Tuesday, September 24, 2019

ဟက်ပီးဝါး


သူရဲကောင်းတွေကလည်း သူရဲကောင်းမဟုတ်တော့ဘူး
ဗီလိန်တွေကလည်း ဗီလိန်မဟုတ်တော့ဘူး၊
ဆဲတာက ချစ်လို့ဆိုရင်
ကန်တော့တာက ဆဲနည်းတမျိုးလား၊
လှပေမဲ့ ဆင်းရရှာတဲ့မိန်းကလေးလို
လူတကာပစ်မှားတာ ခံနေရတဲ့တိုင်းပြည်၊
စစ်ပွဲတွေက စီးပွားဖြစ်တော့
လူ့အသက်တွေက ချက်လက်မှတ်ဖြစ်ရ၊
အဲဒီတကမ္ဘာလုံးကိုတင်ပို့နေတဲ့ မူးယစ်ဆေးဝါးတွေဟာ
ကျုပ်တို့သားသမီးတွေရဲ့ အသွေးအသားတွေနဲ့ ချက်လုပ်ထားတာ၊
ကုလသမဂ္ဂဆိုတာကြီးကိုသာ
ခုံရုံးတင်လိုက်ကြပါလေ။

- - - - - - - - - - - -
နှင်းခါးမိုး
၁၆၊ ဇန်နဝါရီ၊ ၂၀၁၉

Wednesday, August 7, 2019

အသဲကွဲနေသူတယောက်အတွက် လိုလိုမယ်မယ်စကားလုံးများ


လူတိုင်းက ကိုယ့်ဒုက္ခကိုမှ ငရဲလို့ ထင်တတ်ကြတယ်
ဒါပေမဲ့ အဲဒီငရဲတွေက တခါတလေ နိဗ္ဗာန်ကိုသွားတဲ့ တံခါးပေါက်တွေဖြစ်နေတတ်တယ်။
သူ့ကိုချစ်ရင် သူ့အတွက်ဆပ်နေရတဲ့ ၀ဋ်ကြွေးလေးကိုလည်း ချစ်နေလိုက်ပေါ့။
ဒါ အသဲကွဲတာထက် ထက်မြက်အရွယ်ရောက် ပြီးပြည့်စုံမှုနဲ့ ကိုယ့်ဘ၀ကိုယ်ကျေနပ်ချင်တဲ့ လူသားတဦးရဲ့ ကိုယ်ပိုင်အတ္တကို ထိုးနှက်ခံရခြင်း ဆိုရင် ပိုမှန်မယ်။ နှလုံးသားက ငိုကြွေးနေတာမဟုတ်ဘူး။ အတ္တက သွေးတစက်စက်ကျနေတာ။
တကယ်က သူ့ကို ချစ်တယ်ဆိုတာထက် သူ့အပေါ်ထားတဲ့ ကိုယ့်အချစ်စိတ်ကို ကိုယ်ချစ်ကြတာပဲ။ လူအတ္တရဲ့ ရောင်စုံအရေပြားတွေပါဟာ။
ကိုယ့်ဘ၀ရဲ့အဓိပ္ပါယ်ကို အခြားလူတယောက်အပေါ်မှာ တည်ဆောက်ထားတယ်ဆိုတာ ကိုယ့်တန်ဘိုးကို ထိခိုက်စေတယ်
ကိုယ့်ကိုစိတ်ဒုက္ခပေးတဲ့သူဆီက စိတ်ချမ်းသာမှုကို မျှော်လင့်နေတယ်ဆိုတာ အချည်းနှီးပဲ
ကိုယ့်တန်ဘိုးကိုမသိတဲ့သူတယောက် ကိုယ့်အနားမှာ မရှိတာ အကောင်းဆုံးပဲ
ကိုယ်မစီးချင်တော့လို့ လွှင့်ပစ်လိုက်တဲ့ ဖိနပ်အစုတ်တရံလို သဘောထားလိုက်တော့
ကိုယ့်ဘ၀ကို ဘယ်သူ့ကြောင့်မှ မကျဆုံးစေနဲ့ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ပါ
မရှောင်မလွှဲနိုင်တဲ့အခါ ခံနိုင်ရည်ရှိအောင် ကြိုးစားရမှာပဲ။ အမေရိကန်နပမ်းပွဲတွေလိုပဲ ထိုးကြိတ်ထုထောင်းလို့ မလဲပြိုသွားတဲ့သူက နိုင်တာပဲ။
အရှုံးပေးရဲတာ သတ္တိတမျိုးပဲ။ အဲဒီသတ္တိက ကိုယ့်ကိုယ့်ကိုယ် အနိုင်ရစေတယ်။ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်တဲ့သူဟာ အရာရာကို အောင်နိုင်တာပဲ တဲ့။


