Saturday, December 1, 2007

နွေဦးခေါ်သံ

နေဇော်နိုင်












ဟောဒီ ကမ္ဘာပေါ်မှာ

နာနာကျင်ကျင်ဘ၀ ရှိသူတိုင်း
သမိုင်းကို ပြောင်းလဲပစ်ခဲ့ကြတယ်၊

လူဟာ
ချွေးတစက် ရင်းနှီးရင်
အပွင့်အသီး ညီညီမျှမျှပြန်ရနေဖို့၊

လူတဦးတယောက်ရဲ့ အသက်ရှူသံ
သူ့ကြမ္မာနဲ့ ယုံကြည်ချက်တွေအပေါ်
ဘယ်သူမှ မကျူးကျော်နိုင်ဖို့၊

အသိ အသက် ရှိတာခြင်း တူရင်
ဘယ်လူမျိုးကမှ
အခွင့်အရေး ပိုမယူကြဖို့၊

စစ်ဖိနပ်ထဲ ထိုးသွင်းထားတဲ့
အဟောင်းအမြင်း မှန်သမျှကို
ခေါင်းရင်းကနေ ကန်ချပစ်ကြရမယ်၊

ကျနော်တို့ဟာ
သမိုင်းရဲ့ ထုတ်ကုန်ပါပဲ
လူထုကို ယုံတယ်၊
ဒီမိုကရေစီကို ချစ်တယ်၊
အမျိုးသားသွေးစည်းညီညွတ်ရေးကို မြတ်နိုးတယ်။

ပြည်တွင်းစစ်
အနှစ် (၅၀)ကြီးထဲက
ကြေကွဲ သွေး ဘ၀ အသက်တွေ
ဒီမိုကရေစီ အရေးတော်ပုံကြီးထဲက
သူရဲကောင်းတို့ရဲ့ ၀ိဥာဉ်တွေကို ဦးညွတ်
အမျိုးသားထု လွတ်မြောက်ရေးအတွက်
စစ်အာဏာရှင် အဆက်ဆက်
ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ
တော်လှန်ရေးကို စိုက်ပျိုးပစ်ခဲ့ကြတယ်။

စစ်အာဏာရှင်တို့
ခင်ဗျားတို့ ဒိုင်ယာရီ စာအုပ်ထဲက
အဆီတရွှဲရွှဲ စာရင်းဇယားတွေဟာ
တိုင်းပြည် သယံဇာတများပဲ ဖြစ်တယ်၊

ခင်ဗျားတို့ နှုတ်ခမ်းက အပြုံးစဟာ
လူထု သက်ပြင်းချသံတွေ ဖြစ်တယ်၊

ခင်ဗျားတို့ မျက်လုံးထဲက အလင်းစဟာ
ကလေးတွေ ချွေချွေချခဲ့ရတဲ့
သွေးစ သွေးနများပဲ ဖြစ်တယ်၊

မီးလောင်ငုတ်တိုနဲ့ ပြာပုံထဲက
ကျည်ဆံခွံတွေကို မေးကြည့်ကြစမ်းပါ၊

လူ့အခွင့်အရေးဆိုတာ
စစ်ဖိနပ်နဲ့ နင်း နင်း ပေးဖို့လားလို့၊

စစ်အာဏာရှင်တို့
လူချင်း အတူတူ
ခင်ဗျားတို့ အသက်ပိုမရှူကြနဲ့၊

အဲဒီ ပိုရှူလိုက်တဲ့လေထဲမှာ
တံတားအနီ
ကတ္တရာအနီ
လွယ်အိတ်အနီတွေနဲ့
တနိုင်ငံလုံး
သွေးနဲ့မျက်ရည် ကျဆုံးခဲ့ရသော
ရှစ်လေးလုံး နေ့ရက်များ ပါတယ်၊

