Thursday, October 25, 2007

မဟာတံတိုင်းကြီးရဲ့ နံရံပေါ်က ဆေးစက်များ

တရုတ်ပြည်ကြီးထဲမှာ အကျဉ်းကျနေတဲ့ တရုတ်နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့
ထောင်တွင်းမှာရေးဆွဲတဲ့ ပန်းချီကားတွေလို့ သိရပါတယ်။
နော်ဝေကျောင်းသူတယောက်က ယူထုတ်လာပြီး ဘာဂမ်မြို့က ပြခန်းတခုမှာ
ပြပွဲတခု ခင်းကျင်းပြသခဲ့တာကို သွားကြည့်ရင်း ရိုက်ယူလာခဲ့တာပါ။ ပုံတွေကို
ကြည့်လိုက်ရုံနဲ့ ဒီကနေ့ တရုတ်ပြည်ကြီးရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို
သိနိုင်ပါတယ်။ ပြပွဲဖွင့်တဲ့နေ့က မြန်မာပြည်ထဲက စက်တင်ဘာအရေးအခင်းကို
အနီရောင်ဝတ်စုံတွေဝတ်ပြီး ထောက်ခံတဲ့ပွဲနဲ့တိုက်နေလို့ ပြခန်းတခုလုံး
နီသွားခဲ့ပါတယ်။ တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီ အာဏာရလာတော့
တရုတ်နီလို့ ခေါ်ခဲ့ကြပါတယ်။ အနီအနီချင်း ထိပ်တိုက်တိုးခဲ့တဲ့ နေ့ဆိုပါတော့။
ဒါပေမယ့် အနီချင်းတော့ မတူပါ။
ကျနော်တို့က လွတ်လပ်တဲ့အနီ..။
နှင်းဆီနီတွေပွေ့ပိုက်ထားပေမယ့် ကြောက်လန့်မှုတွေဖိစီးနေတဲ့ လူမျက်နှာပုံ
ပန်းချီကားကို ၀ိုင်ခွက်နောက်ခံထားပြီး ဓါတ်ပုံရိုက်ယူခဲ့မိပါတယ်။
ရင်ထဲက စကားလုံးတချို့အတွက် ဆိုပါတော့။


Wednesday, October 24, 2007

လူသတ်သမားရဲ့ ညစာ


လူသတ်သမားက

သွေးအေးတယ်။

သွေးမခြောက်သေးတဲ့လက်နဲ့
စီးကရက်ကိုမီးညှိပုံ၊
သူသတ်ထားတဲ့အလောင်းရဲ့
အင်္ကျီရင်ဘတ်ကြယ်သီးတွေကိုဆွဲစေ့ပေးပုံ၊
ကော်ဖီဆိုင်ထဲကထလာသလို
လေကလေးချွန်ပြီးလျောက်သွားလိုက်သေးသတဲ့။

ဥသြသံတွေဆူညံ
ရဲတွေရောက်လာ
သတင်းစာမျက်နှာဖုံးမှာ
ခေါင်းကြီးစာလုံးမဲကြီးနဲ့ပါလာ
အသတ်ခံရသူရဲ့
အပြစ်ကင်းစင်တဲ့မျက်နှာလေးကို
တီဗွီကမကြာမကြာထုတ်လွှင့်နေ
တမြို့လုံးလည်း
ဒီအမှုအကြောင်းပဲပြောနေကြ။

ရွှေကိုလိုလို့သတ်သလား
လူကိုလိုလို့သတ်သလား
တခါကရန်ညှိးလား
စိတ္တဇလူသတ်သမားလား။

အသေဆိုးလေခြင်းလို့
စုတ်သပ်သူကသပ်
အတင့်ရဲလေခြင်းလို့
ဒေါကန်သူကကန်
ရှေ့ကလမ်းချိုးအကွေ့အမှောင်ရိပ်ထဲ
လူသတ်သမားစောင့်နေမလားလို့
ကြောက်လန့်သူတွေလည်းရှိရဲ့၊
( ဒီလိုနဲ့ ) မြို့ကလေးထဲ
ညအမှောင်ထုကတွားသွားဝင်လာ
တံခါးတွေစောစောပိတ်
မီးတွေစောစောမှိတ်ကြ
စောစောတော့အိပ်မပျော်နိုင်ကြ။

