ဒီမိုကရေစီမရှိတဲ့နိုင်ငံဟာ အကျဉ်းထောင်ကြီးတခုနဲ့တူတယ်တဲ့၊ ဒီလိုဆို ငါတို့အားလုံးဟာ အကျဉ်းသားတွေပေါ့။ ကိုယ့်ကိုယ်ကိုယ် ဘာအပြစ်ကျုးလွန်လို့ ကျုးလွန်မှန်းမသိပဲ အကျဉ်းကျခဲ့ကြရ။ ထုချေခွင့်မရှိ၊ အသနားခံခွင့်မရှိ၊ လွတ်ရက်ဘယ်နေ့မှန်းမသိ။
မင်းတို့ဘာကောင်ကြီးဖြစ်ခဲ့ဖြစ်ခဲ့ ဗူးဝမှာချိတ်ထားခဲ့ကြတဲ့။ ဖေဖေါ်ဝါရီ ၁ ရက်ဗူးဝမှာ ငါတို့လူ့ဂုဏ်သိက္ခာကို ထားရစ်ခဲ့ကြရပြီ။ လူ့အခွင့်အရေးတွေ ဒီမှာလာမပြောနဲ့၊ လူဆိုတာကိုတောင် မေ့ပစ်လိုက်ကြ။ ခါးကိုချိုးထား၊ ခေါင်းကိုငုံ့ထား၊ မော့မကြည့်နဲ့။ ပုံစံခန်းထဲမှာ တဖုန်းဖုန်း တဗြင်းဗြင်း ဆံပင်ကအစ ထူးသံအဆုံး ပုံစံသွင်းပစ်လိုက်တယ်။ အရှင်နဲ့ကျွန်ဆက်ဆံရေး၊ သခင်အားရကျွန်ပါးဝအုပ်ချုပ်ရေး၊ သခင်မြင်အမြီးတနှံ့နှံ့ယဉ်ကျေးမှုနဲ့ ပစ်လိုက်တဲ့အရိုးတချောင်း အားကြီးသူကိုက်ဝါးကြေးတောနက်ကြီးထဲ ကြပ်ခိုးစွဲနေတဲ့အမှောင်ထု။
ထောင်အပြင် တိုက်ရှိတယ်။ အမှောင်တိုက်ရှိတယ်၊ စစ်ခွေးတိုက်ရှိတယ်။ ရေတိုက်ရှိတယ်၊ ကော်တိုက်ရှိတယ်။ လူတယောက်ကို မသေရုံလေး ရှင်နေအောင်လုပ်ပြရမလား၊ ရှင်နေရုံလေး သေအောင်သတ်ပြရမလား။ မသတ်ပဲ တဖြည်းဖြည်းသေသွားချင်သေးလား။ အုတ်ရိုးအထပ်ထပ်နောက်မှာ ငရဲဟာ သူ့အကန့်လိုက်။
ရှင်နေတဲ့သူတွေသာ ငရဲကြောက်တာ၊ သေသွားတဲ့သူတွေက ငရဲလည်း ကြာတော့ နေတတ်သွားတာပဲ။ သံတိုင်တွေကိုမမြင်တော့ဘူး။ အုတ်ရိုးတွေကို သတိမရတော့ဘူး။ ပဲဟင်းကို အပျစ်ခပ်တတ်လာတယ်။ ပုံစံငပိကို ငရုတ်သီးတောင့်ပါအောင် တောင်းတတ်လာတယ်။ တာလပေါကို အရွက်ချည်းပဲဆယ်တတ်လာတယ်။ ဘောက်ဆင်းဘဝကလာတော့ အမြဲစိမ်းဘဝကို သာယာတတ်လာတယ်။ စည်းကမ်းထိန်းဖြစ်ရင် မျက်ထောင့်နီတတ်လာတယ်။ ဘုတ်ကိုင်ဆို ထိုင်ပုံကအစပြောင်းလာတယ်။ အခန်းလူကြီးဖြစ်ရင် ဘယ်လိုစံပယ်ရမှန်းသိလာတယ်။ တန်းစီးဟာ ဝါးရင်းတုတ်တချောင်းခါးထိုးပြီး လူမြင်ရင် ငါးလိုးမသားချည်းဆဲတော့ပဲ။