ကျောက်သင်ပုံးအကွဲနဲ့
‘၀’လုံး ရွဲ့စောင်းစောင်းတွေ ပါတယ်၊

နို့ရည်မဲ့
ကွဲအက် နှုတ်ခမ်းတွေ ပါတယ်၊

မြေမြုပ်မိုင်း အရိုင်းအစိုင်းကြောင့်
ခြေတပိုင်းပြတ်သွားတဲ့ ကလေးမလေး ပါတယ်၊

ခွေးလို ထဟောင်တဲ့ သေနတ်ကြောင့်
မျက်စေ့ တဖက်လပ်နဲ့ ကောင်လေး ပါတယ်၊

ယမ်းနံ့နဲ့ သဲ့သဲ့ ရှိုက်သံကြား
ပန်းဦး ကြွေသွားတဲ့ ကောင်မလေး ပါတယ်၊

မြေကြီးနဲ့ တောတောင်ကို ချစ်တဲ့
မျှစ်စို့တွေ ချိုးဖဲ့ ခံရသလိုမျိုး
ကျိုးပျက်သွားတဲ့ မိသားစုတွေ ပါတယ်၊

ငွေစက္ကူထဲ
ကိုယ့်ဘ၀ကိုယ်ပြန်ရှာရင်း
အဖျားအနာ ထူပြောနေတဲ့ လူထုတွေ ပါတယ်၊

အဲဒီ
ခင်ဗျားတို့ ပိုရှူလိုက်တဲ့လေထဲမှာ
စစ်အကျဉ်းထောင်တွေထဲက
သေကွဲ ရှင်ကွဲ ရဟန်းရှင်လူ
ကျောင်းသူကျောင်းသားတွေ ပါတယ်၊

နောက်ဆုံး
ခင်ဗျားတို့ ပိုရှူလိုက်တဲ့ လေထဲမှာ
သာသနာ့အလံတော် သွေးစွန်းလို့
စက်တင်ဘာ တလလုံး ပွန်းပဲ့ပေးလိုက်ရတယ်၊

ဟောဒီခေတ်ဟာ
လူထုကို အချစ်နဲ့ တိုင်းတာတဲ့ခေတ်၊

အသွေး အသား အသက် အသိ ရှိတဲ့ လူက
အသိ အသက် အသား အသွေး ရှိတဲ့ လူတွေအပေါ်
အမြော်အမြင်နဲ့ စောင့်ရှောက်တဲ့ခေတ်၊

မျိုးဆက်သစ်နဲ့ မြေကမ္ဘာ ကျန်းမာရေးအတွက်
လူ့အမြင် လူ့အတွေး
လူ့ရပ်တည်ရေးနဲ့ ကြမ္မာဟာ
လွတ်လပ်စွာ ပျံသန်းနိုင်တဲ့ ခေတ်၊

တူညီမျှတတဲ့
ဘ၀ ဘ၀ချင်း အသက်ရှူသံတွေကြား
အမျိုးသား သွေးစည်ညီညွတ်မှုတို့
မြင့်မြင့်မြတ်မြတ် ဖူးပွင့်နိုင်တဲ့ ခေတ်လေ၊

ဟိုး တောင်တန်းမှာ ငြိမ်းချမ်း မွှေးရီ
ချယ်ရီပွင့်တွေကလည်း
ကျနော်တို့ဘ၀ပဲ မဟုတ်လား၊

ဘုရားကျောင်းက ခေါင်းလောင်းသံတွေ
တောင်ဇလပ်မြေမှာ လှုပ်ခတ်
ကျနော်တို့အားလုံး ချစ်မြတ်နေကြတယ်၊

သလိုပဲ
သဇင်ခက်တွေရဲ့ ဓလေ့ရိုးရာ
ကျနော်တို့ အသက်ရှူသံထဲမှာ ပါတယ်၊

မနောမြေက
နိုးထလာတဲ့ ဧရာဝတီဟာ
ဘ၀များစွာရဲ့ ပင်မရေစီး
အပွင့်အသီးတွေ ဖြစ်ထွန်းစေခဲ့တယ်လေ၊

ရာဇ၀င်ရေးရုပ်ပုံ
သုဝဏ္ဏဘူမိ ရင်ခုန်သံ စည်းချက်တို့
ဟောဒီ အသွေးအသားထဲ ခရီးဆက်နေကြ
ဖားစည်သံတွေကလည်း
ဇွဲကပင်မြေမှာ နိုးထ
ဟောဟိုက ကန္နိရီ ကိန္နရာ မောင်နှံဟာ
ကျနော်တို့ကို ရင်ခုန်မြန်စေခဲ့ပေါ့၊