နှင်းခါးမိုး
၁၁၊ ဇန်န၀ါရီ၊ ၂၀၁၉

မြို့ပတ်

မီးရထားဟာ မူးနေတယ်
ဘူတာထဲဝင်လာတော့လည်း ဒယီးဒယိုင်နဲ့
ဘူတာထဲကပြန်ထွက်သွားတော့လည်း ဒယီးဒယိုင်နဲ့၊

ဘ၀က ရထားအောက်ထဲပြေးဝင်လိုက်မှ အေးမှာပါ
ဘူတာထဲ ရထားဝင်လာကတည်းက ကောင်မလေးက တွေးနေတာ
ဘူတာက ရထားထွက်သွားတဲ့အထိ ကောင်မလေးက တွေးနေတုန်း၊

မိုးရွာလည်း ထမင်းနှစ်နပ်ပဲ
နေပူလည်း ထမင်းနှစ်နပ်ပဲ
ခွက်ထဲကရေသာ မလှုပ်အောင်လုပ်လို့ရချင်ရမယ်
ဗိုက်ထဲကအူကတော့ ဘယ်ဘူတာမှမရပ်ဘူး၊

မနေ့က သံလမ်းဘေးကအမှိုက်ပုံဟာ
ဒီနေ့မိုးလင်းတော့ ကျုးကျော်ရပ်ကွက်ကလေးဖြစ်နေတယ်
ရထားဥသြသံမှာ ဖုန်လုံးကြီးထဲ ဈေးဗန်းကလေးတွေ။

ကင်မရာကြီးလက်ထဲကိုင်ပြီး တပုံမှ မရိုက်ဖြစ်လိုက်ဘူး တဲ့
ဖိနပ်ကြိုးကိုပဲ သဲကြီးမဲကြီး ငုံ့ချည်လို့
သူတို့ပတ်နေတဲ့ကမ္ဘာဟာ ဒီနေရာမှာ တပတ်တိတိပြည့်ခဲ့တယ်။

နှင်းခါးမိုး
၈၊ ဇန်န၀ါရီ၊ ၂၀၁၉

Monday, July 1, 2019

ဒီဇင်ဘာဆင်းဒရုန်း

၀၈း၅၈
ပြောစရာတွေသိပ်များတော့ ဘာမှမပြောဖြစ်တော့ဘူး
ဆွံ့အမှုဟာ ဆူပွက်နေပြီ
အဆုံးထိဆွဲတင်ခံထားရတဲ့လေးတစင်းရဲ့ညှိ့ချက်ထဲမှာ
အဲဒီမြှားဟာ အသက်ကိုတ၀ကြီးရှုသွင်းနေတယ်။

၁၇း၃၈
ဖြစ်ပြီးမှ မဖြစ်ခဲ့ဘူးလုပ်လို့ရလား
ဖြစ်ပြီးမှဖျက်ပစ်ချင် ဖုံးကွယ်ချင် ဘာကြောင့်ညာကြောင့်ခုခံချင် ခေါင်းမာမာနဲ့ငြင်းဆန်ချင်
ဖြစ်စဉ်ကိုဖြစ်တာနဲ့ပြောင်းပြန် ကိုယ်ပြောတိုင်းဖြစ်လား
ဖြစ်ခဲ့တာတွေနဲ့ဝေးအောင် ထွက်ပြေးတယ် လွတ်မလား
ဘယ်သူ့ကြောင့်ဖြစ်ဖြစ် ဖြစ်ခဲ့တယ် တကယ်ဖြစ်ခဲ့တယ်
ချက်ချင်းမပျက်ဘူး လွယ်လွယ်မပျက်ဘူး ဒီအတိုင်းပျက်မသွားဘူး၊
ဖြစ်ပြီးပျက်တယ်ဆိုတဲ့ကြားမှာ ကျည်ဆံရထား မီးရထား မြင်းရထား
နှင်းဆီတင်ရထား မိစ္ဆာစစ်ရထား ဥသြသံဟာ မြစ်ထဲရေချိုးဆင်းသွား၊
ဖြစ်ပြီးပျက်တယ်ဆိုတဲ့ကြားမှာ ကမ္ဘာစစ်တွေ ပြည်တွင်းစစ်တွေ ကျိုးကျော်စစ်တွေ ခုခံစစ်တွေ တရားသော မတရားသောစစ်တွေ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်တွေ၊
ဂန္ဒ၀င်ဝတ္ထုရှည်တွေ ကမ္ဘာကျော်သီချင်းတွေ နိုဘယ်ဆုရှင်တွေ နိုင်ငံတကာဝရမ်းပြေးတွေ
ဖြစ်ပြီးပျက်တယ်ဆိုတဲ့ကြားမှာ ငါပေးနိုင်တာထက် ငါ့ကိုပိုမတောင်းဆိုပါနဲ့တွေ ငါ့ဘ၀ကိုလွှမ်းမိုးဖို့မကြိုးစားပါနဲ့တွေ ငါ့လွတ်လပ်မှုအတွက် ဘာနဲ့မဆိုငါလဲရဲတယ်ဆိုတာတွေ။

