Thursday, September 11, 2008

လိုက်လိုက်ကောက်ရတဲ့ ညနေခင်းလေးများ

နှင်းခါးမိုး


လမ်းပေါ်ကျော်ကျလာတဲ့ဘောလုံးကို
လှည့်ကြည့်ရင်း ငါဆက်လျောက်တယ်၊

မင်းတို့က အားလို့ ကစားနေတာ
ငါက ကိစ္စတခုရှိလို့ သုတ်သုတ်သွားနေတာ
ငါ့ရှေ့တည့်တည့်ကျတာမဟုတ်တော့
ငါက ပြန်လှည့်ပြီး ကောက်မပေးနိုင်ဘူး၊
တခါတလေ ဒီလိုပဲ
ငါတို့ကန်တဲ့ဘောလုံးတွေက
ကွင်းပြင်ထွက်ထွက်သွားတတ်တယ်၊
ငါ့ဘောလုံး ငါကောက်ခဲ့ရပေါင်းများပြီ
သူများဘောလုံးတွေလည်း ကောက်ပေးဘူးခဲ့။

ကန်ကြ ကန်ကြ
ပျော်ပျော်ပါးပါးကန်ကြ
အားထည့်ကန်ကြ
အာရုံထည့်ကန်ကြ
မှော်ထည့်ကန်ကြ၊
ကန်ကြ ကန်ကြ
ဂိုးဝင်အောင်ကန်ကြ
နိုင်အောင်ကန်ကြ
ရွှေဖိနပ်ရအောင်ကန်ကြ။

ကန်ချက်မမှန်တော့
ဘောလုံးက ကွင်းပြင်ထွက်တယ်
ဒီဘောလုံးကလေး
လမ်းပေါ်မှာ ကားကြိတ်သွားမလား
မြောင်းထဲပဲကျမလား
သံဆူးကြိုးနဲ့ငြိလေမလား၊
ငါကိုယ်တိုင်ကော
ကွင်းပြင်ထွက်သွားတဲ့ဘောလုံးကလေးလား
ငါတို့ဟာ ဘောလုံးကလေးများလို တလိမ့်လိမ့်
ဘယ်လိုကန်ချက်မျိုးနဲ့ကြုံခဲ့ကြရတယ်။

ညနေညနေ
ငါဖြတ်လျှောက်ပြီးပြန်လာနေကျ
ဘောလုံးကွင်းဘေးလမ်းကလေးပေါ်မှာ
ငါ့အတွေးတွေကို ငါဆွဲပြေးတယ်
အပေးအယူလုပ်တယ်
အမြောက်ထောင်တယ် ခေါင်းနဲတိုက်တယ်
အဝေးကလှမ်းကန်တယ်
ငါ့အတွေးတွေကို ငါဂိုးသွင်းတယ်။

ဘောလုံးဆိုကတည်းက အလုံးကြီးလေ
ဘာမှအသေအချာမပြောနိုင်ဘူး
မကောက်ပေးဖြစ်ခဲ့တဲ့ဘောလုံးကလေးအကြောင်း
အိမ်ရောက်တော့ကဗျာရေးတယ်
ဘာမှအသေအချာမပြောနိုင်ဘူး
ငါဟာကွင်းပြင်ထွက်သွားတဲ့ဘောလုံးကလေးလား
ဘာမှအသေအချာမပြောနိုင်ဘူး။

ငယ်ငယ်က ငါ့ကော်ဘောလုံးကလေး
တယောက်ထဲ နံရံဆီကြုံးကြုံးကန်ခဲ့တဲ့ဘောလုံးကလေး
ကားကြိတ်လို့ပြားချပ်သွားခဲ့တဲ့ဘောလုံးကလေး
အဖေ၀ယ်ပေးတဲ့နေ့က
အိပ်ယာထဲဖက်အိပ်ခဲ့ဘူးတယ်။ ။

6 comments:

ကိုအောင် said...

အကိုကြီးရေ အကို့ကဗျာလေးကို သဘောကျလို့ ဒီလင့်ကို
ကျနော်ဆီမှာ ညွန်းထားမယ် အကိုကြီးရေ။

pandora said...

စောစောလေးကတောင် ကျနော်ကန်လိုက်တဲ့ ဘောလုံးကလေးတလုံး အပြင်ထွက်သွားခဲ့တယ်။ ခဏခဏဒီလို ဖြစ်တတ်လို့ ၀မ်းနည်းရတယ်။ ကားမကြိတ်ပါစေနဲ့ ။ ပြန်ကူကောက်ပေးမယ့်လူ တယောက်ယောက် ရှိပါစေ။ တနေ့နေ့တော့ မှန်မှန်ကန်ကန် ဂိုးသွင်းနိုင်ပါစေ။ ဒီလို ဆုတောင်းပြီး ကွင်းပီပီသသ မဟုတ်တဲ့ ရရာနေရာလပ်ကလေးမှာ ဆက်ကန်နေတုန်းပဲဗျာ။

ကဗျာကလေး အရမ်းလှတယ်။

သစ်နက်ဆူး said...

ကိုခါး...
ထပ်တူထပ်မျှနီးပါး ခံစားသွားပါတယ်...
ကိုခါး ကဗျာတွေကို ကျနော် အရမ်းကြိုက်တယ်ဗျာ...
ပုံရိပ်နိမိတ်တွေ ဖော်တာတွေကို ချီးကျူးပါတယ်ဗျာ...။

Anonymous said...

ဘောလုံးဆိုတာလုံးရုံတင်မကဘူး
အကန်ခံရ၊အကြိတ်ခံရ၊အတိုက်ခံရနဲ့
ခံရပေါင်းများနေတဲ့ဘောလုံးလေးကို
ဖက်အိပ်ခဲ့တဲ့အတွက်ကျေးဇူးတင်တယ်ဗျို့
ကျနော်တို့ဘ၀တွေလည်း.......

တန်ခူး said...

ဒီလို ကဗျာတွေ ငတ်မွတ်နေတာ ကြာပေါ့… ကျေးဇူးပါ ကိုဝေလင်း…
ကွင်းထဲက ဘောလုံးပွဲလား
လမ်းဘေးက ဘောလုံးပွဲလား
အိမ်ထဲက ကလေးငယ်ရဲ့ ဘောလုံးပွဲလား
ဘာပဲဖြစ်ဖြစ်...ကွင်းပြင်ရောက်ရောက်… ကွင်းထဲရောက်ရောက်… ဘောလုံးကန်တဲ့ ရည်ရွယ်ချက် မပျောက်ဖို့ ပဲပေါ့…
အရေးကြီးဆုံးက ဘောလုံးလေး မပြားသွားဖို့ ပဲလေ…
ဘောလုံးလုံးလုံးလေးတွေ ဂိုးဝင်နိုင်ပါစေ….

Nyein Chan Aung said...

ဒီကဗျာလည်း အရမ်းကြိုက်တယ်။