Monday, June 24, 2024

အကျဉ်းထောင်



ဒီမိုကရေစီမရှိတဲ့နိုင်ငံဟာ အကျဉ်းထောင်ကြီးတခုနဲ့တူတယ်တဲ့၊ ဒီလိုဆို ငါတို့အားလုံးဟာ အကျဉ်းသားတွေပေါ့။ ကိုယ့်ကိုယ်ကိုယ် ဘာအပြစ်ကျုးလွန်လို့ ကျုးလွန်မှန်းမသိပဲ အကျဉ်းကျခဲ့ကြရ။ ထုချေခွင့်မရှိ၊ အသနားခံခွင့်မရှိ၊ လွတ်ရက်ဘယ်နေ့မှန်းမသိ။

မင်းတို့ဘာကောင်ကြီးဖြစ်ခဲ့ဖြစ်ခဲ့ ဗူးဝမှာချိတ်ထားခဲ့ကြတဲ့။ ဖေဖေါ်ဝါရီ ၁ ရက်ဗူးဝမှာ ငါတို့လူ့ဂုဏ်သိက္ခာကို ထားရစ်ခဲ့ကြရပြီ။ လူ့အခွင့်အရေးတွေ ဒီမှာလာမပြောနဲ့၊ လူဆိုတာကိုတောင် မေ့ပစ်လိုက်ကြ။ ခါးကိုချိုးထား၊ ခေါင်းကိုငုံ့ထား၊ မော့မကြည့်နဲ့။ ပုံစံခန်းထဲမှာ တဖုန်းဖုန်း တဗြင်းဗြင်း ဆံပင်ကအစ ထူးသံအဆုံး ပုံစံသွင်းပစ်လိုက်တယ်။ အရှင်နဲ့ကျွန်ဆက်ဆံရေး၊ သခင်အားရကျွန်ပါးဝအုပ်ချုပ်ရေး၊ သခင်မြင်အမြီးတနှံ့နှံ့ယဉ်ကျေးမှုနဲ့ ပစ်လိုက်တဲ့အရိုးတချောင်း အားကြီးသူကိုက်ဝါးကြေးတောနက်ကြီးထဲ ကြပ်ခိုးစွဲနေတဲ့အမှောင်ထု။
 
ထောင်အပြင် တိုက်ရှိတယ်။ အမှောင်တိုက်ရှိတယ်၊ စစ်ခွေးတိုက်ရှိတယ်။ ရေတိုက်ရှိတယ်၊ ကော်တိုက်ရှိတယ်။ လူတယောက်ကို မသေရုံလေး ရှင်နေအောင်လုပ်ပြရမလား၊ ရှင်နေရုံလေး သေအောင်သတ်ပြရမလား။ မသတ်ပဲ တဖြည်းဖြည်းသေသွားချင်သေးလား။ အုတ်ရိုးအထပ်ထပ်နောက်မှာ ငရဲဟာ သူ့အကန့်လိုက်။ 
ရှင်နေတဲ့သူတွေသာ ငရဲကြောက်တာ၊ သေသွားတဲ့သူတွေက ငရဲလည်း ကြာတော့ နေတတ်သွားတာပဲ။ သံတိုင်တွေကိုမမြင်တော့ဘူး။ အုတ်ရိုးတွေကို သတိမရတော့ဘူး။ ပဲဟင်းကို အပျစ်ခပ်တတ်လာတယ်။ ပုံစံငပိကို ငရုတ်သီးတောင့်ပါအောင် တောင်းတတ်လာတယ်။ တာလ​ပေါကို အရွက်ချည်းပဲဆယ်တတ်လာတယ်။ ဘောက်ဆင်းဘဝကလာတော့ အမြဲစိမ်းဘဝကို သာယာတတ်လာတယ်။ စည်းကမ်းထိန်းဖြစ်ရင် မျက်ထောင့်နီတတ်လာတယ်။ ဘုတ်ကိုင်ဆို ထိုင်ပုံကအစပြောင်းလာတယ်။ အခန်းလူကြီးဖြစ်ရင် ဘယ်လိုစံပယ်ရမှန်းသိလာတယ်။ တန်းစီးဟာ ဝါးရင်းတုတ်တချောင်းခါးထိုးပြီး လူမြင်ရင် ငါးလိုးမသားချည်းဆဲတော့ပဲ။ 