လူသတ်သမားကော
ဒီအချိန်ဆိုညစာစားနေလောက်ပြီ
ဝိုင်ကလေးသောက်လိုက်
စပျစ်သီးလေးမြုံ့လိုက်နဲ့လေ
ပြီးတော့
မနက်ကသွေးစွန်းခဲ့တဲ့သူ့လက်ကို
ဆုပ်လိုက်ဖြန့်လိုက်နဲ့စိုက်ကြည့်ရင်း
ငွေ့ငွေ့ကလေးပြုံးမယ်၊
သူတွေးမိမှာက
တယောက်ကိုသတ်လိုက်ရုံနဲ့
တမြို့လုံးသေဆုံးသွားခဲ့တဲ့အကြောင်း၊


နှင်းခါးမိုး

Monday, October 8, 2007

ဒစ်ဂျစ်တယ်အနုပညာဝါဒနှင့် သိ င်္ဂီတ၀က် မြတ၀က်


သိ င်္ဂီတ၀က် မြတ၀က်ဟုပင် ဖွဲ့ရမည်လား။ ထင်းရူးတောအုပ် မြက်ခင်းနှင့် အခြားစိမ်းစိုဆဲ မြင်ကွင်းထဲ ၀ါရွှေရွက်ခြောက်တို့ တသောသော လွင့်ကြွေကြပုံက ဆောင်းဦးဆောင်းရဲ့ သရုပ်ကိုဖေါ်နေသည်။ တချို့သစ်ပင်တို့ ခပ်တဲတဲ ရွက်ကြွင်းကျဲကျဲဆင်ကာ မလုံ့တလုံဖြင့် အိနြေ္ဒပျက်စပြုနေပြီကော။ နေရောင်စပ်စပ်ရှိနေပေမယ့် လေကအေးစက်နေသည်။ မိုးပြေးကလေး တပြိုက်လောက် သော့နှင်သွားခဲ့လျင်တော့ သဘာဝလောကပန်းချီက လွမ်းရိပ်ဆင်မှိုင်းလို့နေပြန်သည်။ သည်လိုနှင့် သည်တဆောင်းကိုတော့ ဖြတ်ကြရပြန်အုန်းတော့မည်။


လက်ကိုင်ဖုန်းကလေးဖြင့် သဘာဝပုံတွေကို သိမ်းဆည်းနေမိသည်။ နည်းပညာခေတ်မှာ လက်ကိုင်ကိရိယာလေးတခုက အတော်စုံစုံ စွမ်းဆောင်နေနိုင်တာတွေးမိတော့ လူသားတို့၏ တီထွင်ဖန်တီးနိုင်စွမ်းကို အံ့မောရသည်။ တဆက်တည်း အနုပညာနှင့် နည်းပညာ၏ ပေါင်းစပ်မှုကို အတွေးချဲ့နေမိသည်။ တခါကတော့ ပန်းပု ပန်းချီ စာပေ ဂီတ တို့သည် လူသား၏ရုပ်ခန္ဒာကို ကြားခံကိရိယာအဖြစ်ထား၍ မွေးဖွားခဲ့ကြသည်။ အနုပညာနှင့် လုပ်အားတို့ ပေါင်းစည်းခဲ့ကြသည်။ နည်းပညာက အခုလောက် အကောင်မထွားသေး။ ကျောက်ကို ထွင်းသည်။ သစ်သားကို ထုသည်။ ပေရွက်ကို ပရပိုဒ်ပြုကာ ကညစ်ဖြင့်ရေးခြစ်သည်။ သားရေကြက်ဗုံတို့ကို တီးခတ်သည်။ ကညင်ဆီမီးတိုင်အောက်မှာ ချွေးပြိုက်ပြိုက်ကျအောင် ကကြခုန်ကြသည်။ လည်ပင်းကြောတွေထောင်ထအောင် ဟစ်ရ ဟဲရ သီကျုးရသည်။
ခုတော့ သီချင်းနားထောင်မလား။ မိုင်ပေါင်းများစွာ ဝေးကွာသောတနေရာမှ တင်ဆက်မှုတခုကို ရှုစားမလား။ သီကုံးဖွဲ့နွဲ့ထားသည် စကားလုံးတွေကို တနေရာတည်းမှာ မှာယူဖတ်ရှုမလား။ ကိုယ့်ရှေ့က ရှုမျှော်ခင်းကို မျက်နှာမလွှဲနိုင်လို့ ကိုယ့်ဖိုင်ထဲမှာ တခါတည်း သိမ်းဆည်းသွားမလား။ ကိုယ့်အတွေးတွေ၊ ရှာဖွေတွေ့ရှိမှုတွေ၊ ဖန်တီးတင်ပြမှုတွေကို ကမ္ဘာမြေဘယ်နေရာရောက်နေနေ တခြားသူတွေကို ဝေမျှချင်သလား။ လက်တကိုင်စာ ကိရိယာလေးတခုဖြင့် အကုန်လုပ်နိုင်သည်။ ဘယ့်ကလောက် ပဉ္စလက်ဆန်လိုက်ပါသလဲ။

