နှင်းခါးမိုး
၂၀၀၁ ခုနှစ်မှာ ပြည်တွင်းကို ၂ လလောက် ကျနော်ပြန်ရောက်ဖြစ်တယ်။ လူထုရဲ့ တကယ့်နေ့စဉ်ဘဝကို ကိုယ်တိုင်သိမြင်ခဲ့ရပြီးတဲ့နောက် ပါလာတဲ့ဝေဒနာတွေကို အခြေခံပြီး ဒီကဗျာကို ရေးဖြစ်ခဲ့တာပါ။ ဒီတုန်းက ဦးနေဝင်း မသေသေးဘူး။ ဂျာနယ်တွေက ဘင်လာဒင်ကောင်းမှုနဲ့ ရောင်းအားကောင်းနေကြတယ်။ ဒုက္ခသည်တို့၊ ဒုက္ခသည်စခန်းတို့ဆိုတာ နယ်စပ်က လူတွေအတွက် ဘဝပုံရိပ်ဖြစ်နေမယ့် ဒီတုန်းက ပြည်တွင်းကလူတွေ နားမလည် မခံစားတတ်ကြသေးဘူး။
တိုက်ဆိုင်ချင်တော့ ပြီးခဲ့တဲ့လကုန်ပိုင်းလောက်က ဗွီအိုအေကနေ ဒီကဗျာကို ရွတ်ဆိုဖေါ်ပြခဲ့ပါတယ်။ တပတ်လောက်နေတော့ တောင်ပိုင်းကျေးလက်ကို နာဂစ်ဝင်မွှေတော့တာပဲ။ နောက်ဆက်တွဲအခြေအနေတွေကိုတော့ အားလုံး ကြားကြ မြင်ကြပြီးသားပါ။ တလောက ဖုန်းလှမ်းပြောတဲ့ညီတယောက်က အခုတော့ အကို့ကဗျာခေါင်းစဉ်လို ဖြစ်နေပြီလို့ပြောတော့ ရင်မှာ မကောင်းဘူး။ ဧရာဝတီကို ရင်ခွဲပြလိုက်မှ ကမ္ဘာကြီးက ပုတ်ပွနေတဲ့ ဒုက္ခတွေကိုမြင်ပြီး အထိတ်တလန့်ဖြစ်တယ်တဲ့။
ဘာပဲဖြစ်ဖြစ် သင်္ဘောမြုပ်တုန်းတော့ လူကို အရင်ကယ်ရတာပဲ။ သင်္ဘောပါ ဆယ်ပါလားလို့ ဝင်ပြောလို့မရဘူး။ ဒီအချိန်မှာ တိုက်တန်းနစ်တုန်းကလို သော့ပိတ်ခံထားရတဲ့ တတိယတန်းခရီးသည်တွေအတွက်ကတော့ ရှင်သန်ရေးဟာ တိုက်ပွဲပဲ။ ကိုယ်တိုင်တိုက်ရမှာ။
ကြပ်ဆို့နေတုန်းမို့ ပြောစရာတွေရှိပေမယ့် အသံမထွက်နိုင်သေးခင်မှာ ဒီကဗျာထဲက စကားလုံးအဟောင်းတွေကိုပဲ စန္ဒယားအပျက်တလုံးရဲ့ ခလုတ်တွေပေါ် လက်နဲ့ခေါက်သလိုခေါက်ရင်း ကိုယ့်ကိုယ်ကိုယ် အသံညှိနေလိုက်မိတယ်။
ပြန်ပေးဆွဲခံထားရတဲ့ဒုက္ခသည်စခန်းကြီးတခု
အဲဒီ့မှာ...
ကလေးတွေအတွက်
စာသင်ခုံတွေ အလုံအလောက်မရှိပေမယ့်
အလုပ်လက်မဲ့တွေအတွက်
ဘိလိယက်ခုံတွေ အလုံအလောက်ရှိတယ်။
အဲဒ့ီမှာ...
