Wednesday, February 15, 2012

ထောင်ဖောက်သူ



အပြင်ကိုခုန်ထွက်လိုက်တာ တွင်းတခုထဲပြုတ်ကျတယ်
အပြင်အပမြင်ရတဲ့အရာတွေထဲ ငါတို့ဖမ်းချုပ်အကျဉ်းချခံရတဲ့အခါ ဖေါက်ထွက်ဖို့ကြိုးစားကြတယ် ငါတို့တွန်းလှန်တယ် မြင်ရတဲ့အရာတွေရဲ့ဟိုဘက်ပြေးထွက်တယ် ပြေးနိုင်ရင်လွတ်မယ်ထင်တယ် ဗဟိဒ္ဓတွေကိုအစစ်လို့ထင်တယ် ပျို့တက်လာတာတွေကိုမျိုမျိုချတယ် ဒါမှမဟုတ်အော်ဟစ်ပစ်လိုက်တယ်
ပေါက်ကွဲမှုတွေမှာတခါတရံလမ်းသစ်ရှာတယ် အသံတွေကိုဘာသာပြန်တဲ့အကျင့်ကပါနေပြီ
အသံတွေကိုအသံတွေအတိုင်းရွတ်ဖတ်ဖို့လိုတယ် စကားလုံးတွေနဲ့တိုက်တိုက်မကြည့်ပါနဲ့
အသံတွေကိုအသံတွေအတိုင်းစိတ်ထဲနှစ်လိုက် အသံတွေကိုအသံတွေအတိုင်းစီးပါသွားလိုက်
ခံစားဖို့ထက်နားလည်ဖို့ကပိုအရေးကြီးနေရင် ခုန်ထွက်လိုက်တိုင်း တွင်းထဲကျကျနေမှာပဲ
အဇ္ဇတ္တထဲဘယ်တံခါးပေါက်က၀င်မလဲ တံခါးတိုင်းပွင့်နေတာတော့မဟုတ်ဘူးပေါ့ ဒါပေမယ့်တွန်းဖွင့်လိုက်ပါ
မင်းအ၀င်ချင်ဆုံးတံခါးပေါက်ကိုသာမင်းတွန်းဖွင့်လိုက်ပါ ပထမဆုံးအရေးကြီးတာကဖွင့်မိဖို့ပဲ
ခုန်ဆင်းလိုက်မိပြီလို့ထင်ကောင်းထင်မယ် အတွင်းထဲဝင်တာပိတ်မိတယ်ထင်မယ်
တကယ်ကအာကာသဆိုတာနေရာတိုင်းမှာရှိတာ မော့မော့ကြည့်ရတိုင်းလှမ်းလှမ်းကြည့်ရတိုင်း
ဟိုးအဝေးမှာအဝေးအဝေးတနေရာမှာ အာကာသဆိုတာကိုယ်နဲ့အဝေးကြီးမှာအဲလိုမဟုတ်ဘူး
အဇ္ဇတ္တထဲမှာမြက်ခင်းတွေစိမ်းစိုနေတယ် ငါဟာမြင်းတကောင်လိုခုန်ပေါက်ပြေးလွှားမယ်
တကယ်ကလွတ်မြောက်မှုဆိုတာ ငါတို့အတွင်းထဲမှာ
နားမလည်နိုင်တဲ့အရောင်တွေစုတ်ချက်တွေကြားမှာ ဘာမှန်းမသဲကွဲတဲ့အသံတွေထဲမှာ
နားလည်ဖို့မလိုဘူး အဓိပ္ပယ်မလိုဘူး
သံလမ်းပေါ်ကရထားတစင်းလို ကိုယ့်ခံစားချက်ပေါ်မှာကိုယ်ခုတ်မောင်းနေဖို့ပဲ
ကိုယ့်ရှင်သန်မှုကို ခဏတာတောက်လောင်မှုလို့သိရင်
အဇ္ဇတ္တနဲ့ဗဟိဒ္ဓနယ်ခြားမှာ လှည့်စားမှုတွေကိုထားခဲ့ပစ်လို့ရတယ်