အနုပညာ၏ ပဉ္စလက်သည် နည်းပညာဖြင့် ပြိုးပြက်ထွက်လာသည်။ အတွေးအခေါ် အာရုံခံစားမှုတို့သည် ဒစ်ဂျစ်တယ်လိုက် ဖြစ်ဖို့လိုလာသည်။ ဒါကို ဒစ်ဂျစ်တယ်အနုပညာဟု ခေါ်နိုင်မည်ထင်သည်။ ဒစ်ဂျစ်တယ်အနုပညာသည် ခေတ်ပြိုင်လူမှုဘ၀များကို အောက်ခြေကစ ကိုင်လှုပ်ပစ်တော့မည်။
အလုံးစုံသော ဒစ်ဂျစ်တယ် လူမှုတော်လှန်ရေးကြီးတရပ်ကို ထုတ်လုပ်ဖို့ရာ ဒစ်ဂျစ်တယ်အနုပညာက အသေအချာ ခင်းကျင်းပြင်ဆင်နေကြောင်း ထင်ရှားလာသည်။
သုံညနှင့် တစ်၊ အချစ်နှင့် အမုန်း၊ ကောင်းမှုနှင့် မကောင်းမှု၊ ဖိနှိပ်မှုနှင့် သတ္တိ၊ မုသားနှင့် အမှန်တရား၊ ထိုဒစ်ဂျစ်တယ် ကိန်းဂဏန်းများ၏ အစီအစဉ်ရှိရှိ ဖွဲ့စည်းမှုနောက်တွင် အနိဌာရုံနှင့် အလှတရားကို ရက်ရက်စက်စက် ပေါင်းစည်းတင်ဆက်ထားသော အနုပညာတရပ် အမှန်တကယ် ပေါ်ထွက်လာသည်။ ဒစ်ဂျစ်တယ်အနုပညာဝါဒ။

နည်းပညာသည် အရာတော်တော်များများကို ပြုလုပ်နိုင်စွမ်းရှိသော်လည်း ဘ၀လက်တွေ့ထဲ စွန့်လွှတ်ပေးဆပ်ခြင်းကိုတော့ လူသားကသာ ပြုလုပ်နိုင်စွမ်းရှိ၏။
သို့အတွက်ပင် နည်းပညာနှင့် အတွေးအခေါ် မည်မျှပြိုးပြက် ရဲရင့်ပွင့်လင်းသည်ဖြစ်စေ ပေးဆပ်မှုမဲ့လျင်တော့ ထိုအနုပညာသည် ဖူးဝေမွှေးပျံ့နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ဟု ရဲရဲကြီးဆိုနိုင်သည်။ ရေငတ်ပန်းလို အဆင်းရနံ့မဲ့ သွေ့ခြောက်နေမည်သာ။ ဒစ်ဂျစ်တယ်ပဉ္စလက် အနုပညာရှင်တို့သည် ခေတ်၏တောင်းဆိုမှုအတိုင်း သူတို့ဘ၀ကို သမိုင်းလမ်းမပေါ် ပစ်တင်ခဲ့ကြသည်။ ပစ်တင်ရဲဖို့ လိုလာသည်။ ဒါသည်ပင် ဒစ်ဂျစ်တယ်အနုပညာဝါဒ၏ တကယ့်အနှစ်သာရသဘောဟု ကြေငြာလိုက်ရပေသည်။


