Saturday, June 30, 2018

မျက်ရည်နဲ့ ရယ်သံ

အာဏာရှင်တွေရဲ့အပြုံးမှာ လက်ခုပ်သံသိပ်စည်ကားတယ်
အားလုံးက ပြဇာတ်တွေချည်း၊

ခင်ဗျားတို့ရဲ့တရားမျှတမှုက ဘယ်သူ့ပိုက်ဆံအိတ်ထဲမှာလဲ
ငါတို့ရဲ့နားထင်ဟာ ဘယ်သူ့သေနတ်ပြောင်းဝအောက်မှာလဲ၊

စစ်ဖြစ်လို့ ပျက်သွားတဲ့ကမ္ဘာမှာတောင်
လူ့တန်ဘိုးတွေ ရှင်ကျန်ချင်ကျန်ရစ်မယ်
ငြိမ်းချမ်းရေးကို ပိုက်ဆံပေးပြီး ညအိပ်လို့ရတဲ့ခေတ်မှာ
အမှန်တရားဆိုတာ လူကြိုက်များတဲ့ ကွန်ဒုံးပဲ၊
သတင်းတွေဟာ မုဒိန်းကျင့်ခံထားရတဲ့ ကဗျာပဲ
ကဗျာဆရာဟာ မီးလောင်နေတဲ့အမှိုက်ပုံပဲ၊

ဆွေးနွေးပွဲတွေပြီးတဲ့အခါ ဧည့်ခန်းဆောင်ထဲက ပန်းခြင်းတွေကို
အုတ်ဂူတွေပေါ်ပို့ပေးလိုက်ကြပါ။
ငါ အသဲမကွဲဘူးထင်လား။ ။

နှင်းခါးမိုး