နေ့တွေအားလုံးဟာ ပုံစံပဲ။ မနက်ကစ်ပုံပုံပြီးချိန်ကနေ ညဘက် အိပ်ချိန်ဆိုတဲ့အသံကြီးထွက်လာတဲ့အထိ အားလုံးပုံစံပဲ။ ဒီအခန်းပဲ၊ ဒီအဆောင်ပဲ။ ဒီခြိမ်းသံခြောက်သံတွေ၊ ဒီဆဲသံတွေပဲ။ ဖမ်းရက်ချုပ်ရက်ရှိရင် လွှတ်ရက်လွတ်ရက်ရှိတယ်ဆိုတဲ့ အချုပ်ခန်းထဲမှာ ဖတ်ခဲ့ဖူးတဲ့စာသားကို တခါတခါ သတိရမယ်။ မနက်ဗူးဝက လွတ်လူခေါ်သံကြားတဲ့အခါ ကိုယ့်နာမည်များလား နားစွင့်မယ်။ ကျစတုန်းကလည်း ကြောင်တယ်၊ ကြာလာတော့လည်းကြောင်တယ်၊ လွတ်ကာနီးတော့လည်းကြောင်တယ်။ လူတိုင်း ကြောင်သုံးကြောင် တကောင်ကောင်ပဲ။ 

ဘာမှမလုပ်ပဲ အိပ်နေရင်တောင် ထောင်စည်းကမ်း အချက်များစွာထဲက တခုခုကို ချိုးဖောက်နေတာပဲ တဲ့။ ၈ ပေခန်းထဲမှာ ထည့်ပိတ်ထားတဲ့ ကိုယ့်မြေးလောက်ရှိတဲ့လူငယ်လေးကို မင်းကလူမိုက်လားလို့ ပင်စင်ယူကာနီး အရာရှိအိုကြီးတကောင်က မေးသလိုပေါ့။ လူတယောက်သတ်ဖို့ သူတို့အဖို့တော့ လျှောက်လွှာစာရွက်တရွက်ပဲလိုတယ်။ အဲဒီမတရားမှုတွေကိုဆန့်ကျင်ဖို့ ငါတို့မှာ ကျောပဲရှိတယ်။ ငါတို့ကျောဟာ ငါတို့လက်နက်ပဲ။ ငါတို့ဒဏ်ရာဟာ ငါတို့အောင်ပွဲပဲ။ သုမနကျောမှာသမိုင်းတွေနဲ့။ 

ခြေကျင်းခတ်တယ်၊ တိုက်ပိတ်တယ်။ ရေချိုးပိတ်တယ်၊ ထောင်ဝင်စာပိတ်တယ်။ အဆောင်ပြောင်းတယ်၊ ထောင်ပြောင်းတယ်။ သူတို့ဖိနှိပ်မှုယန္တရားက စုံတယ်။ နံရံမှာ စာရေးတယ်။ သံမံတလင်းမှာ စာသင်တယ်။ တောင်ယာမှာ ကျန်းမာရေးစောင့်ရှောက်တယ်။ အသက်ရှင်အောင်နေတာ တော်လှန်ရေးပဲ။ ဟင်းမပါရင်နေ၊ သတင်းပါဖို့လိုတယ်။ အုတ်ရိုးအပြင်နဲ့ အုတ်ရိုးအတွင်းဟာ ဖေးကူအားပေးရင်း၊ သံတိုင်နောက်မှာ အတောင်ပံတဖြတ်ဖြတ်ခပ်ရင်း၊ ဆိတ်ဖလူးရနံ့မှာ မိမိကိုယ်ကိုရှာဖွေရာကနေ ဘဝတက္ကသိုလ်မှာ ဘွဲ့ထိုထိုရတဲ့အထိ အချင်းချင်း ကူညီရင်း စောင့်ရှောက်ရင်း လက်ဆင့်ကမ်းသင်ကြားရင်း နိုင်ကျဉ်းဟာ ပြိုင်မြင်းတွေဖြစ်လာတယ်။ 

အုတ်ရိုးနဲ့သံတိုင်တွေပေါ် နေရောင်ကဖြာကျလို့၊ 
ဘယ်ရှုခင်းမှ ဒဏ်ရာတွေလောက်မလှဘူး။ 
အကျဉ်းထောင်ကြီးတွေဟာ ပြတိုက်ဖြစ်လာတဲ့အခါ။

