Friday, April 11, 2008

ဥပမာ


ကျနော်ဟာ စာအုပ်တအုပ်နဲ့တူတယ်
စကားလုံးတွေရှိတယ်၊ အသံမရှိဘူး
စာမျက်နှာတွေရှိတယ်၊ နေစွဲမရှိဘူး
အရောင်တွေရှိတယ်၊ အနံ့အရသာမရှိဘူး။

ကျနော်ဟာ
အဖုံးရှိတယ် မာတိကာရှိတယ်၊ မျက်ရည်နဲ့ရယ်သံမရှိဘူး
ဇာတ်လမ်းရှိတယ် ဇာတ်ကောင်ရှိတယ်၊ နောက်ခံတေးဂီတမရှိဘူး
စာအုပ်တအုပ်နဲ့တူတယ်။

ကျနော်ဟာ
တခုခုကိုပြောတယ်
ဖွဲ့နွဲ့တယ်
တရားဟောတယ်၊ မေးခွန်းတွေမေးတယ်
မမေးပဲနဲ့ဖြေတယ်
ဇာတ်ရှိန်တက်တယ်၊ မြုပ်ကွက်လေးတွေနဲ့ကစားတယ်
အသစ်ရှာတယ်၊ ပုံသေနည်းသုံးတယ်
ဆွဲဆောင်တယ်၊ နားလည်ရခက်တယ်။

စင်ပေါ်တင်တာခံရတယ်
ဖြဲဆုပ်ခံရတယ်
ဖုန်တက်တယ်၊ လေမှာတဖျပ်ဖျပ်လန်တယ်
မျဉ်းတားခံရတယ်၊ ပိုးစားခံရတယ်
ရည်ညွုန်းခံရတယ်
ရောင်းစားခံရတယ်
စာအုပ်တအုပ်နဲ့တူတယ်။

အစအဆုံးဖတ်တဲ့သူတွေကို ကျေးဇူးတင်တယ်
အဖုံးလှန်မြည်းသွားတဲ့သူတွေကို လေးစားတယ်
ကိုင်ကြည့်ပြီးပြန်ချသွားတဲ့သူတွေကို သတိရနေမယ်
တချက်လောက်ငဲ့ကြည့်ခံရလည်း ကျေနပ်တယ်
မသိသလိုဖြတ်လျှောက်သွားလို့လည်းရတယ်
ကျနော်ဟာစာအုပ်တအုပ်နဲ့တူတယ်။

ဖတ်သူမရှိတဲ့အခါ
အသေလိုပဲ။ ။

နှင်းခါးမိုး
၂၀၀၈

5 comments:

နတၳိ said...

ဖတ္သူမရွိတဲ့အခါ
အေသလုိပဲ။ ။

ဥပမာ....

Nyein Chan Aung said...


ဖတ်သူမရှိတဲ့အခါ
အသေလိုပဲ။ ။

တန်ခူး said...

အစအဆုံးဖတ်သွားပါတယ်...။

Anonymous said...

စာအုပ်တအုပ်သာ ဆိုရင်တော့လည်း အဆုံးကို ကျော်ဖတ်ကြည့်လို့ရမယ်။ ခုတော့ ဘာဆက်ဖြစ်မလဲဆိုတာ သိဖို့ တရွက်ချင်းစီပဲ ဖတ်ရတာပေါ့။ ပိုးစား ခြကိုက် စုတ်ပြဲမသွားစေဖို့ အပင်ပန်းခံ စာပြန်စီရိုက်ပြီး E-book အနေနဲ့ ပြောင်းထားလိုက်မယ် ဆိုရင်ရော.. ဟေ့လူ..

Kaung Kin Ko said...

ဖတ်သူတွေရှိတိယ်ဗျို့ ။ အသေမဖြစ်ပါဘူးဗျာ။ ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေး-)