Wednesday, September 19, 2012

ငါ့မိတ်ဆွေတဦး



ပီဘိနှိမ်ချ
ပညာရှိဆန်ပြတာမဟုတ်
ရိုးသားမှုနဲ့ပြုံးတဲ့အခါ
ကမ္ဘာကြီးတောင်နွေးထွေးသွားစေနိုင်ရဲ့
ငါ့မိတ်ဆွေ။

ခွင့်လွှတ်ပါဗျာ
ခင်ဗျားလောက်မဖြောင့်တန်းနိုင်
ကျနော့်မှာကရှုတ်ရှုတ်ထွေးထွေး
နေ့စဉ်ကိစ္စတွေရှိရဲ့
မငြင်းဆန်နိုင်
မရှောင်လွှဲနိုင်
တခါတလေရွေးချယ်ခွင့်ကင်းမဲ့၊
လူ့ဘဝဆိုတာက
လက်တွေ့ကျဖို့ပိုလိုအပ်
စိတ်ကူးတွေအပင်မဖြစ်ထွန်းတဲ့
ဟောဒီဖုန်းဆိုးမြေမှာ
အနယ်အနှစ်တွေနဲ့
နေရထိုင်ရတာပါ 
ဝန်ခံတယ်။

ငါ့မိတ်ဆွေ
ချစ်ခင်မှုတရားနဲ့
လက်ဖက်ရည်ဆိုင်သွားကြရအောင်။

ညကတင်ရေးပြီးသွားတဲ့
ကဗျာအသစ်တွေနဲ့
မိတ်ဆွေရဲ့မျက်နှာ လင်းလို့
ကျနော်ရှာဖွေနေတာ
ကျနော့်အဓိပါယ်ကိုကျနော်
ရွေးချယ်ခဲ့တာ
နာကျင်ရ ပင်ပမ်းရ
ဒါပေမယ့်လှပပါတယ်။
မိတ်ဆွေကိုကြည့်ရင်း
ငါ သေးငယ်သွားလိုက်တာ
စီးကရက်တလိပ်သာဆို
ပြာမှုန်တွေချည့်ဖြစ်ရော့မယ်။

မိတ်ဆွေနဲ့ငါ
ပေါင်ချိန်စက်တခုအပေါ်
တခါက အတူတူတက်ဖူးကြ၊
ငါက တရာ့သုံးဆယ်
သူက တရာကိုသုံးပေါင်တောင်
လျော့လို့
ခင်ဗျားဒီလောက်မဖြစ်သင့်ဘူး
ကျန်းမာရေးလည်းဂရုစိုက်ဦး
ရုပ်သန်မာမှ
စိတ်ကူးတွေအပွင့်ဝေနိုင်မှာပေါ့
ကျနော်လည်းဒီလောက်မဖြစ်သင့်ဘူး
ဗိုက်ခေါက်ကြီးကအရစ်လိုက်
ကြိုးခုန်ရမယ်
အခုလိုအချိန်မျိုးမှာမှ
၀၀ဖြိုးဖြိုးဖြစ်နေတာ
နာမည်ပျက်တယ်ဗျ
နှစ်ယောက်သား ရယ်မောခဲ့ကြ။

သူကိုယ်သူ
အကြင်နာကင်းမဲ့စွာ ညှစ်ချနေရော့သလား မသိ
သူ့မျက်လုံးတွေက
အရိုးထဲဝှက်ထားတဲ့ကြယ်တွေလို
ချိုင့်ခွက်ပေမယ့် လက်ပလို့၊
ကြိုးတချောင်းလိုလှုပ်လဲ့
လမ်းကလေးပေါ်သူလျောက်လာတာ
လှမ်းတွေ့ရ
မွဲပြာပြာအရေပြားတွေအောက်မှာ
အနုပညာ အနာဂတ်နဲ့
ဖြောင့်မတ်မှုတရား
ရဲရင့်တဲ့သွေးကြောတို့ ထောင်ထ
နံရံတခုနဲ့ဖိချတောင်
မလဲမပြိုနိုင်ရှိပေလိမ့်
ငါ့မိတ်ဆွေ။

ကိုယ့်ကြောင့်လူဖြစ်လာတဲ့သူတွေအတွက်
ကိုယ့်မှာတာဝန်ရှိတယ်
ကျနော့်အဖေကို
ကျနော်စွဲချက်တင်ခဲ့သလို
ကျနော့်သားက
ကျနော့်ကိုစွဲချက်တင်မှာ
ကျနော်ကြောက်တယ်၊
ကျနော်ဒုက္ခ ကို ဝင်ကူထမ်းခဲ့တဲ့အတွက်
မိန်းမကိုဆပ်ရမယ့်အကြွေးတွေရှိတယ်။

