Monday, October 8, 2007

ဒစ်ဂျစ်တယ်အနုပညာဝါဒနှင့် သိ င်္ဂီတ၀က် မြတ၀က်


သိ င်္ဂီတ၀က် မြတ၀က်ဟုပင် ဖွဲ့ရမည်လား။ ထင်းရူးတောအုပ် မြက်ခင်းနှင့် အခြားစိမ်းစိုဆဲ မြင်ကွင်းထဲ ၀ါရွှေရွက်ခြောက်တို့ တသောသော လွင့်ကြွေကြပုံက ဆောင်းဦးဆောင်းရဲ့ သရုပ်ကိုဖေါ်နေသည်။ တချို့သစ်ပင်တို့ ခပ်တဲတဲ ရွက်ကြွင်းကျဲကျဲဆင်ကာ မလုံ့တလုံဖြင့် အိနြေ္ဒပျက်စပြုနေပြီကော။ နေရောင်စပ်စပ်ရှိနေပေမယ့် လေကအေးစက်နေသည်။ မိုးပြေးကလေး တပြိုက်လောက် သော့နှင်သွားခဲ့လျင်တော့ သဘာဝလောကပန်းချီက လွမ်းရိပ်ဆင်မှိုင်းလို့နေပြန်သည်။ သည်လိုနှင့် သည်တဆောင်းကိုတော့ ဖြတ်ကြရပြန်အုန်းတော့မည်။


လက်ကိုင်ဖုန်းကလေးဖြင့် သဘာဝပုံတွေကို သိမ်းဆည်းနေမိသည်။ နည်းပညာခေတ်မှာ လက်ကိုင်ကိရိယာလေးတခုက အတော်စုံစုံ စွမ်းဆောင်နေနိုင်တာတွေးမိတော့ လူသားတို့၏ တီထွင်ဖန်တီးနိုင်စွမ်းကို အံ့မောရသည်။ တဆက်တည်း အနုပညာနှင့် နည်းပညာ၏ ပေါင်းစပ်မှုကို အတွေးချဲ့နေမိသည်။ တခါကတော့ ပန်းပု ပန်းချီ စာပေ ဂီတ တို့သည် လူသား၏ရုပ်ခန္ဒာကို ကြားခံကိရိယာအဖြစ်ထား၍ မွေးဖွားခဲ့ကြသည်။ အနုပညာနှင့် လုပ်အားတို့ ပေါင်းစည်းခဲ့ကြသည်။ နည်းပညာက အခုလောက် အကောင်မထွားသေး။ ကျောက်ကို ထွင်းသည်။ သစ်သားကို ထုသည်။ ပေရွက်ကို ပရပိုဒ်ပြုကာ ကညစ်ဖြင့်ရေးခြစ်သည်။ သားရေကြက်ဗုံတို့ကို တီးခတ်သည်။ ကညင်ဆီမီးတိုင်အောက်မှာ ချွေးပြိုက်ပြိုက်ကျအောင် ကကြခုန်ကြသည်။ လည်ပင်းကြောတွေထောင်ထအောင် ဟစ်ရ ဟဲရ သီကျုးရသည်။
ခုတော့ သီချင်းနားထောင်မလား။ မိုင်ပေါင်းများစွာ ဝေးကွာသောတနေရာမှ တင်ဆက်မှုတခုကို ရှုစားမလား။ သီကုံးဖွဲ့နွဲ့ထားသည် စကားလုံးတွေကို တနေရာတည်းမှာ မှာယူဖတ်ရှုမလား။ ကိုယ့်ရှေ့က ရှုမျှော်ခင်းကို မျက်နှာမလွှဲနိုင်လို့ ကိုယ့်ဖိုင်ထဲမှာ တခါတည်း သိမ်းဆည်းသွားမလား။ ကိုယ့်အတွေးတွေ၊ ရှာဖွေတွေ့ရှိမှုတွေ၊ ဖန်တီးတင်ပြမှုတွေကို ကမ္ဘာမြေဘယ်နေရာရောက်နေနေ တခြားသူတွေကို ဝေမျှချင်သလား။ လက်တကိုင်စာ ကိရိယာလေးတခုဖြင့် အကုန်လုပ်နိုင်သည်။ ဘယ့်ကလောက် ပဉ္စလက်ဆန်လိုက်ပါသလဲ။