- - - - - 
နှင်းခါးမိုး

Monday, June 10, 2024

ကဗျာဆရာနဲ့ နိုင်ငံရေး (မောင်သစ်တည်)


နိုင်ငံရေးမှာ ပြဿနာနှစ်မျိုးရှိတယ်။ ပါတီ (နိုင်ငံရေး) ပြဿနာနဲ့ တော်လှန်ရေး (နိုင်ငံရေး) ပြဿနာတို့ဖြစ်ပါတယ်။ ပါတီပြဿနာမှာ နိုင်ငံရေးပါတီများဟာ သွားမယ့်ပန်းတိုင်ရဲ့ သဘာဝ၊ ပန်းတိုင်ရဲ့ရည်ရွယ်ချက်ကို သဘောတူကြတယ်။ ဒါပေမယ့် သွားပုံသွားနည်းပေါ်လစီမှာ ကွဲလွဲကြတယ်။ နိုင်ငံရေးပါတီတွေ အများကြီးရှိတာဟာ သဘာဝကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိတို့ရည်ရွယ်တဲ့ပန်းတိုင်ကို ရောက်ပါ့မယ်ဆိုတာ ဘယ်နိုင်ငံရေးပါတီကမှ ယုံကြည်လောက်အောင် သက်သေမပြနိုင်လို့ပဲ။ နောက်တခုကတော့ ပုဂ္ဂလိကရဲ့အကျိုး၊ အစုတခုရဲ့အကျိုးကို စွန့်လွှတ်ခြင်း မပြုပဲ ဘယ်ပန်းတိုင်ကိုမှ မရောက်နိုင်လို့ပဲ။ ပုဂ္ဂလိကတို့၊ အစုတို့ဆိုတာကလည်း စွန့်လွှတ်မှုအနည်းဆုံးလမ်းကို ရွေးကြမှာ ရှာကြမှာ ဓမ္မတာပဲ။ ပါတီနိုင်ငံရေးမှာ ပါတီတိုင်းဟာ ကိုယ့်ပါတီဝင်တွေ သဘောပေါက်အောင်၊ နားလည်အောင် လုပ်ရတယ်။ ပါတီဝင်တွေရဲ့ စဉ်းစားဉာဏ်ကို ဆွဲဆောင်သိမ်းသွင်းရတယ်။ ကိုယ့်လမ်းစဉ်က အခြားလူတွေရဲ့လမ်းစဉ်ထက် မှန်ကြောင်း၊ ပန်းတိုင်ကို သွားရာမှာ ထိရောက်ကြောင်း၊ လူထုသဘောပေါက်အောင် လုပ်ဖို့အတွက် အချက်အလက်တွေ ရှာဖွေရတယ်။ ရှင်းလင်းပြရတယ်။ ပါတီနိုင်ငံရေးမှာ ခံစားချက်တွေကို ပြဒါးချိန် နည်းနည်းမှာရှိနေအောင် ထိန်းထားဖို့လိုတယ်။ တက်ကြွဖွယ်မိန့်ခွန်းတွေ၊ လှုံ့ဆော်မှုတွေဟာ လိုအပ်တာ မှန်ပါတယ်။ တချို့လူတွေက ဒီလို တက်ကြွဖွယ်စကားတွေကို ကြားရမှ စိတ်အားထက်သန်မှု ရှိလာတတ်ကြတာကိုး။ ဒါပေမယ့် ပါတီနိုင်ငံရေးသမားတွေဟာ တရားလိုရှေ့နေ၊ တရားခံရှေ့နေတွေရဲ့ ဟန်ဆောင်ခံစားချက်မျိုးတွေကိုသာ ပြသင့်တယ်။ တကယ့်ခံစားချက်မျိုးတွေကို ထုတ်မပြသင့်ဘူး။ လွှတ်တော်ထဲမှာ ဘယ်လောက်ပဲ ငြင်းခုန်ရန်ဖြစ်ခဲ့ပေမယ့် ပြိုင်ဘက်လွှတ်တော်ကိုယ်စားလှယ်တွေဟာ အပြင်မှာ တယောက်အိမ်ကို တယောက်သွားပြီး ထမင်းစားနိုင်တာမျိုး ဖြစ်ရမယ်။ ပါတီနိုင်ငံရေးမှာ တယူသန်သမားတွေအတွက် နေရာမရှိဘူး။

