Thursday, November 11, 2021

အောက်ဆုံးအလွှာ


ငရဲကြီးကရှစ်ထပ်
ငါတို့တိုက်ကခြောက်ထပ်၊

အောက်ဆုံးထပ်က အဝီစိပဲ
ညတိုင်းရန်ဖြစ်တယ်
သန်းတုတ်ရင်း လှေကားဝကိုပိတ်ထိုင်တယ်
လူဝင်လမ်းမှာ ခွေးစာပုံကျွေးတယ်
အခန်းထဲမှာတန်းစီအိပ်နေတာ လှမ်းမကြည့်ပဲမြင်ရတယ်
မယားပါသမီးနဲ့ ပထွေးဟာ ခြင်ထောင်တလုံးပဲခြားတယ်။

မှန်ခန်းမှာ လူမမြဲဘူး အမြဲတမ်းလူသစ်ချည်းပဲ
တိုက်ခန်းငှားမည်ဆိုင်းဘုတ်ဟာ လှန်လိုက်မှောက်လိုက်ပဲ 
လမ်းထဲကပွဲစားတွေကလည်း ဝင်လိုက်ထွက်လိုက်ပဲ
ဒုတိယထပ်ကသံတံခါးဟာ အမြဲတမ်းကန့်လန့်ကာချထားတယ်
တတိယထပ်ကိုဖြတ်ရင် နတ်စင်ကအမွှေးတိုင်နံ့ကို ရှောင်မလွတ်ဘူး
ငါ့အောက်ထပ်ကမိန်းမကြီးကတော့ လှေကားကခြေသံကြားရင် 
ဘုရားစာရွတ်နေတာကို အသံပိုမြှင့်လိုက်တယ်
ဒါဘာက အရက်သမားကတော့ ညဘက်ဆို သီချင်းတွေအကျယ်ကြီးဖွင့်တယ်၊ 
သူ့အတွက်တော့ သူ့အခန်းဟာ ကောင်းကင်ဘုံပဲ။
ငါတံခါးဖွင့်သံကြားတာနဲ့ ဘေးခန်းကခွေးပုကလေးဟာ ပြေးထွက်လာပြီး ဟောင်တယ်။ 
အကောင်သေးသလောက် အသံကျယ်ရဲ့။

မပြင်ရသေးတဲ့သံတံခါးကို အသံမမြည်အောင် မမပြီးဖွင့်ရတာလည်း အလုပ်တစ်ခုပဲ။
ငါက သော့ကို အထဲဘက်မှာပဲ အမြဲခတ်တယ်။ ပြန်လာရင် လက်နှိုက်ပြီးဖွင့်တယ်။ 
သော့ပျောက်သွားတုန်းက သော့သမားကိုခေါ်ဖွင့်တော့ အထဲမှာခတ်ထားတဲ့သော့ကိုဖွင့်ရလို့ ၁ သောင်းပိုပေးလိုက်ရတယ်။
ဒါပေမယ့် သော့အသစ်ကိုလည်း အထဲမှာပဲအမြဲခတ်မိပြန်တယ်။
အတွင်းဘက်မှာခတ်တဲ့သော့က ပိုလုံခြုံတယ်မဟုတ်လား။

အပြင်မှာခတ်ထားတဲ့သော့ကိုမတွေ့တော့ အထဲမှာလူရှိသလိုလိုပေါ့လေ။ 
တကယ်က အခန်းကလေးဟာ ပြန်မလာတာများတဲ့သူကြောင့် အမြဲတမ်းလူသူကင်းမဲ့နေတာပါ။
ဝရန်တာက ဂမုန်းပင်ကလေးတွေသာ လေတိုးလို့ယိမ်းနွဲ့မနေခဲ့ရင်
အသက်မဲ့တဲ့အခန်းကလေးလို့တောင် ပြောလို့ရမယ်ထင်ရဲ့။
အသက်ဘာကြောင့်ရှင်နေရတာလဲလို့ အဲဒီအသက်မဲ့တဲ့အခန်းကလေးမှာ အကြိမ်ကြိမ်တွေးခဲ့ဘူးတယ်။

သွားကိုက်နေတဲ့သူငယ်ချင်းကို တိုက်ပေါ်ကခုန်ချခိုင်းတယ်၊
ဟာသမဟုတ်ပါဘူး။
နာကျင်မှုကို သေခြင်းတရားထက်ကို ပိုမုန်းလွန်းလို့ပါ။
ဒါပေမဲ့ အဝီစိဆိုတာ ငါးထပ်တိုက်ပေါ်က ငုံ့ကြည့်တာတောင် စိတ်ပျက်စရာ။

- - - - -- - - -- - -- - - -- 
နှင်းခါးမိုး
၂၅၊ ဇန်နဝါရီ၊ ၂၀၂၀

No comments: