Friday, December 12, 2008

အရိုးစု


ကျနော့်အရိုးတွေကို ကျနော်ကျေးဇူးတင်တယ်
သူတို့ကအခုထိ ကျနော့်အပေါ်ကောင်းတုန်းပဲ
ကျနော့်ခါးက အခုထိမတ်တုန်းပဲ
ကျနော့်ခြေထောက်တွေက အခုထိအမြင့်ကိုတက်တုန်းပဲ
ကျနော့်လက်ဖျံတွေက အခုထိမြန်ဆန်သွက်လက်တုန်းပဲ
ကျနော့်စိတ်သွားရာနောက်ကို သူကလိုက်တုန်းပဲ။

ကျနော့်အရိုးတွေက ဘယ်တုန်းကမှ မပျော့ခဲ့ဘူး
ခုလည်း မပျော့သေးဘူး
ကျနော်သတိလက်လွတ်ဖြစ်လို့
ကျနော်ကံမကောင်းလို့
ကျိုးတုန်းကကျိုးခဲ့ဘူး
ပြီးတော့ပြန်ကောင်းတာပဲ။

နှစ်ပေါင်းရာထောင် အရိုးတွေ ပြန်တူးဖော်တော့
အရိုးတွေက လူတယောက်ရဲ့ပုံပန်းကိုပြောပြသတဲ့
အရိုးတွေက လူတယောက်ရဲ့ဘဝကိုပြောပြသတဲ့
သူတို့သန်မာခဲ့တာ
သူတို့ချည့်နဲ့ခဲ့တာ
သူုတို့ပျော်ရွှင်ခဲ့တာ
သူတို့ကြေကွဲခဲ့တာ
သူတို့ငြိမ်းချမ်းခဲ့တာ
သူတို့တိုက်ပွဲဝင်ခဲ့တာ...
အရိုးတွေက မလိမ်ဘူး။

အရိုးသားဆုံးနှလုံးသားများ၏အစုအဝေးကို
အရိုးစုဟုခေါ်ပါသည် (နွေလယ်နေ)
အရိုးစု ဆိုတဲ့ကဗျာစာအုပ်ကလေး
တခါကကျနော်တို့တည်ဆောက်ခဲ့ဘူးတယ်
နံရိုးတူသူချင်း။

မေးစေ့နှစ်ထပ်နဲ့ မေးရိုးမရှိတဲ့ကောင်
အဆီတထပ်အသားတထပ်နဲ့ ကျောရိုးမပါတဲ့ကောင်
အဲဒီကောင်ကို ကျနော်မုန်းတယ်
လေးတွဲ့ထိုင်းမှိုင်းစွာရပ်လို့
ကျနော့်ရှေ့ကမှန်ထဲမှာ..
သူ့အရိုးတွေကနေ သူထွက်ပြေးနေတဲ့ကောင်။

အရိုးအရင်း
အသားလိုလို့အရိုးတောင်း
အရိုးပေါ်အရေတင်
အရိုးကွဲမှအသဲစွဲ
အရိုးထိအောင်နာ
ဘာပဲဖြစ်ဖြစ်
အောက်ဆုံးကအရိုးတွေကိုတော့
မမေ့ကြပါနဲ့။

ကမ္ဘောဒီးယားကအရိုးတွေ
ရဝမ်ဒါကအရိုးတွေ
ဘောစနီးယားကအရိုးတွေ
ဟိုနေရာ ဒီနေရာမှာ
မတူးရသေးတဲ့အရိုးတွေ
လူမသိသူမသိအရိုးတွေ..။

ကိုယ့်ခြေထောက်အောက်ကိုယ်ပြန်ငုံ့ကြည့်လိုက်တယ်
ကျနော်ဘယ်သူ့အရိုးပေါ်ရပ်နေမိသလဲလို့။

မင်းဟာငါ့ရဲ့နံရိုးတချောင်းပါပဲကွယ်လို့
ဘယ်သူ့ကိုမှမပြောဖြစ်ခဲ့ဘူး
ကျနော့်အရိုးတွေကို ကျနော်ချစ်တယ်။ ။

6 comments:

ATN said...

အရိုးပုံထဲက နံရိုးတချောင်းကို...
ကျနော် ယူသွားတယ်ဗျို့...

ကျနော့်နံရိုးနဲ့တူနေလို့...
အမှတ်တရ သိမ်းထားဖို့...

MANORHARY said...

အရိုးတွန်သံ..ဆိုတဲ့စကားလုံးလေးကိုသတိရနေမိတယ်။

pandora said...

ကိုဝေလင်းရဲ့ နံရိုးတစ်ချောင်းကို ယူပြီး ဘလော့ဂ်ပေါ်မှာ တင်ထားလိုက်ပြီ။ :)

Moe Cho Thinn said...

လူမသိ သူမသိ အောက်ဆုံးက အရိုးတွေကို ဘယ်တော့မှ မမေ့ပါဘူး။

Anonymous said...

နံရိုးကြိုက်တာခြင်းတော့ တူတယ်။

တန်ခူး said...

အရိုးကျိုးဖူးမှ အရိုးတန်ဖိုးကို ပိုသိခဲ့တယ်... စိတ်သွားတိုင်း ကိုယ်မပါတဲ့ဘ၀…
အရိုးကို သတိရဖို့  သတိပေးတဲ့ ဒီကဗျာလေးအတွက် ကျေးဇူးပါ…
များသောအားဖြင့် မှန်ထဲက အရေပြားတထောက်လောက် တိမ်တိမ်လေး ကြည့်တတ်ကြတာမိုလား…