(တိုင်းရင်းသား ညီအကိုတို့)
အချစ်နဲ့ တိုးဝင်တဲ့စိတ်ဟာ
အလှဆုံး အရိပ်တွေ ကြဲဖြန့်ထားတဲ့အတိုင်း
သမိုင်းသစ်ကို ဖြစ်ထွန်းစေခဲ့တာပဲ မဟုတ်လား၊

ကျနော်တို့ အတူ သွားကြမယ်၊
ကျနော်တို့ အတူ စားကြမယ်၊
ကျနော်တို့ အတူနေ
တနိုင်ငံလုံးက လေကို မျှဝေရှူကြမယ်၊

ဟောဒီ
အမျိုးသားရေး နယ်နိမိတ်ပေါ်မှာ
အာဏာရှင် မှန်သမျှ
ဘယ်တော့မှ ခြေချခွင့် မရရေးအတွက်
ကျနော်တို့ လက်တွေ
မြဲမြဲ ချိတ်ထားကြရမယ်၊

ကျနော်တို့ ရင်ခုန်သံတွေ
မှန်မှန်ကန်ကန် ကူးစက်နေရမယ်၊

ကျနော်တို့ အင်အားတွေ
များများစားစား ညီညွတ်ထားရမယ်၊

ကျနော်တို့ စိတ်ဓာတ်တွေ
မြင့်မြင့်မြတ်မြတ် ပျံသန်းနေရမယ်၊

ပြည်တွင်းစစ်
အနှစ် (၅၀) ကြီးထဲက
ကြေကွဲ သွေး အသက် ဘ၀တွေ
ဒီမိုကရေစီ အရေးတော်ပုံကြီးထဲက
သူရဲကောင်းတို့ရဲ့ ၀ိဥာဉ်တွေကို ဦးညွတ်
အမျိုးသားထု လွတ်မြောက်ရေးအတွက်
စစ်အာဏာရှင်တွေ နှိပ်စက်လို့
ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ
တော်လှန်ရေးကို စိုက်ပျိုးခဲ့ကြပြီပဲ။

ဘ၀ ရှိရင်
အသိအမြင် မွေးထုတ်
ကြမ္မာဆိုးကို ပုတ်ချပစ်နိုင်တာ
လူသားပဲ ရှိတယ်။

လူတယောက်ဟာ
ဘ၀နဲ့ အသက် ရှင်သန်ဖို့
လွတ်လပ် မှန်ကန်တဲ့ အသိအမြင် ရှိတယ်။

ကိုယ့် အတွေးအမြင် အတောင်အလက်ဟာ
ကိုယ့် အသက်ရှူသံ
ဘယ်သူ့ထံမှ အစီရင်ခံစရာ မလိုဘူး၊

ဥပဒေရဲ့ အထက်မှာ
ဘယ်သူမှ မရှိစေရသလို
လူ့အတွေးအမြင်ပေါ်မှာ
ဘယ်လို အမိုးအကာမှ မလိုပါဘူး။

လူဟာ
အဲဒီ အတွေးအမြင်နဲ့ပဲ
ကိုယ့် မိသားစု ကိုယ့် နိုင်ငံ
ကိုယ့် ကမ္ဘာမြေ ဒုက္ခ သုက္ခတွေကို
လှလှပပ ခုတ်ထွင် ရှင်းလင်းနိုင်ခွင့် ရှိတယ်။

သစ်စေ့ဟာ
မြေကြီးထဲ ငိုကြွေးနေကြတာ မဟုတ်ဘူး၊

အကိုင်းအခတ်တွေနဲ့ ရွက်လွှင့်ဖို့
ကောင်းကင်ကို ဆွဲဖွင့်နေကြတာ။

သစ်တပင်ရဲ့
အမြစ်နဲ့ အကိုင်းအခတ်တွေဟာ
(အဲဒီသစ်ပင်အတွက်တော့)
သမိုင်းဆိုင်ရာ စွမ်းဆောင်ချက်တွေပဲဖြစ်တယ်၊