မိတ်ဆွေက
ငြိမ်ငြိမ်သက်သက်နားထောင်လို့
ဒီတော့မှသတိရ
လူတိုင်း ဘဝကိုယ်စီရှိကြတာပဲ
ငါ့လို အကြွေးတွေ၊ တာဝန်တွေ၊ ဆန ္ဒတွေ
အသီးသီးရှိကြတာ
ငါ့မှ ဖွဲ့ဖွဲ့နွ့ဲနွဲ့ပြောနေလို့
ဒါ မသင့်တော်ဘူး
ဒီလို ကိုယ့်အတွက်ကိုယ်ကြည့်ကြစတမ်းဆိုရင်
ပန်းတွေပွင့်အောင်ဘယ်သူစိုက်မလဲ
တောတွေကိုဘယ်သူခုတ်ထွင်ရှင်းလင်းမလဲ
ဆယ်စုတွေကိုလင်းထိန်အောင်
ဘယ်သူမီးထွန်းပေးမလဲ
မိတ်ဆွေက
ငြိမ်ငြိမ်သက်သက်နားထောင်လို့
အဲဒါကိုကရှက်စရာ
ခင်ဗျားရင်ထဲမှာ ဘာတွေပြောနေသလဲ
အားမနာပါနဲ့ဗျာ
ကျနော့်ကိုယ်ကျနော်တောင်
ရွံရှာလာရဲ့၊
ငါ့မိတ်ဆွေရှေ့
ငါ့စိတ်တွေ ရေနစ်ခဲ့ရ
အကြိမ်ကြိမ်ပါပဲ။

ခင်ဗျားလာပါ
မကြာခဏလာပေးပါ
ခင်ဗျားဟာ ကျနော့်ပါးကို
ခပ်ပြင်းပြင်းရိုက်တတ်တဲ့
မှန်တချပ်ဖြစ်တယ်၊
ဒါကြောင့် ခင်ဗျားလာပါ
ကျနော့်ကိုယ်ကျနော် ဆဲရေးဖို့
အကြိမ်ကြိမ်ပြန်ကောက်တင်ဖို့
ကျနော့်ရဲ့ညစ်ထေးမှုတွေကို
ခွေးတကောင်မဖြစ်သွားစေဖို့
ခင်ဗျားလိုအပ်တယ်
ခင်ဗျားလာရင်
ကျနော့်ရဲ့ကောက်ပင်တွေ
စိမ်းလန်းတယ်
ကျနော့်နှလုံးသားကိုလည်း
လှောင်အိမ်ထဲက
အပြင်ခဏလမ်းလျောက်ခွင့်ရစေတယ်
ဒါကြောင့် ခင်ဗျားလာပါ
ငါ့မိတ်ဆွေရေ။

ချစ်ခင်မှုတရားနဲ့
လက်ဖက်ရည်ဆိုင်သွားကြတာပေါ့။ ။

၁၉၉၄
ကမ်းရှာငှက်ကဗျာစာအုပ်



Saturday, September 1, 2012

မီးခိုးဖြူ


၁။
ဆေးလိပ်သောက်ခြင်းဟာ
သင့်ကျန်းမာရေးအတွက်
အနှောက်အယှက်တခုဖြစ်တယ်။
ဆေးသိပ္ပံရဲ့စေတနာစကား
လေးစားပါရဲ့၊ ဒါပေမယ့်။

ကျနော်နဲ့ဆေးလိပ်
ရဲဘော်စိတ်နဲ့လက်တွဲ
ဘဝထဲမှာ၊ မခွဲသာ။
၂။
ငါးသုံးလုံး မာဘယ်ရို
ကင့် ဝင်စတန်
အဖိုးတန်ဆေးလိပ်
နှုတ်ဖျားမချိတ်နိုင်ခဲ့။
ဒူးယားနဲ့ခပေါင်းတောင်
အကြောင်းသင့်မှ၊ ပေါင်းခွင့်ရခဲ့။

အကုန်အကျသက်သာ
အားရပါးရဖွာရှိုက်
ညိမ်းလိုက် ညှိလိုက်နဲ့
နှုတ်ဖျားကိုက်စို၊ တိုချင်တို
ဆေးပေါ့လိပ်ဆိုတာ
ရိုးရာအံကိုက်၊ ကျနော့်အကြိုက်။

၃။
တခါတခါ
ဘဝမှာ
စိတ်ကူးရေပြင်
မကြည်လင်တဲ့အခါ၊
စိတ်ကူးတိမ်မျှင်
လွင့်ချင်ရာလွင့်တဲ့အခါ၊
စိတ်ကူးသစ်ရွက်
ညှာခက်ပြုတ်ကြွေ
လေချင်ရာလေတဲ့အခါ၊

အဖော်ဆေးလိပ်၊ နှုတ်ဖျားချိတ်
ဖွဲ့သိပ်ရစ်ဝဲ၊ မီးခိုးထဲ
ပြိုကွဲပျော်ဝင်၊ ကကြိုးဆင်ရင်း
ငြိမ်သက်ခြင်းကို ရှာခဲ့ရ။

၄။
ဆေးလိပ်သောက်ခြင်းဟာ
သင့်ကျန်းမာရေးအတွက်
အနှောက်အယှက်တခုဖြစ်တယ်ဆိုတဲ့
ဆေးသိပ္ပံရဲ့စေတနာစကား
လေးစားပါရဲ့၊ ဒါပေမယ့်။

ဆေးလိပ်မီးခိုးဆိုတာ
စိတ်ကိုချည်တဲ့ကြိုးဖြစ်တယ်။  ။

စံပယ်ဖြူ ၁၉၈၇