Monday, October 22, 2018

လှေကားအောက်ကအခန်းကလေး

စိတ်က ကင်မရာနောက်လိုက်တယ်
ကင်မရာက ကြွပ်ကြွပ်အိတ်နောက်လိုက်တယ်
ကြွပ်ကြွပ်အိတ်က လေနောက်လိုက်တယ်
တယောက်ပင့်သက်က တယောက်အသက်ရှုသံနောက်လိုက်တယ်
ရုပ်ရှင်ကဒါပဲ
တကားလုံး ကြွပ်ကြွပ်အိတ်ကလေးလွင့်နေတာပဲ။
ဘုံဘိုင်ခေါင်းကရေကျသံတစက်စက်၊

နှင်းခါးမိုး

Tuesday, October 2, 2018

သဲနာရီ

ဒုက္ခကိုပျားရည်ဆမ်းတာ
သစ်သီးကိတ်တလုံးဖြစ်မလာပေမဲ့
ချာလီချက်ပလင်မျက်ရည်ကျတော့
လူတွေကရီကြတယ်။


တကယ်မငတ်ဖူးခင်တုန်းကတော့
ဖိနပ်ကိုစွတ်ပြုတ်လုပ်သောက်တာ
ရီစရာပေါ့အချစ်ရယ်၊


မြစ်ဟာ တံတားအောက်မှာ ပြန်ကွေ့ဖို့မလွယ်
နာကျင်မှုမှာ ပိတ်ရက်မရှိ
ပျော်ရွှင်ဖွယ်ကောင်းသော ဖုန်းမမြည်၊


ဟယ်လင်
မင်းပဲမှားသလား၊ ငါပဲမှားသလား
စစ်ပွဲကတော့ဖြစ်ခဲ့ပြီ။


နှင်းခါးမိုး
22. July. 2018

Wednesday, September 19, 2018

နေတတ်ရင်စင်ကာပူ

ကဲ ဘော်ဒါတွေ 
ကြက်ကိုကြော်တဲ့ကြက်ကြော် လာပြီနော်၊
မီးခိုးနဲ့ညှော်နံ့တင်လှည်းကလေး
တိုက်အောက်ရောက်ပြီ။

 

အမှိုက်ပစ်မယ် အမှိုက်
အမှိုက်လှည်းထဲက ကလေးက
သူမြင်သမျှကို အမှိုက်ပုံလို့ထင်တယ်
မြို့ကြီးလည်းအမှိုက်ပုံ
လူတွေလည်းအမှိုက်ပုံ၊
သူတို့သားအမိကိုမြင်ရင်
ထိုးထိုးဟောင်တဲ့ခွေးတွေကျတော့
သူ့သူငယ်ချင်းတွေလို့ထင်တယ်
ခဲနဲ့ပေါက်လိုက်၊ တုတ်နဲ့ပစ်လိုက်၊
မကုန်သေးတဲ့အားလူးကြော်ထုပ်ကို လုကောက်လိုက်၊
သူမနိုင်တော့ရင် အမေ့ဆီရောက်အောင်ပြေးပြီး အော်ငိုလိုက်
အမေက လှည်းထဲထည့်ပြီး လမ်းမတလျောက်တွန်းသွားတဲ့အခါ
တဝေါဝေါဖြတ်မောင်းသွားတဲ့မော်တော်ကားတွေကို
တယောက်ယောက်ကလှည်းထုတ်လိုက်တဲ့အမှိုက်ခွံကြီးတွေလို
တဟေးဟေးနဲ့ အော်ဟစ်ပျော်ရွှင်နေပြန်ရော။

 