Thursday, October 4, 2007

FREE BURMA

RIGHT TO FREE INTERNET
RIGHT TO FREE BLOG

FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE FREE BURMA FREE BURMA FREE


FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE BURMA FREE

RIGHT TO FREE INTERNET

RIGHT TO FREE BLOG


Wednesday, October 3, 2007

ကျွဲတကောင်ရဲ့အနုပညာနဲ့ ကပ္ပိယမေတ္တာ


၂၀၀၃ ခုနှစ်က ရေးဖြစ်ခဲ့တဲ့ မြန်မာပြည်၊ ဂိမ်းသီအိုရီနှင့် ကပ္ပိယမေတ္တာ ဆိုတဲ့

စာတပုဒ်ထဲက လက်ရှိအခြေအနေနဲ့ပတ်သတ်လို့ တခုခုပြောချင်နေတဲ့အချိန်မှာ
ဆိုလိုရာကိုပေါ်နိုင်မယ့် အပိုဒ်ကလေးတခု ဒီမှာတင်ပြိး ဝေငှလိုက်ပါတယ်။
လူပြောသူပြောများတဲ့ ဂိမ်းသီအိုရီဆိုတာကို မိမိနားလည်သလောက်
ကိုးကားထားပေမယ့် တကယ်ပြောချင်တာက မြန်မာပြည်ပြဿနာတွေရဲ့
လက်တွေ့သဘာဝကိုပါ။ ဆောင်းပါးတပုဒ်လုံးပြန်မတင်ဖြစ်တာကတော့
အခုအချိန်မှာ လိုရင်းတိုရှင်းပြောတာသာ အသင့်တော်ဆုံးလို့ ယူဆလို့ပါပဲ။

ချုပ်ပြောရရင် သမာရိုးကျကစားပွဲကို ဆက်ကစားကြမလား။ တိုင်းပြည်ကို မီးပုံထဲ
ပစ်ထည့်ပြီး အသစ်ပြန်မွေးဖွားကြမလား။ ဒါလည်း မလုပ်ကောင်းတဲ့ကိစ္စတော့
မဟုတ်ပါဘူး။ ဘယ်ရောဂါမဆို လိမ်းဆေး ရှုဆေးလေးနဲ့ပျောက်သွားရင်တော့
အကောင်းဆုံးပေါ့။ ဒါမှမရရင် စားဆေး ထိုးဆေးနဲ့ တဆင့်တက်ကုရတာပါပဲ။
နောက်ဆုံးမရတော့ရင် ခွဲစိတ် ဖြတ်တောက် ကုသကြရတာပေါ့။ မကုသရဲလို့
ရောဂါကိုဆက်မွေးထားမယ်ဆိုရင်ဖြင့် မကြာခင် အသက်ကိုနှုတ်ယူသွားမှာပဲ။

တရားပွဲတခုမှာ ဆရာတော်တပါးက အခုလို ဟောကြားခဲ့ဖူးတယ်။
ပုံပြင်လေးတပုဒ်ကို ဥပမာဆောင်ပြီး ဟောတာပါ။ ဘုန်းကြီးတပါးနဲ့ ကပ္ပိယ
တယောက် တခြားရွာဆွမ်းစားသွားပြီး ပြန်လာ ကြတယ်။ လမ်းမှာ
လယ်ကွင်းတွေဖြတ်ပြန်အလာ ကျွဲတကောင်က ဘုန်းကြီးသင်္ကန်းဝါ၀ါ
မြင်တော့ ဝှေ့ဖို့အတင်းပြေးဝင်လာတယ်။
ဒါကိုမြင်တော့ ဘုန်းကြီးက နေရာမှာရပ်ပြီး ကျွဲကြီးကို မေတ္တာပို့တယ်။
မေတ္တာသုတ်တို့ အန္တရယ်ကင်းဂါထာတို့ တဖွဖွရွတ်ပြီး မေတ္တာ ပို့တယ်။
ဒါပေမယ့် ကျွဲကြီးက တုန့်ရပ်မသွားဘူး။ အရှိန်နဲ့ တအားဝှေ့ဖို့ပြေးလာတယ်။
တဖြည်းဖြည်းနီးလာတော့ ကပ္ပိယကြီးက စဉ်းစားတယ်၊ အင်း ကျွဲကြီးကတော့
တကယ်ဝှေ့တော့မှာပဲ။ ဘုန်းကြီးကလည်း နေရာကမရွေ့ မေတ္တာပို့နေပုံနဲ့တော့
ငါ့ဘုန်းကြီး ဒုက္ခ ရောက်ရချည့်ရဲ့ ပေါ့။ အဲဒါနဲ့ ကျွဲကြီးလည်း အနားရောက်
်လာရော ကပ္ပိယကြီးက အနားမှာတွေ့တဲ့ တီကျစ်စာခဲကောက်ကိုင်ပြီး တအား
ထုထည့်လိုက်တယ်။ ဒီတော့မှ ကျွဲကြီးလည်းပြေး၊ ဘုန်းကြီးလည်းဘေးလွတ်
သွားတော့တယ်။
ချုပ်လိုက်တော့ ဘုန်းကြီးပို့တဲ့ မေတ္တာနဲ့မပြေး၊ ကပ္ပိယကြီးပို့လိုက်တဲ့ တီကျစ်စာခဲ
မေတ္တာနဲ့မှ ကျွဲကြီးကပြေးတော့တာကိုး။

တိုင်းပြည်ကိုမငဲ့၊ ကိုယ်လုပ်ချင်ရာဇွတ်လုပ်နေတဲ့ စစ်အစိုးရရဲ့လုပ်ရပ်တွေကို
မြင်တော့ ဒေါ်စုတို့အန်အယ်ဒီတို့ ဘုန်းကြီး မေတ္တာပို့တာလောက်နဲ့တော့ ဒင်းတို့က
ရပ်မယ်မထင်။ ကပ္ပိယမေတ္တာပို့မှသာ ဖြစ်တော့မယ်ထင်တယ်တဲ့။
ငါသေမှ လက်နက်ရမယ်ဆိုတဲ့သူတွေကို ဘုန်းကြီးမေတ္တာပို့နေရင်သိပ်နောက်ကျ
သွားလေမလား။ မေတ္တာသုတ်ကိုရွတ်ရင်း တီကျစ်စာခဲ လက်ထဲကိုင်ထားမှသာ
ငါသေမှလက်နက်ရမယ်ဆိုတဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်ချနိုင်လိမ့်မယ်ထင်ပါတယ်။

သပြေခက်တွေကို တွက်ရေလို့စောင့်ပေတော့ ..

အာဏာက လူကို ရူးသွပ်စေတယ်။
မေတ္တာတရားက လောကကြီးကို ပွင့်ဖူးစေတယ်။


အိုလူကြီးမင်း....
ဒီသေးကွေးတဲ့လက်ကလေးထဲက အရှိန်အဟုန်နဲ့စီးကျလာတဲ့
ကြီးမားတဲ့မေတ္တာတရားကို ခင်ဗျား သယ်ဆောင်သွားပါ။
ပြီးတော့ သွေးမခြောက်သေးတဲ့လက်တွေကို
ခင်ဗျားဆွဲရမ်းနှုတ်ဆက်တဲ့အခါ

အဲဒီ့မေတ္တာတရားနဲ့ သူတို့ရဲ ဆောက်တည်ရာမဲ့နေရှာတဲ့စိတ်တွေကို
ငြိမ်းသတ်ပေးနိုင်ပါစေသတည်း။