တော်လှန်ရေးနိုင်ငံရေး ပြဿနာကတော့ ပန်းတိုင်နဲ့ပတ်သက်လို့ အစုအမျိုးမျိုးမှာ အမြင်အမျိုးမျိုးကွဲနိုင်တဲ့ ပြဿနာဖြစ်တယ်။ ဒီလို သဘောထားအယူအဆ ကွဲလာကြရင် စေ့စပ်တာ၊ အပေးအယူလုပ်ရာတာတွေ မရှိတော့ဘူး။ အစုတစုဟာ အခြားအစုတစုကို ရန်သူလို့ သဘောထားလာလိမ့်မယ်။ ကောက်ကျစ်တယ်၊ ရူးသွပ်တယ်လို့ သဘောထားလာလိမ့်မယ်။ တော်လှန်တဲ့နိုင်ငံရေးပြဿနာတိုင်းဟာ ပြင်းထန်တဲ့ နိုင်ငံရေးတိုက်ပွဲကြီးတွေ ဖြစ်လာနိုင်တယ်။ တော်လှန်ရေး ပြဿနာမှာ စကားပြောသူ ခေါင်းဆောင်ဟာ စဉ်းစားဆင်ခြင်ဉာဏ်ရှိတဲ့ အရာတွေပြောပြီး လူထုကို စည်းရုံးလို့မရဘူး။ လူထုရဲ့ခံစားချက်ကို နှိုးဆွပေးဖို့ဖြစ်တယ်။ ကိုယ့်ပန်းတိုင်ကို လိုက်လာချင်အောင်၊ တဘက်ပြိုင်ဘက်ကို အပြတ်အသက်တိုက်ခိုက်ချင်လာအောင် ဟောပြောလှုံ့ဆော်ဖို့ဖြစ်တယ်။ တော်လှန်တဲ့ နိုင်ငံရေးမှာ တယူသန်သမားတွေလိုတယ်။

ဒီကနေ့ကမ္ဘာမှာ တကယ့်အစစ်အမှန် တော်လှန်ရေးကျတဲ့ ပြဿနာကြီးတရပ် ရှိနေတယ်။ အဲဒီပြဿနာကတော့ လူမျိုးရေး တန်းတူညီမျှမှုပဲ။ အရင်းရှင်စံနစ်၊ ဆိုရှယ်လစ်စံနစ်၊ ကွန်မြူနစ်စံနစ်တို့ရဲ့ကြားက ငြင်းခုံမှုဟာ တကယ်တော့ ပါတီပြဿနာ၊ ပါတီနိုင်ငံရေး ပြဿနာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့သွားနေတဲ့ ရည်မှန်းချက်ပန်းတိုင်က အတူတူဖြစ်နေတယ်။ သူတို့ရည်မှန်းချက်ဟာ ဗားတော့ဘရတ်ရဲ့ နာမည်ကျော် စာကြောင်းတကြောင်းနဲ့ ပြောရမယ်ဆိုရင်တော့ 'အရင်ဖျက်ပစ်၊ ကျင့်ဝတ်နောက်မှ၊ အောင်ပွဲရတည့်' ဆိုတဲ့အတိုင်းပါပဲ။
စက်မှုနည်းပညာ ထွန်းကားနေတဲ့ တိုင်းပြည်အားလုံးမှာ သူတို့ဘာသာသူတို့ ဘယ်လိုပဲ နိုင်ငံရေးတံဆိပ်တွေတပ်တပ် သူတို့ပေါ်လစီကတော့ အခြေခံအားဖြင့် အတူတူပါပဲ။ သူတို့ရဲ့ပန်းတိုင်က ရုပ် နာမ်ဖွဲ့စည်းမှုတခုဖြစ်တဲ့ လူ့အဖွဲ့အစည်းဝင်တိုင်းကို စိတ်ကျန်းမာခွင့်နဲ့ ကိုယ်ကျန်းမာခွင့် ရရှိစေဖို့ပါပဲ။ အဲဒီရည်မှန်းချက်ပန်းတိုင်ရဲ့ အပြုသဘောဆောင်တဲ့ သင်္ကေတကတော့ ကိုယ်လုံးတီး မွေးကင်းစ ကလေးငယ်ကလေးဖြစ်ပြီး အဖျက်သဘောဆောင်တဲ့ သင်္ကေတကတော့ သတ်ဖြတ်ညှင်းပမ်းရေးစခန်းတွေက အစုလိုက်အပြုံလိုက်ဖြစ်နေတဲ့ အလောင်းတွေပါပဲ။