မြို့ထဲကို အုန်းမွှေးလုံးကားကြီးတွေ တန်းစီဝင်လာပါပြီ၊
အဲဒီဆိုက်ကားသမားလေးဟာ စစ်သူကြီးဟန်နီဘောပဲ
ဘယ်အရာကမှ သူ့ကို မတားဆီးနိုင်ဘူး
တရပ်ကွက်လုံး သူ့ကိုဖုန်းခေါ်ရတယ်၊
အင်္ဂတေလောင်ထားတဲ့ခြေထောက်တွေဟာ
ဘီယာဆိုင်ကိုကျော်ပြီး အဖြူပုန်းဆိုင်လေးထဲ ချိုးဝင်သွားကြတယ်၊
မိန်းမ၀၀ကြီးတယောက်ဟာ ဘုရားပန်းတွေပိုက်လို့
ကွမ်းယာဆိုင်ဆိုတာ လိုင်းပေါင်းစုံဖမ်းလို့ရတဲ့ ရေဒီယိုတလုံးပဲ။

 

ကောင်မလေးက ငှက်ပျော်အူဖတ်ကြိုက်တယ်
ကောင်လေးက ငြုပ်သီးမှုန့်ကြောက်တယ်
အလုပ်ကအပြန် ကားနောက်ကျတဲ့ညနေတိုင်း
မုန့်ဟင်းခါးဆိုင်လေးထဲကညစာဟာ
တခါတခါ ကြိတ်ရယ်သံလေး ထွက်လာတယ်
တခါတခါ ကြိတ်ငိုသံလေး လွင့်လာတယ်။

 

တနိုင်ငံလုံးလင်းဖို့ ဓာတ်အားမလုံလောက်ပေမဲ့
အမေတယောက်ရဲ့နှလုံးသားကိုပြာချဖို့တော့ ဗို့အားကပြည့်တယ်။
အခုသစ်ကိုင်းတွေခုတ်ထားတဲ့နေရာမှာ
မနေ့က ကျောင်းဆင်းလာတဲ့သားကလေး အိမ်ကိုပြန်မရောက်ခဲ့ဘူး။

 

လမ်းသွားရင်း ကော်မန့်မရေးပါနဲ့မိန်းကလေးရယ်
ဝင်လာတဲ့မက်ဆေ့တိုင်း မင်းဘဝနဲ့ဆိုင်တာမဟုတ်ဘူး၊
တရာတန်ငပိထောင်းတဗူးနဲ့ သီးစုံဟင်းတထုပ်ပါလာရင်
ဒီညနေဖြစ်မယ့်စစ်ကို မနက်ဖြန်ရွေ့ထားလို့ရတယ်။
တံခါးကို တဝက်ဟထားတဲ့အခါ၊

 

နှင်းခါးမိုး

Tuesday, July 31, 2018

အရင်ဘဝကရော်ဘင်ဟု

ပန်းပွင့်တွေကအတုဖြစ်ချင်ဖြစ်မယ်
သံဆူးကြိုးကတော့စစ်တယ်၊

အိုးလေးခွက်လေးမှကိုယ့်မှာမရှိရင်
မိုးရွာတုန်းဘယ်လိုရေခံမလဲ၊

တည်နေတုန်းမီးပြတ်သွားတော့
ပေါင်းအိုးထဲကဆန်တွေခမျာ
ထမင်းဖြစ်ခွင့်မရတော့ဘူး၊

မင်းအပေါ်ဆိုးခဲ့သမျှ
ကမ္ဘာကြီးအပေါ်ကောင်းပါမယ်။

နှင်းခါးမိုး
၁၉၊ ဇူလိုင်၊ ၂၀၁၈

Sunday, July 22, 2018

တစိမ်းည


မြို့ရဲ့အမှောင်ကို ဥသြသံနဲ့ရိုက်ဖွင့်၊ ခရီးဝေးက ဝင်လာတဲ့ရထား၊ အိပ်မပျော်သူနဲ့ လှေကားထဲကခြေသံတွေ။
ရေချိုးခန်းမီးဟာလင်းနေ၊ တဝက်ပဲဖတ်ရသေးတဲ့စာအုပ်၊ တံခါးနောက်က အိမ်မြှောင်အမြီးပုတ်သံနဲ့ ကြောင်ခုန်ချတဲ့ခေါင်မိုး။
မသိမှု မရှိမှုထဲ ပွင့်ပွင့်ကြွေကြွေ၊ အဆုံးမရှိလောင်ကျွမ်းခဲ့တဲ့လမ်း၊ မိုးရွာထဲ ထီးကလေးဖွင့် တရွေ့ရွေ့ထွက်ခွာသွားတဲ့အခါ မျက်ရည်ဟာဝတ်စုံအပြည့်၊ ပေးထားတဲ့လိပ်စာအတိုင်း ဖုန်းခေါ်သံတွေ။
တယောက်မကြားချင်တဲ့စကား တယောက်ပြောကြေး။

