ အနီရဲဆုံးဝိုင်ကိုသောက်စေချင်တယ်၊
ငါဟာ ပြဿနာကိုဖြေရှင်းဖို့ လာတာမဟုတ်ဘူး

တေးဆိုဖို့လာတာဖြစ်တယ်
သင်တို့လည်း ငါနဲ့အတူ တေးဆိုစေချင်တယ်။ ။





သစ်ခုတ်သမား နိုးကြားလော့ ( နီရူဒါ )
မောင်သစ်တည် ဘာသာပြန်
နိုင်ငံတကာကဗျာရှည်သုံးပုဒ်




Thursday, September 13, 2007

သူကောက်သိမ်းလိုက်တာက နွေဆံမြိတ်ပေါ်က ပန်းနုတိမ်ကလစ်ကလေးတချောင်း


ဒီကနေ့ မိုးရွာမယ် ကြေငြာထား
ပေမယ့်မနက်ပိုင်းကလေး

နေတပြိုက်လောက် လင်းလိုက်
သေးတယ်။ ငယ်ငယ်က ကျောင်း
ပြေးတဲ့အကျင့်က မပျောက်ဘူး။
ဒီမနက်လည်း ကျောင်းမရောက်ပဲ
မြို့ထဲရောက်သွားတယ်။ ကော်ဖီ
သောက်တယ်။ ရေကန်ဘေး
သွားထိုင်ရင်း ဟိုငေး ဒီငေး၊ ဟိုတွေးဒီတွေး၊ FM ရေဒီယိုလေးနားထောင်။


နွေတုန်းကလောက် အရောင်မစုံတော့ပေမယ့် မြို့ကလေးက ပန်းပွင့်တွေနဲ့
ဝေဆာဆဲ။ အစက ပန်းတွေ ဘာလို့ ဒီလောက်ပွင့်ပါလိမ့်လို့ တအံ့တသြ

ဖြစ်ခဲ့မိတယ်။ နောက်တော့မှ ပွင့်မယ့်ဆဲဆဲ
ပန်းတွေ အိုးလိုက်အိုးလိုက်
မြေကြီးထဲ လာစိုက်ကြတာကိုး။
သည်တော့လည်းဧည့်ခန်းထဲ အလှထိုးသလို
ပန်းတွေက အကန့်လိုက်၊ အလွှာလိုက်၊ တထပ်ပြီး တထပ် အရောင်စုံစပ်ပြီး
လှနေတော့တယ်။
သြော် မြို့ကြီးကိုက ပန်းအိုးကြီးတလုံး ဖြစ်နေခဲ့တာကိုး။


အခုတော့ ဆောင်းဦးကျကာစ။
နှင်းတွေမမြင်ရသေးပေမယ့်
အပူချိန်က တဆယ်ဝန်းကျင်
အောက် ကျလာနေပြီ။
တောင်ပတ်လည်ဝိုင်းတဲ့မြို့မို့
တိမ်တွေက တောင်တက်ကော
တောင်ဆင်းပါ မိုးစက်တွေ
သွန်းသွန်းချနေတော့တာပဲ။ ပင်လယ်ဘက်က လေ၊ တောင်ကြားကလေ၊
ရေလက်ကြားတွေထဲက လေ၊ လေက မျက်နှာစုံက လှည့်တိုက်နေသေးတယ်။

လေကော
မိုးရေပါ လက်ဖျားတွေကို အေးစက်စေတာမို့ကဗျာဆန်ဆန်
မိုးရေထဲလမ်းလျောက်ချင်လို့မရ။
လမ်းကြိုလမ်းကြားတွေထဲ တိုးဝင်ကာ
သွားလိုရာသုတ်ခြေတင်ကြရတယ်။

သည်ကြားထဲက အခုလို နေကလေး
ပြန်ပွင့်လာတယ်ဆိုရင် ခွက်ထဲက

လက်ကျန်တစက်ကို အရသာခံ
သလိုမျိုး လမ်းတွေပေါ်မှာလူတွေ

ကိုယ့်ကိုယ်ကိုယ် ဖြန့်ခင်းနေကြ
ပြန်ရော။ သည်လူတွေကြားထဲ
ကိုယ်တိုင်လည်း စိတ်ကလေး
လန်းဆန်းသလိုရှိလာတာနဲ့ နောက်လလောက်ဆို မြင်ခွင့်ရတော့မှာမဟုတ်တဲ့
နွေနှောင်းဆောင်းဦးပုံရိပ်တွေကို သိမ်းဆည်းချင်စိတ်ဖြစ်လာလို့
လက်ကိုင်ဖုန်းကလေးနဲ့ပဲ ဓါတ်ပုံတချို့ ရိုက်လိုက်မိတယ်။
အခုတလော
ပို့စ်အသစ်မတင်ဖြစ်လို့လာလည်တဲ့ ဘလော့ဘော်ဒါ
တွေကို မျက်နှာပူတာ
တွေ
ပြေရာပြေကြောင်း ဥရောပမြောက်ပိုင်းက ဧည့်သည်ပျော်တဲ့
မြို့ကလေးတမြို့ရဲ့ ဆံမြိတ်လည်းပြေ
ပန်းလည်းကြွေစ ကပိုကရိုအလှလေးကို
သည်မှာ တင်ဆက်လိုက်ပါရဲ့။