အနုပညာ၏ ပဉ္စလက်သည် နည်းပညာဖြင့် ပြိုးပြက်ထွက်လာသည်။ အတွေးအခေါ် အာရုံခံစားမှုတို့သည် ဒစ်ဂျစ်တယ်လိုက် ဖြစ်ဖို့လိုလာသည်။ ဒါကို ဒစ်ဂျစ်တယ်အနုပညာဟု ခေါ်နိုင်မည်ထင်သည်။ ဒစ်ဂျစ်တယ်အနုပညာသည် ခေတ်ပြိုင်လူမှုဘ၀များကို အောက်ခြေကစ ကိုင်လှုပ်ပစ်တော့မည်။
အလုံးစုံသော ဒစ်ဂျစ်တယ် လူမှုတော်လှန်ရေးကြီးတရပ်ကို ထုတ်လုပ်ဖို့ရာ ဒစ်ဂျစ်တယ်အနုပညာက အသေအချာ ခင်းကျင်းပြင်ဆင်နေကြောင်း ထင်ရှားလာသည်။
သုံညနှင့် တစ်၊ အချစ်နှင့် အမုန်း၊ ကောင်းမှုနှင့် မကောင်းမှု၊ ဖိနှိပ်မှုနှင့် သတ္တိ၊ မုသားနှင့် အမှန်တရား၊ ထိုဒစ်ဂျစ်တယ် ကိန်းဂဏန်းများ၏ အစီအစဉ်ရှိရှိ ဖွဲ့စည်းမှုနောက်တွင် အနိဌာရုံနှင့် အလှတရားကို ရက်ရက်စက်စက် ပေါင်းစည်းတင်ဆက်ထားသော အနုပညာတရပ် အမှန်တကယ် ပေါ်ထွက်လာသည်။ ဒစ်ဂျစ်တယ်အနုပညာဝါဒ။

နည်းပညာသည် အရာတော်တော်များများကို ပြုလုပ်နိုင်စွမ်းရှိသော်လည်း ဘ၀လက်တွေ့ထဲ စွန့်လွှတ်ပေးဆပ်ခြင်းကိုတော့ လူသားကသာ ပြုလုပ်နိုင်စွမ်းရှိ၏။
သို့အတွက်ပင် နည်းပညာနှင့် အတွေးအခေါ် မည်မျှပြိုးပြက် ရဲရင့်ပွင့်လင်းသည်ဖြစ်စေ ပေးဆပ်မှုမဲ့လျင်တော့ ထိုအနုပညာသည် ဖူးဝေမွှေးပျံ့နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ဟု ရဲရဲကြီးဆိုနိုင်သည်။ ရေငတ်ပန်းလို အဆင်းရနံ့မဲ့ သွေ့ခြောက်နေမည်သာ။ ဒစ်ဂျစ်တယ်ပဉ္စလက် အနုပညာရှင်တို့သည် ခေတ်၏တောင်းဆိုမှုအတိုင်း သူတို့ဘ၀ကို သမိုင်းလမ်းမပေါ် ပစ်တင်ခဲ့ကြသည်။ ပစ်တင်ရဲဖို့ လိုလာသည်။ ဒါသည်ပင် ဒစ်ဂျစ်တယ်အနုပညာဝါဒ၏ တကယ့်အနှစ်သာရသဘောဟု ကြေငြာလိုက်ရပေသည်။


1 comment:

pandora said...

တချိန်ကတော့ ပင်လယ်နဲ့ ကုန်းမြေ ကမ္ဘာ တစ်ခြမ်းစီမှာ နေထိုင်ခဲ့ကြရ။ ကုန်းမြေက ရေခိုးရေငွေ့ကို ငတ်မွတ် ပင်လယ်က ပျောက်ဆုံးသွားတဲ့ အနားသတ်ကို လိုက်ရှာလို့။ နည်းပညာက ရင်ဘတ်တွေကို လှပတဲ့ အနုပညာနဲ့ ဖောက်ထွင်း ပေါင်းကူးပေးခဲ့။ ကျွန်တော်တို့ရဲ့ အဖြူရောင်တွေနဲ့ ခင်ဗျားတို့ရဲ့ အနီရောင်တွေ သမိုင်းဆေးခွက်ထဲ အရည်ဖျော် ရောနှော စီးဆင်းကြတဲ့အခါ...