ခေတ်ပြိုင်နိုင်ငံရေးမှာ ကြောက်စရာအကောင်းဆုံးနဲ့ စိတ်ပျက်စရာအကောင်းဆုံးကတော့ သူတို့လုပ်နေတဲ့နိုင်ငံရေးဟာ ဆင်ခြင်တုံတရားနဲ့ အချက်အလက်ကို ဦးစားပေးရမယ့် ပါတီနိုင်ငံရေး ဖြစ်တယ်ဆိုတာကို အသိအမှတ်မပြုပဲ ငြင်းဆိုနေတဲ့ ကိစ္စပါပဲ။ တော်လှန်တဲ့နိုင်ငံရေးသာ ရှိရမယ်လို့ အတင်းပြောနေတဲ့ ကိစ္စပါပဲ။ ဒီအချက်ကို လက်ခံသူများဟာ အဓိကအားဖြင့် ကွန်မြူနစ်တွေချည်း ဖြစ်ကြပေမယ့် သူတို့ချည်းပဲတော့ မဟုတ်ပါဘူး။ အာဖရိကန်လူမျိုးတယောက်က လူမျိုးရေးတန်းတူညီမျှမှုအတွက် သူ့အသက်ကို စွန့်လွှတ်သွားတယ်ဆိုရင် သူ့စွန့်လွှတ်မှုဟာ အဓိပ္ပါယ်ရှိပါတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းရဲ့ ကျန်းမာရေးကို ကိုယ်ပိုင်ပုဂ္ဂလိက်ဆေးခန်းတွေနဲ့ ထိန်းသိမ်းမလား၊ ဘုံပိုင်လုပ်ထားတဲ့ ဆေးကုသမှုနဲ့ ထိန်းမလားဆိုတဲ့ လက်တွေ့ပေါ်လစီဆိုင်ရာ ကိစ္စကလေးမျိုးတွေကြောင့် လူတွေဟာ နေ့စဉ်နဲ့အမျှ လွတ်လပ်မှုတွေကို အဆုံးရှုံး ခံနေကြရတယ်။ ဒါမှမဟုတ် အသက်တွေကို စွန့်လွှတ်နေကြရတယ်။ ဒါမှမဟုတ် တနေ့မှာ လူမျိုးနွယ်ကြီးတခု ပျက်သုန်းသွားလောက်သည်အထိ စစ်တွေတိုက်နေကြတယ်ဆိုတာကတော့ တော်တော်ကို အဓိပ္ပါယ် ကင်းမဲ့တယ်။

ကျနော်တို့ခေတ်ရဲ့ ထူးခြားမှုနဲ့ ဆန်းသစ်မှုကတော့ တိုးတက်နေတဲ့နိုင်ငံတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းမှာ နိုင်ငံရေးရဲ့ အဓိက ရည်ရွယ်ချက်ပန်းတိုင်ဟာ (တိတိကျကျပြောရရင်) နိုင်ငံရေးမဆန်ပဲ ဖြစ်နေတယ်။ တနည်းပြောရရင် ကျနော်တို့ခေတ် နိုင်ငံရေးဟာ လူတွေကို လူပုဂ္ဂိုလ်တွေ၊ နိုင်ငံသားတွေလို့ သဘောမထားပဲ လူ့ခန္ဒာကိုယ်တွေ၊ ယဉ်ကျေးမှုမတိုင်ခင် နိုင်ငံရေးမတိုင်ခင်က လူသတ္တဝါတွေလို့ သဘောထားနေတယ်။ ဒီမှာတင် ဘယ်လိုဖြစ်လာသလဲဆိုတော့ လူပုဂ္ဂိုလ်ရဲ့လွတ်လပ်မှုကို လေးစားစိတ်ဟာ အကြီးအကျယ်လျော့နည်းသွားပြီး နိုင်ငံတော်ရဲ့ အာဏာဆန်တဲ့ အာဏာစက်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်လောက်ကထက် အဆမတန်ကြီးထွားလာခဲ့တယ်။ ဒီနေ့ခေတ်ရဲ့ အဓိက နိုင်ငံရေးပြဿနာဟာ လူ့ရဲ့လွတ်လပ်ခွင့်ကို အလေးမထားပဲ လူ့ရဲ့လိုအပ်ချက်ကို အဓိကထားနေလို့ ဒီလိုဖြစ်လာရတာပဲ။