မကြာခင်မှာ သစ်ရွက်အနီတွေဖြန့်ခင်းထားတဲ့
နှင်းတ၀က် မိုးတ၀က် စိုစက်စက် ဆောင်းဦး
ဆောင်းရဲ့ မြင်ကွင်းကျယ်အလွမ်းရက်များထဲ
ဘ၀ကို စေးစေးပိုင်ပိုင် ဖွင့်ဆိုဖြစ်လေ
အုန်းမလား...။
ဒီစာမျက်နှာတွေကိုတော့ ဆက်ရေးဖြစ်နေအုန်းမှာပါ။

Wednesday, September 5, 2007

ဇာခန်းဆီးပေါ်ကလိပ်ပြာတကောင်


၀၀၅ ခုနှစ်ရဲ့ နေလည်ခင်းတခုမှာဖြစ်သည်။ စိတ်က ဟာလာဟင်းလင်း။
လက်ထဲရောက်လာသည့် ဘောပင်တချောင်းကို ဟိုခြစ်ဒီခြစ်လုပ်ရင်း
စာရွက်ပေါ် စကားလုံးတချို့ အမှတ်မထင် ချရေးဖြစ်သွားသည်။
စကားလုံးတွေက မကြာခင် အသံတွေမြည်လာသည်။ အဓိပ္ပါယ်တွေ
လှုပ်ခါထွက်လာသည်။ ကစားပွဲတခုထဲ ကျွံကျသွားသလားထင်ရသည်။
တကယ်က လူတယောက်ရဲ့ဘ၀မှာလည်း အသံတွေရှိသည်။ ၀ှက်နေတဲ့
အဓိပ္ပါယ်တွေ၊ ငုပ်နေတဲ့ အဓိပ္ပါယ်တွေ ရှိသည်။ ဆိပ်ကမ်းတခုမှာ
စာကြောင်းတွေ ဆိုက်ကပ်မိတဲ့အခါ ခါးကိုဆန့်၍ ထရပ်လိုက်သည်။
တခါတလေ
ကဗျာဆိုတာ ဒီလိုပဲ တိုးဝှေ့တိုက်ခတ်လာတတ်သည် မဟုတ်
လား။
ပိတ်မထားဖြစ်ပေမယ့် စိတ်တံခါးမှာ ဇာနားတပ်ခန်းစီးစလေးတွေက
လှုပ်ခါလို့..။


နှလုံးသားထဲကသစ်ရွက်တွေကို
လေတိုက်နေတယ်

သရက်ကိုင်းပေါ်မှာနားနေတဲ့ငှက်တကောင်
မှတ်စုစာအုပ်လေးထဲ
နေ့လည်ခင်းမင်အပြာနဲ့ရေးခြစ်
နှစ်ပေါင်းများစွာပေါင်းခဲ့တဲ့မိန်းမကလည်း
စစ်မျက်နှာတခုဖြစ်ခဲ့
အပေါ်ထပ်ကခြေသံကိုနားစွင့်
အပြင်မှာလေတိုက်သံ၊ ကားမောင်းဝင်လာသံ
မင်းသမီးကမင်းသားကိုပါးရိုက်လိုက်တဲ့အခန်းမှာ
လက်ကဘောပင်ကိုခဏချတယ်။

ဘ၀အကြောင်းလား
အတွေးအခေါ်အကြောင်းလား
မအောင်မြင်တဲ့တိုက်ပွဲလား၊
ကဗျာမရေးဖြစ်ဘူး
မနေ့ညကမအိပ်ဖြစ်ဘူး
စောင့်နေတဲ့ဖုန်းကမလာဘူး၊
သစ်ရွက်တွေ မြက်ပင်တွေကို လေတိုက်နေတယ်
ခြံရှေ့ကဖြတ်သွားတဲ့လူက အိမ်ထဲကိုလှမ်းကြည့်တယ်
စားပွဲပေါ်က မဆေးရသေးတဲ့ကော်ဖီခွက်က
ဘယ်သူသောက်သွားတာလဲ။

ပျော်စရာတော့ အကောင်းသား
နေ့လည်ခင်းဂိမ်းတခုကိုတွေ့ရှိခဲ့ပြီ၊
ပြီးတော့ လူတွေကပြောမယ်
ဘာမှမရှိတဲ့အထဲက
တခုပြီးတခုဆွဲထုတ်မယ်
အနှစ်နှစ်အလလကြိုးပမ်းမှုတခုလို
ငါကခပ်တည်တည်နေလိုက်မယ်
အကိုက်အခဲပျောက်ဆေးလိုပဲ
တခါတရံဘ၀နဲ့ဆော့ကြည့်မိပါတယ်
တကယ်က သိပ်နက်ဖို့မလို
အစနဲ့အဆုံးသာလိုတယ်
စ ထားတာတွေဆုံးဖို့လိုတယ်
လေတိုက်နေတဲ့သစ်ရွက်တွေဟာ
နှလုံးသားထဲမှာလှုပ်ခါနေဖို့လိုတယ်
ဘယ်သူမဆို
ကိုယ့်အရေပြားနဲ့ကိုယ်နေဖို့လိုတယ်၊

စာကြောင်းရေမသိ
စာလုံးရေမသိ
အလှမဲ့မဲ့
တရားမဲ့မဲ့
ထုပ်ပိုးခဲ့ပြီးပြီ။
မည်သို့ဖြစ်စေ
လူအဖြစ်နဲ့စခဲ့သလို
လူအဖြစ်နဲ့ဆုံးဖို့သာ
ပလပ်စတစ်ကုလားထိုင်ဆိုတာ
ရွှေ့ရပြောင်းရလွယ်ကူတယ်။ ။