ကမ္ဘာကြီးနဲ့ ဝင်ဆန့်နိုင်ဖို့
အင်တာနက်ကဖေးတွေ မရှိပေမယ့်
ကိုယ့်နွားခြေရာခွက်ထဲမှာ တကိုယ်တော်ရွက်လွှင့်ဖို့
စည်ဘီယာဆိုင်တွေ ရှိတယ်။
အဲ့ဒီမှာ...
အိပ်မက်တွေအတွက်
မနက်ဖန်မရှိပေမယ့်
ဒီနေ့အတွက်
နှစ်လုံးထီရှိတယ်။
အဲ့ဒီမှာ...
ရိုးရိုးကျင့် မြင့်မြင့်ကြံဖို့
ကောင်းရောင်းကောင်းဝယ် ဈေးကွက်မရှိပေမယ့်
ဒီကွေ့ ဒီတက်နဲ့ လှော်ဖို့
အပေါင်ဆိုင်တွေ ရှိတယ်။
အဲဒီမှာ
မရှိပေမယ့်.. မရှိပေမယ့်၊
ရှိတယ်..ရှိတယ်..ရှိတယ်။
ခေတ်မီ တိုက်လေယာဉ်ကြီးတွေရှိတယ်...
ကြံ့ဖွံ့ရှိတယ်...
ဖယောင်းတိုင်ရှိတယ်၊
ကြားကားရှိတယ်...
ဂြိုလ်တုလောင်းကစားရှိတယ်၊
ဘောလုံးနဲ့ ဘင်လာဒင်ကို
ဘုရားစင်မှာတင်ထားတဲ့ ဂျာနယ်တွေရှိတယ်၊
ဖာခန်းဖွင့်စားတဲ့
ကြယ်ငါးပွင့်ဟော်တယ်ကြီးတွေရှိတယ်။
ပြီးတော့...
သေနတ်နဲ့ ပိုက်ဆံပေါင်းထားတဲ့
တရားဥပဒေရှိတယ်၊
ရေဒီယိုနဲ့ ကောလာဟာလပေါင်းထားတဲ့
မျှော်တလင့်လင့်နိုင်ငံရေးရှိတယ်၊
စာပေစိစစ်ရေးနဲ့ ထောင် ပေါင်းထားတဲ့
စာနယ်ဇင်းလွတ်လပ်ခွင့်ရှိတယ်။
ပြီးတော့...
ဗိုလ်ချုပ်ကြီးတွေက... အပီခိုးသွားတယ်...
လူအုပ်ကြီးတွေက...ဆီတိုးစားတယ်...
အမှားတွေပျောက်မလားလို့
တံတားတွေဆောက်ထားတာ ရှိတယ်။
မြို့ပြင်လယ်ကွင်းပြင်ကြီးထဲ ထုတ်ထားတဲ့
တက္ကသိုလ်ကောလိပ်ကြီးတွေနဲ့
ဆရာတွေ လက်ပတ်ဝတ်ကင်းစောင့်နေတဲ့
အေးချမ်းစွာပညာသင်ကြားရေး ရှိတယ်။
ပြီးတော့ ...
အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့ လူတစ်ယောက်နဲ့
အိမ်ထဲကအိမ်ပြင်မထွက်ရဲတဲ့ လူတစ်ယောက်ရှိတယ်။
ပြီးတော့ ...
တရုတ်တန်းဖြစ်သွားတဲ့
နန်းတော်တစ်ခုရှိတယ်။ ။
ကဗျာရွတ်သံနားထောင်ရန်
်
3 comments:
အဲဒီ ဒုက္ခသည်တွေကို ဘာပေးပြီး ရွေးရမှာလဲ
လူသိန်းကျော် အသက်နဲ့ မလုံလောက်သေးဘူးလားဗျာ
ကဗျာကို စာသားနဲ့ရော ရွတ်သံနဲ့ပါ ခံစားဖတ်ရှုသွားပါတယ် အကို။
ရင်နဲ့အခါခါဖတ်ခဲ့ဘူးတဲ့ကဗျာမို့ ရင်နာနာနဲ့အလွတ်ရနေတယ်...အသံတွေညှိပြီးတဲ့အခါ တေးသစ်တွေ လွင့်ကျနိုင်ပါစေ...
Post a Comment