Wednesday, February 8, 2012

ကြောင်တကောင်နဲ့ သစ်ရွက်တရွက်





ဒါဟာ
ဇာတ်ခုံတခုံဖြစ်သတဲ့။

ခုတော့
ပရိတ်သတ်လည်းမရှိ
ဇာတ်အဖွဲ့လည်းမရှိ
ကတ္တီပါကားလိပ်လည်းမရှိ၊

ဒီခုံပေါ်မှာပဲ
ဇာတ်လမ်းတွေအမျိုးမျိုး စခဲ့ ဆုံးခဲ့
ပြိုးပြိုးပြက်ပြက်တွေ
အမှောင်နဲ့ခြောက်ခြားမှုတွေ
ပြီးတော့ နောက်ခံကားလိပ်တွေကလည်း
အမျိုးမျိုးပြောင်းလဲခဲ့။

ပျော်ရွှင်ဖွယ်
လွမ်းဆွတ်ဖွယ်
ငြိမ့်ငြောင်း
မြူတူးကခုန်
တီးလုံးတွေ တေးတွေ အစုံစုံအပြားပြား၊

မျက်ရည်နဲ့
လက်ခုပ်သံတွေ
ခုတော့ဘယ်မလဲ။

ရုံလုံးပြည့်ထိုင်ခုံတွေကြားမှာ
သူတယောက်တည်း
ဇာတ်ခုံကြီးကို ကြည့်လို့
ဇာတ်ပွဲကြီးကိုကြည့်လို့၊

သူ့အတွက်တော့
အင်မတန်ခမ်းနားတဲ့ မဟာဇာတ်တော်ကြီး
သူကိုယ်တိုင်စီစဉ်တင်ဆက်
သူကိုယ်တိုင်သရုပ်ဆောင်ကပြ
သူကိုယ်တိုင်အားပေးရှုစား၊

သူအသက်ပြင်းပြင်းရှုလိုက်စဉ်
ကြောင်တကောင်ဇာတ်ခုံပေါ်ခုန်ဆင်းလာ
တဦးတည်းသောပရိတ်သတ်ကြီး သူ့ကို
ဦးညွတ်သလိုလို
မောက်မာစော်ကားသလိုလို
ကဲ့ရဲ့ဟားတိုက်သလိုလို
မထီမဲ့မြင်သရော်သလိုလို
လောကဓမ္မ ဆိုဆုံးမသလိုလို
ဆုလာဘ်တခုခုတောင်းခံသလိုလို
အမျိုးမျိုးသရုပ်ဆောင်ပြီးတဲ့နောက်
ဇာတ်ခုံကြမ်းပြင်ပေါ်ကဖုန်တွေပေါ်
သူ့ခြေရာတွေ ထင်ထင်ရှားရှား တလှမ်းချင်း တလှမ်းချင်း ထားသွား၊

မရှိတဲ့သံစုံတီးဝိုင်းကြီးက
တိတ်ဆိတ်မှုကို သံပြိုင်တီးမှုတ်ချလိုက်တယ်။

ဒီဇာတ်ခုံကြီးပေါ်မှာ
သစ်ရွက်ကလေးတရွက်ကလည်း
တောကြီးတတောအကြောင်း ကပြခဲ့ဘူးသတဲ့။ ။


Tuesday, February 7, 2012

ခဲနေတဲ့နေ့

နှင်းခါးမိုး


ခဲနေတဲ့အိုင်
ခဲနေတဲ့မြစ်
ခဲနေတဲ့ကောင်၊

ခဲနေတဲ့အိုင်အောက်မှာ
ကူးခတ်နေတဲ့ငါးလေးတွေကို
ခဲနေတဲ့အိုင်ပေါ်ကငှက်တွေက
ငံလင့်စောင့်မျှော်နေကြ။

ခဲနေတဲ့မြစ်အောက်မှာ
စီးနေတဲ့ရေတွေကို
ခဲနေတဲ့မြစ်ပေါ်က
လှေသင်္ဘောတွေက လိုအပ်နေကြ။

ခဲနေတဲ့ကောင်ထဲမှာ
ကူးခတ်နေတဲ့ငါးလေးတွေကို
ခဲနေတဲ့ကောင်ထဲမှာ
စီးနေတဲ့ရေတွေကို
ခဲနေတဲ့ကောင်က
မစောင့်မျှော် မငံလင့်တော့ဘူး
မလိုအပ်တော့ဘူးဆိုတာ
ဟောဒီ ပဉ္စမဆယ်စုနှစ်ကြီးသိအောင်
အော်ပြောလိုက်တယ်။

တဆောင်းလုံးသူ့သစ်မြစ်ထဲ သူသေဆုံးနေခဲ့တဲ့
ကျုးလစ်ပန်းကလေး
လန့်နိုးလာတဲ့အထိ။ ၊