Saturday, December 8, 2007

ကျနော်တို့ရေးခဲ့တဲ့အရုပ်များ


နှလုံးသမားအတွက်တော့ ဆေးလိပ်ထက် ဆေးတံက ပိုသင့်တော်တယ်ဗျ

အေးဗျာ ကျေးဇူးပဲ
ဒါနဲ့ ကျုပ် ခင်ဗျားအိမ်မှာ တညနှစ်ညလောက် နေအုန်းမယ်ဗျာ နော့်
ခင်ဗျားသဘောပေါ့ဗျာ
အိမ်ရှင်က လက်ဆောင်ရတဲ့ ဆေးတံအသစ်ကလေးကိုဖွာရင်း ဧည့်သည်ဖြစ်တဲ့ သူ့သူငယ်ချင်း မျက်နှာကို မီးခိုးငွေ့တွေကြားက ပြုံးကြည့်နေလိုက်တယ်။ ပြီးမှ
အင်း ဒီမှာ ခင်ဗျားကိုပြောရအုန်းမယ်
ဆိုပါအုန်းဗျ
လူတယောက်မှာ ငှားလို့မရတဲ့အရာ ၂ ခု ရှိတယ်တဲ့
အင်း
တခုက ဆေးတံ၊ နောက်တခုက ကိုယ့်မိန်းမ
ဟားဟား
မီးဖိုခန်းလေးထဲက အဖိုးကြီး ၂ ယောက်ရဲ့ ကော်ဖီဝိုင်းဟာ နည်းနည်း ပေါ့ပေါ့ပါးပါးရှိသွားတယ်။

တကယ်က သူတို့ ၂ ယောက်စလုံး မုဆိုးဖိုတွေ။ အိမ်ရှင်အဖိုးကြီးက သားသမီး ၃ ယောက်ရှိတယ်။ အကြီးမက နေချင်သလိုနေ၊ လုပ်ချင်ရာလုပ်တဲ့ အနုပညာသမား။ လူနားမလည်တဲ့ ပန်းချီတွေဆွဲတယ်။ ကဗျာရေးတယ်။ မိန်းမအချင်းချင်း အတူတူနေတယ်။ အလတ်ကောင်က အောင်မြင်စ စီးပွားရေးသမား။ ငွေရှာတာ တခုပဲ နားလည်တယ်။ မိန်းမကြောက်ရတယ်။ အငယ်ဆုံးသမီးကတော့ အမေမရှိတော့လို့ မျက်စိသူငယ်ဖြစ်ကျန်ခဲ့တဲ့ မအူမလည်ကလေး။ အလုပ်လုပ်ရင်း အဖေကို ပြုစုစောင့်ရှောက်တတ်ပေမယ့် လောကအကြောင်း ဘာမှ နားမလည်။

ကဲ ဘယ်လိုလဲ အဖေ။ ကိုယ့်ကိုယ်ကိုယ် သင်ချိုင်းဆက်ပို့မှာလား၊ အလုပ်က နားမှာလား ပြော။
ရောဂါနဲ့လဲတဲ့ အဖေ့ရဲ့ ဆေးရုံကုတင်နားမှာ သားသမီးတွေက စိုးရိမ်ပူပန်မှုတွေနဲ့ ၀ိုင်းလို့။ သားဖြစ်သူက ကရုဏာဒေါသောနဲ့ မေးတော့ အဖေက သူ့ထုံးစံအတိုင်း ပြုံးပြုံးကြီးလုပ်ပြီးပြောတယ်။
ကဲ တို့ သေခြင်းတရားအကြောင်းမပြောပဲ ဘ၀မှာ မကြာခဏ ကြုံကြရလေ့ရှိတဲ့ အမှတ်တမဲ့ ဖြစ်ဖြစ်သွားတတ်တဲ့ ကိစ္စလေးတွေအကြောင်း ပြောကြရအောင်

တကယ်တော့ အဲဒီ အမှတ်တမဲ့ကိစ္စလေးတွေကပဲ လူတဦးချင်းရဲ့ ကိုယ်ပိုင်ဘ၀တွေကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ မဟုတ်လား။ သမီးအငယ်က သူ့အလုပ်ထဲက လူတယောက်ရဲ့အချစ်ကို လက်ခံလိုက်တယ်။ အလတ်ကောင်က သူ့မိသားစုကိစ္စတွေကို စဉ်းစားရကောင်းမှန်း သိလာတယ်။ အကြီးမက သူ့မောင်ကို မေးတယ်။

ဘာဖြစ်လို့များ ငါဟာ အခုအချိန်ထိ ငါ့ကိုချစ်တဲ့ ယောက်ျားတယောက်လောက်ကို ရှာမတွေ့နိုင်ရတာလဲ
မောင်က အမဖြစ်သူကို အထိတ်တလန့် ငေးကြည့်လိုက်တယ်။
ဟဲ့ ဒါထက် နင့်ကို ငါ ဟိုက်ကူစပ်နည်းသင်ပေးခ ပေးအုန်း
အမတောင်းတဲ့မုန့်ဖိုးကို မောင်က ထုတ်ပေးလိုက်တယ်။
အမ ငါ ဟိုက်ကူတပုဒ် ရေးဖြစ်တယ် သိလား
အလဲ့ တယ်ဟုတ်ပါလား၊ ဘာလဲ နင့် ပုံဆွဲစာအုပ်ထဲမှာလား
မောင်လုပ်တဲ့သူက ရီနေတယ်။
ကဲ ငါ့ကို နင့်ကဗျာ ရွတ်ပြစမ်း
မောင်ဖြစ်သူက အဝေးကိုငေးရင်း ဖြည်းဖြည်းချင်း ရွတ်ပြတယ်။
ကဗျာကို နားထောင်လိုက်ရတဲ့အခါ အမဖြစ်သူဟာ သူ့တဘ၀လုံးရှာခဲ့တာကို တွေ့လိုက်ရသလို အံ့အားတသင့် ဖြစ်သွားရှာတယ်။

ကျနော်ကြည့်နေတဲ့ ဒိန်းမတ်ရုပ်ရှင်ကားလေးဟာ ဒီနေရာမှာ ဇာတ်သိမ်းပါတယ်။
ဟိုက်ကူကဗျာလေးက ကျနော့်ရင်ထဲ လှုပ်ခတ်ကျန်ရစ်ခဲ့။

ပုံဆွဲစာအုပ်

အိမ်တလုံးငါဆောက်တယ်
ပြတင်းပေါက်လေးလည်းပါရဲ့ကွယ်
ဘယ်သူဆေးသုတ်မယ်..။


1 comment:

Nyein Chan Aung said...

ကျနော့်ရင်ထဲမှာလည်း တခုခု ကျန်ရစ်ခဲ့သလိုပဲ.. ဒါမျိုးတွေကြိုက်တယ်ဗျာ..