Tuesday, July 31, 2018

အရင်ဘဝကရော်ဘင်ဟု

ပန်းပွင့်တွေကအတုဖြစ်ချင်ဖြစ်မယ်
သံဆူးကြိုးကတော့စစ်တယ်၊

အိုးလေးခွက်လေးမှကိုယ့်မှာမရှိရင်
မိုးရွာတုန်းဘယ်လိုရေခံမလဲ၊

တည်နေတုန်းမီးပြတ်သွားတော့
ပေါင်းအိုးထဲကဆန်တွေခမျာ
ထမင်းဖြစ်ခွင့်မရတော့ဘူး၊

မင်းအပေါ်ဆိုးခဲ့သမျှ
ကမ္ဘာကြီးအပေါ်ကောင်းပါမယ်။

နှင်းခါးမိုး
၁၉၊ ဇူလိုင်၊ ၂၀၁၈

Sunday, July 22, 2018

တစိမ်းည


မြို့ရဲ့အမှောင်ကို ဥသြသံနဲ့ရိုက်ဖွင့်၊ ခရီးဝေးက ဝင်လာတဲ့ရထား၊ အိပ်မပျော်သူနဲ့ လှေကားထဲကခြေသံတွေ။
ရေချိုးခန်းမီးဟာလင်းနေ၊ တဝက်ပဲဖတ်ရသေးတဲ့စာအုပ်၊ တံခါးနောက်က အိမ်မြှောင်အမြီးပုတ်သံနဲ့ ကြောင်ခုန်ချတဲ့ခေါင်မိုး။
မသိမှု မရှိမှုထဲ ပွင့်ပွင့်ကြွေကြွေ၊ အဆုံးမရှိလောင်ကျွမ်းခဲ့တဲ့လမ်း၊ မိုးရွာထဲ ထီးကလေးဖွင့် တရွေ့ရွေ့ထွက်ခွာသွားတဲ့အခါ မျက်ရည်ဟာဝတ်စုံအပြည့်၊ ပေးထားတဲ့လိပ်စာအတိုင်း ဖုန်းခေါ်သံတွေ။
တယောက်မကြားချင်တဲ့စကား တယောက်ပြောကြေး။

နှင်းခါးမိုး
၁၂၊ ဇူလိုင်၊ ၂၀၁၈

Monday, July 2, 2018

ဒီနေ့ထိုးမနက်ဖန်ပေါက်

နေရောင်က လက်သည်းဆိုးဆေးအပြည့်နဲ့ လမ်းထဲကိုဝင်လာတယ်။ ပြတင်းပေါက်ကိုဖွင့်တာနဲ့ အောက်ခံဘောင်းဘီတွေ တန်းတွေ့တာပဲ။ ဈေးဆိုင်ကမိန်းမက ဈေးသွားနေလို့တဲ့။ ရေသန့်လှည်းကို ဆိုက်ကားသမားက ဆဲသွားတယ်။
ဒီအချိန်ဆို မုန့်ဟင်းခါးကကုန်ပြီ။ ညက မြောင်းမြမောင်ချိုလေးလည်း ဘော်တွန်သရီး ထိုင်ရတာပဲ။ ကုလားကားက ကြည့်လို့ကောင်းလား။ အော်ကုန်ပြီ ဖေ့စ်ဘုတ်ကြီးက မတရားဘူးတဲ့။
မနေ့က လမ်းပေါ်ဖုံးနေတဲ့ရေတွေဟာ မနက်ကျတော့ မြောင်းထဲမှာ ခေါင်းမဖော်တော့ဘူး။ ဘိန်းသမားတွေကို ဖမ်းကြဟေ့ဆိုတော့ ဒေါ်လာဈေးက ထောင်တက်လာတယ်။ လေယာဉ်လက်မှတ်မဝယ်နိုင်လည်း ငွေငါးရာရှိရင် လေဆိပ်ရောက်တာပဲ။ ၅၁၆ ရက်မြောက်ပါပြီ ဆရာဦးကိုနီ။
လိမ္မာကြစမ်းပါ။ မိုက်တယ်ဆိုတာ မကောင်းဘူး။ မိုက်တယ်မိုက်တယ်နဲ့ ဓါတ်လိုက်နေတဲ့ မြွေရိုး။ ကန်တော့ပါရဲ့။ တခွန်းမှမဆဲရင် ကဗျာမဖြစ်မှာ စိုးလို့ပါ။
နှင်းခါးမိုး