နှင်းခါးမိုး
၁၂၊ ဇူလိုင်၊ ၂၀၁၈

Monday, July 2, 2018

ဒီနေ့ထိုးမနက်ဖန်ပေါက်

နေရောင်က လက်သည်းဆိုးဆေးအပြည့်နဲ့ လမ်းထဲကိုဝင်လာတယ်။ ပြတင်းပေါက်ကိုဖွင့်တာနဲ့ အောက်ခံဘောင်းဘီတွေ တန်းတွေ့တာပဲ။ ဈေးဆိုင်ကမိန်းမက ဈေးသွားနေလို့တဲ့။ ရေသန့်လှည်းကို ဆိုက်ကားသမားက ဆဲသွားတယ်။
ဒီအချိန်ဆို မုန့်ဟင်းခါးကကုန်ပြီ။ ညက မြောင်းမြမောင်ချိုလေးလည်း ဘော်တွန်သရီး ထိုင်ရတာပဲ။ ကုလားကားက ကြည့်လို့ကောင်းလား။ အော်ကုန်ပြီ ဖေ့စ်ဘုတ်ကြီးက မတရားဘူးတဲ့။
မနေ့က လမ်းပေါ်ဖုံးနေတဲ့ရေတွေဟာ မနက်ကျတော့ မြောင်းထဲမှာ ခေါင်းမဖော်တော့ဘူး။ ဘိန်းသမားတွေကို ဖမ်းကြဟေ့ဆိုတော့ ဒေါ်လာဈေးက ထောင်တက်လာတယ်။ လေယာဉ်လက်မှတ်မဝယ်နိုင်လည်း ငွေငါးရာရှိရင် လေဆိပ်ရောက်တာပဲ။ ၅၁၆ ရက်မြောက်ပါပြီ ဆရာဦးကိုနီ။
လိမ္မာကြစမ်းပါ။ မိုက်တယ်ဆိုတာ မကောင်းဘူး။ မိုက်တယ်မိုက်တယ်နဲ့ ဓါတ်လိုက်နေတဲ့ မြွေရိုး။ ကန်တော့ပါရဲ့။ တခွန်းမှမဆဲရင် ကဗျာမဖြစ်မှာ စိုးလို့ပါ။
နှင်းခါးမိုး

Saturday, June 30, 2018

မျက်ရည်နဲ့ ရယ်သံ

အာဏာရှင်တွေရဲ့အပြုံးမှာ လက်ခုပ်သံသိပ်စည်ကားတယ်
အားလုံးက ပြဇာတ်တွေချည်း၊

ခင်ဗျားတို့ရဲ့တရားမျှတမှုက ဘယ်သူ့ပိုက်ဆံအိတ်ထဲမှာလဲ
ငါတို့ရဲ့နားထင်ဟာ ဘယ်သူ့သေနတ်ပြောင်းဝအောက်မှာလဲ၊

စစ်ဖြစ်လို့ ပျက်သွားတဲ့ကမ္ဘာမှာတောင်
လူ့တန်ဘိုးတွေ ရှင်ကျန်ချင်ကျန်ရစ်မယ်
ငြိမ်းချမ်းရေးကို ပိုက်ဆံပေးပြီး ညအိပ်လို့ရတဲ့ခေတ်မှာ
အမှန်တရားဆိုတာ လူကြိုက်များတဲ့ ကွန်ဒုံးပဲ၊
သတင်းတွေဟာ မုဒိန်းကျင့်ခံထားရတဲ့ ကဗျာပဲ
ကဗျာဆရာဟာ မီးလောင်နေတဲ့အမှိုက်ပုံပဲ၊

