Tuesday, February 5, 2008

နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါ မောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။
ဒီနေ့ တော့ တနှစ်တင်းတင်း ပြည့် သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ဘလော့ မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည် ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာ သမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော် ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ရက် အတွင်းမှာ သူ့မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်မွေးထုတ် ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ်၊ ရသလမ်းတွေ ဆန်းလာခဲ့တယ်၊ ပညာမီးတွေ လင်းပလာခဲ့တယ်။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံး တော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီး ကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့် စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန် ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက် တက်ရောက်ခဲ့သူ ဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံး ကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေ အကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူ ချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါ ရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတခု ရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါ တစ်ယောက်ရဲ့ အထိမ်းအမှတ် နေ့တွေမှာ အထူးရေး သားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တနှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့် ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ် ပို့စ် တင်မယ့် အစီအစဉ် ရှိမယ်ဆိုတာ အသေအချာပဲ။
ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် …
ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်း စေချင်တဲ့ သူ့အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့အတွက် ဘေးဒုက္ခ ဆိုတာ မြူတမှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကို မောင်နှမ အားလုံးက ဒီ အမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Monday, February 4, 2008

ခေတ်ပေါ်ကဗျာဆရာလက်စွဲ (အဆုံးသတ်) ရေးသူ...အိုက်ချင့်(တရုတ်ကဗျာဆရာ)


မုဒအကြောင်း အတွေးများ


ပန်းချီမှာလိုပဲ ကဗျာမှာ ဖွဲ့စည်းပုံ၊ ပစ္စည်းရွေးချယ်ပုံ (ကိုယ့်အတွေး၊ ကိုယ့် ခံစားချက်ကို ဖော်ပြဖို့ ဘယ်နည်းလမ်းတွေ သုံးမလဲဆိုတာ) ကို အာရုံ စူးစိုက်ရမယ်။
တနေ့တော့ ကျုပ် ချီပိုက်ရှီကို ခင်ဗျား တခါဖူးမျှ မရေးဆွဲဘူးတာ ကျနော့်ကို ဆွဲပေးစမ်းပါ လို့ ပြောမိတယ်။ အကြောင်းအရာနဲ့ ဖွဲ့စည်းပုံကို သစ် စေချင်တယ်လို့ ဆိုလိုတာပါ။ ကျုပ်လည်း သူ့ပန်းချီကို မြတ်နိုးသမို့ ကနေ့ခေတ်ရဲ့ ထူးချွန်တဲ့ အနုပညာသမား တဦးဟာ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်မလဲ မြင်ချင်တာကိုး။
သူ ကျုပ်တောင်းဆိုချက်ကို လိုက်လျောပါတယ်။ သူနာပြုမက သူ့အတွက် မင်ထောင်း၊ စက္ကူကိုဖြန့် သူ့ကိုယ်ပေါ်မှာ အကာအကွယ် အ၀တ်စတွေ တင်၊ သူ့စုတ်တံကို လှမ်းပေးလိုက်တယ်။
ကျုပ် တောင်းခံခဲ့တဲ့အတိုင်း သူ တပေစတုရန်း စာမျက်နှာပေါ် ရေးဆွဲပါတယ်။
သူ ဘာပုံကြမ်းမှ မလောင်းဘူး။ စာရွက်မျက်နှာပြင်ပေါ် ငေးရုံ ငေးကြည့်နေတယ်။ မျက်စိတမှိတ်အတွင်း မင်ရေးပန်းချီ ရေးဆွဲတော့တယ်။
ရေကန်ထဲကို ခုန်ရင်း၊ နောက်ခြေထောက်က မြက်တစမှာ မိနေရတဲ့ ဖားပုံ ရေးဆွဲလိုက်တာပါ။ ရှေ့ ခြေနှစ်ချောင်းကတော့ဖြင့် ရှေ့ကို အငမ်းမရ ဆန့် ထုတ်ထားရဲ့။ နောက်ခြေကို မြက်ကလွတ်အောင် ရုန်းကန်လို့ပ။
ဖားရဲ့ ရှေ့မှာတော့ ရေထဲ လွတ်လွတ်လပ်လပ် ကူးခတ်နေကြတဲ့ ငါးဖလောင်း သုံးကောင်။ သူတို့က ဖားရဲ့ မရွေ့သာ မလှုပ်သာအဖြစ်နဲ့ ဆန့်ကျင်နေတယ်။
ဆွဲပြီးတဲ့အခါ သူက ကျေကျေနပ်နပ်နဲ့ ပြောပါတယ်။
ကျုပ် ဒါ အရင်တုန်းက မဆွဲဖူးဘူး တဲ့။
သိပ်ကောင်းတာပဲလို့ ကျုပ် ၀မ်းသာအားရ ဆိုမိတယ်။
သူက ဘယ်လို ကမ္မည်း သတ်ရမလဲ လို့ မေးတယ်။ ဘယ်လို လက်မှတ် ထိုးရမလဲလို့ မေးတဲ့ သဘောပါပဲ။ ခင်ဗျားက ကျနော့်ရဲ့ ဆရာပါ လို့ ကျုပ်က ပြောလိုက်တယ်။
အောက် လကျာင်္ဘက်ထောင့်မှာ သူ ဒီလို ကမ္မည်းထိုးပါတယ်။
ငါ့ညီချင်း၊ ငါတို့ မြို့တော်မှာ အတူရှိခိုက် ၉၃ နှစ်မှာ ပန်းချီအရာ နှံစပ်လှပြီဖြစ်တဲ့ မင့်အကိုလေး ဟွန်က ဒါကို မင့်ကို ဆွဲပေးတယ်။
ဒီနောက်... ချီပိုက်ရှီ ဆိုတဲ့ စာလုံးများ ထွင်းဖောက်ထားတဲ့ တံဆိပ်တုံးနဲ့ နှိပ်လိုက်ပါတယ်။
ဆွဲထားတဲ့ပုံကို နှစ်ခြိုက် သဘောကျဟန် ငေးကြည့်နေပြီးတဲ့နောက် သူ ကျုပ်ကို လက်ဆောင်ပေးပါတယ်။ ကျုပ်ဘာသာ ကျုပ် တွေးလိုက်မိတယ်။ သူ့စိတ်ထဲမှာ ဒါကို ကြိုတင်ပြီး အကွက်ချ စီစဉ်ထားတာ မရှိဘူး။ ဘယ်လို လုပ်ပြီးတော့များ ခုလို ရေးဆွဲချလိုက်တာလဲ လို့။ ။

မူရင်း။ ။ အိုက်ချင့်၊ ကဗျာအကြောင်း (တရုတ်စာပေ)
ဆောင်းဦးရာသီ၊ ၁၉၈၇၊ ပေကျင့်မြို့
(အင်္ဂလိပ်ဘာသာပြန်- စတီဗင် ဖလဲမင်း)
မောင်သာနိုး