နေ့တွေအားလုံးဟာ ပုံစံပဲ။ မနက်ကစ်ပုံပုံပြီးချိန်ကနေ ညဘက် အိပ်ချိန်ဆိုတဲ့အသံကြီးထွက်လာတဲ့အထိ အားလုံးပုံစံပဲ။ ဒီအခန်းပဲ၊ ဒီအဆောင်ပဲ။ ဒီခြိမ်းသံခြောက်သံတွေ၊ ဒီဆဲသံတွေပဲ။ ဖမ်းရက်ချုပ်ရက်ရှိရင် လွှတ်ရက်လွတ်ရက်ရှိတယ်ဆိုတဲ့ အချုပ်ခန်းထဲမှာ ဖတ်ခဲ့ဖူးတဲ့စာသားကို တခါတခါ သတိရမယ်။ မနက်ဗူးဝက လွတ်လူခေါ်သံကြားတဲ့အခါ ကိုယ့်နာမည်များလား နားစွင့်မယ်။ ကျစတုန်းကလည်း ကြောင်တယ်၊ ကြာလာတော့လည်းကြောင်တယ်၊ လွတ်ကာနီးတော့လည်းကြောင်တယ်။ လူတိုင်း ကြောင်သုံးကြောင် တကောင်ကောင်ပဲ။
ဘာမှမလုပ်ပဲ အိပ်နေရင်တောင် ထောင်စည်းကမ်း အချက်များစွာထဲက တခုခုကို ချိုးဖောက်နေတာပဲ တဲ့။ ၈ ပေခန်းထဲမှာ ထည့်ပိတ်ထားတဲ့ ကိုယ့်မြေးလောက်ရှိတဲ့လူငယ်လေးကို မင်းကလူမိုက်လားလို့ ပင်စင်ယူကာနီး အရာရှိအိုကြီးတကောင်က မေးသလိုပေါ့။ လူတယောက်သတ်ဖို့ သူတို့အဖို့တော့ လျှောက်လွှာစာရွက်တရွက်ပဲလိုတယ်။ အဲဒီမတရားမှုတွေကိုဆန့်ကျင်ဖို့ ငါတို့မှာ ကျောပဲရှိတယ်။ ငါတို့ကျောဟာ ငါတို့လက်နက်ပဲ။ ငါတို့ဒဏ်ရာဟာ ငါတို့အောင်ပွဲပဲ။ သုမနကျောမှာသမိုင်းတွေနဲ့။
ခြေကျင်းခတ်တယ်၊ တိုက်ပိတ်တယ်။ ရေချိုးပိတ်တယ်၊ ထောင်ဝင်စာပိတ်တယ်။ အဆောင်ပြောင်းတယ်၊ ထောင်ပြောင်းတယ်။ သူတို့ဖိနှိပ်မှုယန္တရားက စုံတယ်။ နံရံမှာ စာရေးတယ်။ သံမံတလင်းမှာ စာသင်တယ်။ တောင်ယာမှာ ကျန်းမာရေးစောင့်ရှောက်တယ်။ အသက်ရှင်အောင်နေတာ တော်လှန်ရေးပဲ။ ဟင်းမပါရင်နေ၊ သတင်းပါဖို့လိုတယ်။ အုတ်ရိုးအပြင်နဲ့ အုတ်ရိုးအတွင်းဟာ ဖေးကူအားပေးရင်း၊ သံတိုင်နောက်မှာ အတောင်ပံတဖြတ်ဖြတ်ခပ်ရင်း၊ ဆိတ်ဖလူးရနံ့မှာ မိမိကိုယ်ကိုရှာဖွေရာကနေ ဘဝတက္ကသိုလ်မှာ ဘွဲ့ထိုထိုရတဲ့အထိ အချင်းချင်း ကူညီရင်း စောင့်ရှောက်ရင်း လက်ဆင့်ကမ်းသင်ကြားရင်း နိုင်ကျဉ်းဟာ ပြိုင်မြင်းတွေဖြစ်လာတယ်။
အုတ်ရိုးနဲ့သံတိုင်တွေပေါ် နေရောင်ကဖြာကျလို့၊
ဘယ်ရှုခင်းမှ ဒဏ်ရာတွေလောက်မလှဘူး။
အကျဉ်းထောင်ကြီးတွေဟာ ပြတိုက်ဖြစ်လာတဲ့အခါ။
- - - - -
နှင်းခါးမိုး
No comments:
Post a Comment