သက်ရှိသတ္တဝါတွေအနေနဲ့ ကျနော်တို့အားလုံးဟာ သဘာဝလိုအပ်ချက်တွေရဲ့ ကျေးကျွန်တွေချည်းပါပဲ။ ကျနော်တို့ ကျန်းမာနေဖို့အတွက် အစားအစာ၊ အအိပ်၊ အလင်းရောင်နဲ့ လေ ဘယ်လောက်လိုသလဲဆိုတာ ကိုယ့်ဘာသာကိုယ် ရွေးချယ်ခွင့်ရှိတာ မဟုတ်ဘူး။ အသက်ရှင်ဖို့ ကျန်းမာဖို့အတွက် ကျနော်တို့မှာ အဲဒီပစ္စည်းတွေ တစုံတခုသော အတိုင်းအတာထိ လိုတယ်။ ကျနော်တို့အားလုံးမှာ ညီတူညီမျှလိုနေတယ်။

ခေတ်တိုင်းဟာ နိုင်ငံရေးနဲ့ လူမှုရေး အတွေးအခေါ်တွေမှာ တဖက်သတ်ကျတာချည်းပဲ။ ကိုယ်အရေးပေး အထင်ကြီးတဲ့တန်ဘိုးတွေကို အကောင်အထည်ဖေါ်ဖို့၊ လက်ဝယ်ရဖို့အတွက် အခြားတန်ဘိုးတွေကို လစ်လျူရှုခဲ့ကြရတယ်။ စွန့်ပစ်ခဲ့ရတာတွေတောင်ရှိတယ်။ ကဗျာဆရာတယောက်၊ သို့မဟုတ် အနုပညာရှင်တယောက်ရဲ့ လူ့အဖွဲ့အစည်းနဲ့ ဆက်သွယ်မှု၊ နိုင်ငံရေးနဲ့ဆက်သွယ်မှုဟာ (အာဖရိကတိုက်နဲ့ အခြားသော ခေတ်နောက်ကျတဲ့ ပဒေသရာဇ်တပိုင်း နိုင်ငံများကလွဲရင်) ခါတိုင်းထက် ခက်ခဲရှုပ်ထွေးနေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူတိုင်းအဖို့ အစားအစာရဖို့၊ အားလပ်ချိန်ရဖို့၊ ပျော်ရွှင်မှုရဖို့ အရေးကြီးနေတဲ့အချိန်မှာ အနုပညာဟာ အဲဒီကိစ္စတွေနဲ့ ဘာမှမဆိုင်ပဲ ဖြစ်နေလို့ပဲ။ အဲဒီကိစ္စတွေကို ဖြေရှင်းမပေးနိုင်လို့ပဲ။ အမှန်ကတော့ အနုပညာဆိုတာ တဦးချင်းနဲ့ဆိုင်တဲ့ကိစ္စ၊ လူတဦးချင်းခံစားရတဲ့ကိစ္စ၊ လူအများက ခံစားလာနိုင်မှ စိတ်ဝင်စားလာမှ အနုပညာဟာ အများနဲ့ဆိုင်တဲ့ကိစ္စ ဖြစ်လာတာ။ ဒါပေမယ့် အဲဒီစိတ်ဝင်စားမှုဟာ လက်ရှိလူ့အဖွဲ့အစည်းမှာ သိပ်ခေတ်စားမလာသေးဘူး။
လူ့အဖွဲ့အစည်းက အနုပညာတို့ ဘာတို့ကို စိတ်ဝင်စားလာတယ်ဆိုရင်လည်း မယုံသင်္ကာစိတ်နဲ့ စိတ်ဝင်စားတာပဲ ရှိသေးတယ်။ အနုပညာကို ၀ါသနာပါတဲ့သူဟာ ထူးခြားတဲ့လူလို့ပြောရင် အများက သက်သက်အသားယူတာပဲ၊ ဟန်များတာပဲ၊ သူတို့ထက် အသာစီးယူ ပြောတာပဲဆိုပြီး စိတ်ထဲမှာ အောက်သက်သက်ဖြစ်တတ်ကြတယ်။ ဒီလိုနဲ့ အနုပညာရှင်တိုင်းဟာ လူ့ယဉ်ကျေးမှုကြီး လူ့အဖွဲ့အစည်းကြီးနဲ့ ကဏ္ဏကောစဖြစ်နေတတ်တယ်။