Tuesday, October 2, 2007

သစ္စာလမ်းဆုံမှာ ချစ်ခြင်းရဲ့ဗုံသံတွေနဲ့


ဇီမာဆိုတာ ဆိုက်ဘေးရီးယားက မီးရထားလမ်းဆုံ မြို့သေးကလေးပါ။ ကောက်ထွက်မကောင်းတဲ့နှစ်တွေကိုသာ သစ္စာတရားလို့သိသွားရရှာတဲ့
သူ့ဘိုးဘေးတွေအတွက် ယက်ဖ်တူရှင်ကိုဟာ ဒီကဗျာကိုရေးပါတယ်။
ဒီခေတ်မှာ တကယ်ချစ်မိတဲ့သူဟာ ဘာမှ သုံးစားမရတော့ဘူး လို့
သူက ဆိုညည်းခဲ့ပေမယ့် ဒီကဗျာမှာတော့ မယုံကြည်ခြင်းတရားမရှိ
ပြင်းထန်တဲ့အချစ်စိတ်အပြည့်နဲ့ သူ့ရင်ထဲကခံစားချက်တွေကို
ထုတ်ဖေါ်ကြေငြာခဲ့ပါတယ်။ ကြီးမြတ်ခြင်းက သူ့ကိုခေါ်နေတဲ့အတွက်
ကဗျာဆရာဟာ အသေအချာစဉ်းစားပြီး တရားမျှတစွာ ပြန်ထူးခဲ့ပါတယ်။
သူက တခုတည်းသောသစ္စာတရားရဲ့ ရိုးသားတဲ့မီလျှံထဲမှာ
နောက်ပြန်မလှည့်ပဲ ရဲရဲချီနိုင်ဖို့သာ ငါ ဆုတောင်းတယ်လို့ ဆိုလိုက်ပါသေးတယ်။

သူ့ရဲ့ ဇီမာလမ်းဆုံ ကဗျာရှည်ကြီးထဲက အောက်ပါကဗျာစာကြောင်းတွေဟာ
ဒီကနေ့ ကျနော်တို့ရဲ့ ရင်နဲ့ဘ၀ကို တိုက်ရိုက်ထိမှန်စေပါတယ်။

ဒါပေမယ့် ဒီခေတ်ကြီး
ငါတို့ခေတ်ကြီးရဲ့ အကြောင်းအရာတွေကို
ဘယ်မှာမတွေးပဲ နေနိုင်ပါ့မလဲ
ငါချစ်ခင်စွာတွေးပါတယ်။

စိတ်မပျက်ပါနဲ့
ဒီအခြေအနေဟာ မင်းတယောက်တည်းရဲ့
သီးခြားတဲ့အခြေအနေမဟုတ်ပါဘူး။
မင်းတယောက်တည်းသာ
ဒီလို ရှာဖွေတာ တည်ဆောက်တာ
ပဋ္ဋိပက္ခဖြစ်တာမဟုတ်ပါဘူး၊

ထာဝရမေးခွန်းအတွက်
အဖြေမထွက်သေးပေမယ့် စိတ်မပျက်ပါနဲ့။
ဆက်လုပ်ပါ စဉ်းစားပါ နားထောင်ပါ
ရှာပါ ဖွေပါ
ကမ္ဘာအနှံ့ခရီးဖြန့်ပါ၊
သစ္စာတရားကိုမရှာပဲ
ကိုယ့်စိတ်ကူးနဲ့လိုက်ဖက်တဲ့ ပျော်ရွှင်မှုမျိုးကိုရှာပါ၊
ဒါပေမယ့် သစ္စာတရားမရှိရင်
ပျော်ရွှင်မှုလည်း မရှိနိုင်ဘူးပေါ့။

အေးစက်တဲ့မာန်မာနနဲ့
စူးရှပြင်းပျတဲ့မျက်လုံးများနဲ့
မျက်ရည်တွေ လျပ်ရောင်တွေ
မိုးရေစိုပက်ထားတဲ့ အရိုက်ခံဦးခေါင်းနဲ့
ရှေ့တည့်တည့်ကိုလျောက်ပါ
လူထုတွေကို ချစ်ပါ

အချစ်မှာ
သူ့ဘာသာသူရွေးတတ်တဲ့သတ္တိရှိပါတယ်။

ယက်ဖ်တူရှင်ကို ( ဇီမာလမ်းဆုံ )