ဆွေးနွေးပွဲတွေပြီးတဲ့အခါ ဧည့်ခန်းဆောင်ထဲက ပန်းခြင်းတွေကို
အုတ်ဂူတွေပေါ်ပို့ပေးလိုက်ကြပါ။
ငါ အသဲမကွဲဘူးထင်လား။ ။

နှင်းခါးမိုး

Wednesday, May 30, 2018

မိုးရဲ့စတိုင်

မုန်တိုင်းက ဝတ်စုံအပြည့်နဲ့ ညစာစားပွဲထဲ ဝင်လာတဲ့အချိန်မှာ
အနောက်တောင်ထောင့်ဝိုင်းမှာ အပျိုမလေးက ပျောက်သွားတဲ့ကြယ်တွေကို ရေတွက်နေရဲ့၊

သစ္စာအဖောက်ခံရတဲ့ကောင်းကင်ကြီးက တိမ်ဆိုးတွေကို သံကြိုးဖြေလွှတ်လိုက်တဲ့အခါ
တုန်ယင်နေတဲ့ရပ်ကွက်ကလေးဟာ သူ့ပြတင်းပေါက်တွေကို ကမန်းကတမ်းဝှက်ရှာတယ်
လမ်းဘေးရေနှုတ်မြောင်းကလေးတွေကတော့ ရရာလက်နက်စွဲကိုင်ကြရင်း ငါတို့မှာရွေးချယ်စရာမရှိဘူး တဲ့။

ဘက်စကားပေါ်မှာ ကျန်ခဲ့တာလား
လက်ဖက်ရည်ဆိုင်မှာ ကျန်ခဲ့တာလား
လက်ဆောင်ရထားတဲ့ထီးကလေးပေမယ့် သံယောဇဉ်ကကြီးပါတယ်။

တရံတခါက ဝရန်တာမှာ
ဂမုန်းပင်ကလေး ပြုံးပြုံးရွှင်ရွှင်ရှိပါစေ။ ။

နှင်းခါးမိုး

Wednesday, May 16, 2018

လမ်းရဲ့စတိုင်

ခြေရာတွေမှာ ဝေဒနာတွေ့တယ်
ဝေဒနာတွေမှာ ခြေရာတွေ့တယ်
မင်းတို့လိုရာရောက်ပါစေ။

မီးတိုင်လေးအောက်မှာ
အိမ်ရောက်အောင်တောင် မစောင့်နိုင်တော့တဲ့ ချာတိတ်ဟာ
သနပ်ခါးရနံ့နွေးနွေးနဲ့ စာတစောင်ကို ကတုန်ကယင်ထုတ်ဖတ်နေတယ်။

လျှောက်ခဲ့တာတော့ အဝေးကြီးပဲ
ရောက်ခဲ့တာလည်း အများကြီးပဲ
လေတွေတိုက်နေတဲ့ လမ်းပေါ်မှာ လွင့်လို့ကောင်းတုန်းလား လေလွင့်သူကြီး။

တောင်တန်းကြီးပေါ် တင်ငြိနေတဲ့အပ်ခြည်ကြိုးလေးတချောင်းကို ငေးကြည့်ရင်း
လူ့ဘဝတွေဟာ တခါတလေ လောင်းကြေးဖြစ်ခဲ့ဘူးတာ သတိရတယ်။

နှင်းခါးမိုး


Tuesday, May 15, 2018

ရေရဲ့စတိုင်

ရေက ပုလင်းထဲက မထွက်တော့ဘူး
ပုလင်းက ပုံးထဲက မထွက်တော့ဘူး
ပုံးက အခန်းထဲက မထွက်တော့ဘူး

ဝင်လာတဲ့သူရဲ့ရွေးချယ်မှုကို
စိတ်အေးလက်အေး ထိုင်စောင့်နေလိုက်တယ်။

ရေရဲ့ရည်ရွယ်ချက်က
စီးဆင်းနေဖို့ပဲ။

နှင်းခါးမိုး