ကျနော်တို့ခေတ်မှာ အနုပညာတခုကို ဖန်တီးခြင်းသည်ပင်လျှင် နိုင်ငံရေးလုပ်ဆောင်ချက်တခုဖြစ်တယ်။ (အနုပညာလက်ရာဟာ သိပ်မကောင်းသည့်တိုင် လူတစုကသာ သဘောကျနေတဲ့ အနုပညာမျိုးဖြစ်နေသည့်တိုင်) အနုပညာရှင်ရယ်လို့ တည်ရှိနေသမျှ၊ သူတို့ကောင်းမယ်လို့ ထင်တာတွေကို ဖန်တီးနေသမျှ၊ အုပ်ချုပ်သူတွေကို သတိပေးဖို့ လိုအပ်တဲ့အချက်တွေကိုတော့ သူတို့ သတိပေးနေအုန်းမှာပဲ။ အအုပ်ချုပ်ခံရသူတွေဟာ အမည်မသိတဲ့ စက်ရုပ်တွေမဟုတ်ပဲ မျက်နှာရှိတဲ့လူတွေ၊ အသွေးအသားနဲ့လူတွေ ဖြစ်နေတယ်ဆိုတာကို သတိပေးနေအုန်းမှာပဲ။

ကဗျာဆရာတယောက်ဟာ စာပေမတတ်တဲ့ လယ်သမားတယောက်နဲ့ တွေ့တယ်ဆိုပါတော့။ ဒါကြောင့်မို့ တယောက်နဲ့တယောက် စကားပြောဖို့ ဖြစ်ချင်မှ ဖြစ်ကြလိမ့်မယ်။ ဒါပေမယ့် အရာရှိတယောက်နဲ့ တွေ့တယ်ဆိုရင် သူတို့နှစ်ယောက်စလုံးရဲ့စိတ်ထဲမှာ မသင်္ကာစိတ်တွေ ပေါ်လာတယ်။ တယောက်ကိုတယောက် မယုံကြည်ကြပဲ ဖြစ်လာတယ်။ အစိုးရ အဆောက်အဦတခုထဲကို ၀င်မိပြီဆိုရင် သူတို့ နှစ်ယောက်စလုံး ကြောက်လန့်လာကြတယ်။ အပြင်ကို ပြန်မရောက်မှာ စိုးရိမ်ကြတယ်ထင်ပါရဲ့။ သူတို့နှစ်ယောက်ကြားမှာ အဆင့်အတန်းချင်း ကွာခြားသည့်တိုင် အရာရှိလောကထဲရောက်သွားရင် အစစ်အမှန်မဟုတ်တဲ့အနံ့ကို နှစ်ယောက်စလုံး အနံ့ရသွားတတ်ကြတယ်။ အဲဒီမှာ လူတွေကို စာရင်းအင်းတွေလို့ သဘောထားတယ်ဆိုတာကို အလိုလို အနံ့ခံမိသွားကြတယ်။ ညနေကျရင် လယ်သမားဟာ ဖဲရိုက်ချင်ရိုက်မယ်။ ကဗျာဆရာကလည်း ကဗျာစပ်ချင်စပ်မယ်။ ဒါပေမယ့် သူတို့နှစ်ယောက်စလုံးမှာ တူညီတဲ့ နိုင်ငံရေးအခြေခံမူရှိတယ်။ အဲဒါကတော့ လောကမှာ ဂုဏ်သိက္ခာရှိတဲ့ လူတယောက်အဖို့ (လိုအပ်ရင်) အသက်စွန့်ပြီး ရယူချင်တဲ့အရာ ဒါဇင်ဝက်လောက်ကလေးထဲမှာ ကစားခွင့်၊ ပျော်ပျော်ပါးပါးနေခွင့်တို့လည်း ပါတယ်ဆိုတဲ့အချက်ပါပဲ။
Photo: Credit