အမြစ်တွေက နက်နက်တူး
အကိုင်းအခက်တွေက မြင့်မြင့်ပျံ
ဒါ သူ့ တော်လှန်ရေး မဟုတ်ဘူးလား၊

သမိုင်းတခေတ်ဟာ
အပွင့်အဖူးတွေနဲ့ ဖြစ်ထွန်းလာဖို့
နိုင်ငံတိုင်း
နောက်ခံကားချပ်တွေနဲ့
အနာဂတ်ကို တွန်းဖွင့်ခဲ့ကြရပေါ့၊

ဟေ့
စစ်အာဏာရှင်တွေ အဆက်ဆက်
ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ
တော်လှန်ရေးကို စိုက်ပျိုးထားကြ၊

ကျနော်တို့ အသိအမြင်တွေကို
အသွေးအသားတွေထဲ နက်နက်တူးဆွ
ယုံကြည်ချက်တွေနဲ့ မြင့်မြင့် ပျံကြ၊

ဘ၀ အမှောင်မှာ
လ ရောင် မသာတာကို မြင်တွေး
တော်လှန်ရေး အသိနဲ့ ပေါင်းစပ်ကြည့်ရမယ်၊

မြေကြီးမှန်ရင်
အသီးအနှံကောင်း ထွက်တာပဲလေ၊

တော်လှန်ရေးဟာ
ကျနော်တို့ မြေကြီး အစစ်
နိုင်ငံတော်သစ်ဆီ အရောက်သွားဖို့
သစ္စာတရားနဲ မြင်းတကောင်ဖြစ်တယ်၊

ဟိုးက ကောင်းကင်ပေါ်မှာ
နွေဦးဟာ ကျနော်တို့ကို စောင့်နေပါ့၊
လာခဲ့ကြတော့
လာခဲ့ကြတော့ ဟေ့ တဲ့

အာရုဏ်ဦးမှာ
နှင်းဆီ တထောင် ခူးဆွတ်
နိုင်ငံတော်သစ်ကို ဦးညွတ်ဖို့အတွက်
နွေဦးခေါ်သံဟာ
ထိုး ထွက် လာခဲ့ပြီ။ ။

နေဇော်နိုင်

5 comments:

Saung Yune La (aka) Way said...

ကိုယ့် အတွေးအမြင် အတောင်အလက်ဟာ
ကိုယ့် အသက်ရှူသံ
ဘယ်သူ့ထံမှ အစီရင်ခံစရာ မလိုဘူး၊
အင်မတန်မှပြောင်မြောက်ထိမိတဲ့စကားလုံးကောင်းတွေဘဲဗျာ

Jacobo Ramirez said...

salut!
Good your Blog! here is me blog: http://jacobo-ramirez.blogspot.com/

Saludos!

JR

Jacobo Ramirez said...

xxxxx!
Xxxx xxx xxxx!xxxx xx xx xxxx:

//xxxxxxxxxxxxx.xxxxxxx.xxx/

xxxxxxx!

XX.

ခင်မင်းဇော် said...

ဟေ့... ပျောက်ချက်သားကောင်းလှတဲ့ ကိုပုညကြီး ပြန်ပေါ်လာပြီ။ တယ်ကောင်းလှပါကလား. အလုပ်ထဲမှာ နစ်နေလို့ စာတွေမရေးနိုင်တော့ဘူး ထင်နေတာ .. မျိုးဆက်သစ် ရပြီဆိုတော့ ကိုယ်တွေ စိတ်တွေ နုပျိုလန်းဆန်း လာတယ်ထင်ပါ့..

နွေဦးကြိုက်သူကြီးတယောက်လည်း အနားရောက်နေတယ်။ နောက်များဆို လေလှိုင်းပေါ်မှာ စာသံ.ကဗျာသံတွေ ညံနေတော့မယ်။

တင်ပေးတဲ့ ဆရာနှင်းခါးမိုးကိုလည်း ကျေးဇူးပါ။

အမ်မ် ဇက်

ကောင်းကင်ကို said...

ကောင်းလိုက်တဲံ ကဗျာ ဗျာ။ ကဗျာရဲ့ စာကြောင်းတိုင်းဟာ ဓားတစ်ချောင်းလိုပဲ။