၁၅း၂၈
ဒီဇင်ဘာဆယ့်ခြောက်တွေဟာ ခြောက်လှန့်တယ်။ ခြောက်သွေ့တယ်။ ခြောက်ခြားတယ်။
ခြောက်ခြောက် ခြောက် ခြောက်နဲ့ နာရီစက္ကန့်တံဟာ ခြောက်အိပ်မက်ထဲက ရုန်းထွက်တယ်၊ မရဘူး။
ခြောက်ယောက်မြောက်အလောင်းကို မီးစက်ထဲ ထိုးထည့်လိုက်တော့ ခြောက်နာရီထိုးနေပြီ။
သေဆုံးသွားသော စပယ်ပင်ခြောက်ကလေးအား ပန်းအိုးလေးအတိုင်း ထိုနေရာမှာပင် ဆက်လက်မြုပ်နှံထားလိုက်ပါသည်။ လရောင်က စပယ်ပင်ခြောက်ကလေးကို ခိုးနမ်းလိုက်သောအခါ ညရဲ့ပါးပြင်ပေါ်က မျက်ရည်များ ခြောက်ခမ်းသွားပါတော့သည်။

နှင်းခါးမိုး
၁၆၊ ဒီဇင်ဘာ၊ ၂၀၁၈

Monday, March 11, 2019

နိဗ္ဗာန်ဈေး

သာမညဖလသုတ်ပဲရွတ်ရမလား
ကြက်ဆင်သားပဲစားရမလား၊
တပ်မတော်ကြီးပဲထောက်ခံရမလား
ဘုရားပဲထီးတင်ရမလား၊
တစ်ယောက်သုံးစောင်ပဲရမယ်
နှစ်ခါပြန်စီတဲ့သူတွေ အခုအပြင်ထွက်၊
ဆပ်ပြာမှုန့်တထုပ်
ကြက်ဥသုံးလုံး
အအေးနဲ့ ကြာဆံကြော်တဘူး
လက်မှတ်မရှိလည်း ယူသွားပါအမေရယ်
ကလေးတပြုံနဲ့  ကြွပ်ကြွပ်အိတ်အမဲကြီးနဲ့
နောက်တလမ်းဆက်လိုက်ကြအုန်းစို့ဟေ့ တဲ့၊
မီးပုံးပျံကြီးက မှိုင်းဝနေပြီ
လူတွေက ကလို့ မ၀သေးဘူး။
နှင်းခါးမိုး
23. November. 2018

တနင်္ဂနွေမှ တနင်္ဂနွေသို့

ဒီနှစ်များအတွင်း လူတွေဟာ ဘယ်လောက် နှလုံးသား ကင်းမဲ့သွားကြသလဲဆိုရင် လမ်းပေါ်ကြွေကျနေတဲ့ ခရေပန်းလေးတွေကိုတောင် ကောက်မဲ့သူ မရှိတော့ဘူး။
လူတကာနင်းခြေခဲ့လို့ ကြေမွနေတဲ့ ပန်းကလေးတွေမှာ သင်းရနံ့ကလေး တွေ ကျန်နေသေးတယ်ဆိုရင်တောင် အဲဒီရနံ့ကြွင်းလေးတွေကို တရှိုက် မက်မက်တိမ်းမူးတတ်တဲ့ စောက်ရူးတွေကတော့ ဒီခေတ်မှာ မကျန်တော့တာ သေချာတယ်။
သူ့ကော်ဖီခွက်ထဲ ယင်ကောင်တကောင်ကျဆုံးသွားပုံဟာ ဒီမနက်ခင်းရဲ့ အဓိကပြကွက်ပေါ့။
ဆောက်လက်စအထပ်မြင့်တိုက်ပေါ်က ဝန်ချီစက်ကြီးဟာ သူ့ကိုယ်သူ လီနင်လိုလို ဗိုလ်ချုပ်အောင်ဆန်းလိုလို နယူးယောက်ပင်လယ်ဝက လစ်ဘာတီဖာသယ်မကြီးလိုလို။
မနေ့က ကြယ်ငါးပွင့်ဟိုတယ်ကြီးပေါ်မှာ
ဒီနေ့ နှစ်ရာတန်ဘက်စ်ကားပေါ်မှာ
ဘဝကကျောပိုးအိတ်ပဲ လျှောက်နေသမျှ လမ်းကမဆုံးဘူး
ရပ်ကွက်လေးထဲ ပြန်ဝင်လာတော့ မိုးကသဲလာတယ်
မြောင်းရေထဲမှာလျှောက်ရင်း ပြုံးပစ်လိုက်တယ်
သော့က ဘောင်းဘီအိတ်ထဲမှာ။
နှင်းခါးမိုး.
18. November. 2018