ကျနော်ပြေးတယ်
တအားပြေးတယ်
ကြောက်လန့်တကြားပြေးတယ်
မရပ်မနားပြေးတယ်
အဝေးဆုံးရောက်အောင်ပြေးတယ်
ဘယ်သူမှမလိုက်နိုင်အောင်ပြေးတယ်
အမောဆို့ပြီးလဲကျသွားအောင်ပြေးတယ်
ဘယ်ကိုပြေးတာလဲ
မသိဘူး ပြေးတယ်
ဘယ်သူတွေလိုက်နေလို့လဲ
မသိဘူး ပြေးတယ်
ဘာကိုကြောက်ပြီးပြေးသလဲ
မသိဘူး ပြေးတယ်
ပြေးနိုင်ရင်လွတ်မှာတဲ့လား
မသိဘူး ပြေးတယ်
ပြေးတာကအဖြေလား
မသိဘူး ပြေးတယ်
ရင်မဆိုင်ရဲလို့ပြေးတာလား
မသိဘူး ပြေးတယ်
ဒီလိုပဲပြေးနေတော့မှာလား
မသိဘူး ပြေးတယ်
မေးခွန်းတွေလိုက်မမီအောင်
ပြေးတယ်
ဘယ်သူမှမရှိတဲ့နေရာကို
ပြေးတယ်
ဘာသံမှမကြားနိုင်တော့အောင်
ပြေးတယ်
တောတွေကိုဖြတ်ပြီး
ပြေးတယ်
တောင်တွေကိုကျော်ပြီးပြေးတယ်
ပင်လယ်ကိုကူးပြီး
ပြေးတယ်
တရားဓမ္မတို့နဲ့ဝေးရာ
ဆိုဆုံးမမှုတို့နဲ့ဝေးရာ
အေးချမ်းပျော်ရွှင်မှုတို့နဲ့ဝေးရာ
နားလည်ခွင့်လွှတ်မှုတို့နဲ့ဝေးရာ
ချစ်ခြင်းမေတ္တာနဲ့ဝေးရာ
ဖြစ်နိုင်ရင်
တခြားစကြာဝဌာအထိ
ဖြစ်နိုင်ရင်
နောက်ဘ၀တခုအထိ
ဖြစ်နိုင်ရင်
အငွေ့ပျံပျောက်ကွယ်သွားသည်အထိ
စွပ်စွဲပြစ်တင်ကြ
ဆဲရေးရှုတ်ချကြ
လှောင်ပြောင်ရယ်မောကြ
ဝိုင်းဝန်းရိုက်ပုတ်ကန်ကြောက်ကြ
ရွံရှာစက်ဆုပ်ကြ
ရှောင်ရှားဝိုင်းပယ်ကြ
မှုန့်မှုန့်ညက်ညက်ချေမှုန်းကြ
လက်ညိုးငေါက်ငေါက်ထိုးကြ
မျက်နှာကိုတံထွေးနဲ့ထွေးကြ
လူသူဝေးရာမှာလွှင့်ပစ်လိုက်ကြ
ယင်တလောင်းလောင်း
လောက်တဖွားဖွား ပုတ်အဲ့နံစော်
လင်းတတွေကတရုန်းရုန်း
တောခွေးတွေကတဆူဆူတအူအူ
ကမ္ဘာကြီးကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်း
သံသရာကြီးကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်း
သုံးဆယ့်နှစ်ကောဌာသကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်း
စိတ်တခုယုတ်ကိုးဆယ်ကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်း
သုံးဆယ့်တဘုံကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်း
အလုံးစုံကိုစီရင်တော်မူသည့်ဘုရားသခင်ကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်း
ကံ
ကံ၏အကျိုးကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်း
စိတ္တရလေခါကိုဘယ်နှစ်ခါ
သိဒ္ဓတ္ထကိုဘယ်နှစ်ခါ
ပြစ်မှုနဲ့ပြစ်ဒဏ်ကိုဘယ်နှစ်ခါ
တရားခွင်ကိုဘယ်နှစ်ခါ
လေရူးသုန်သုန်ကိုဘယ်နှစ်ခါ
ရေပွက်ပမာကိုဘယ်နှစ်ခါ
စည်းအပြင်ကလူကိုဘယ်နှစ်ခါ
အန်နာကရီနာကိုဘယ်နှစ်ခါ
မေကိုဘယ်နှစ်ခါ
ငဘနဲ့ကိုဒေါင်းကိုဘယ်နှစ်ခါ
ရဲအော်အောင်ဒင်နဲ့ကျနော်ကိုဘယ်နှစ်ခါ
အသံအက်သွားတဲ့ခေါင်းလောင်းလေးကိုဘယ်နှစ်ခါ
သစ်ရွက်အသေများကိုဘယ်နှစ်ခါ
မရေမတွက်နိုင်အောင်
မမှတ်တတ်တော့အောင်
ဘာ့ကြောင့်ဘာမှန်းမသိအောင်
ချာချာလည်အောင်
ဖြတ်ကာဖြတ်ကာ
ပတ်ကာပတ်ကာ
တအားပြေးတယ်
ကျနော်ပြေးတယ်
ပြေးလမ်းတော့မရှိဘူး
၁၈၊
ဖေဖေါ်ဝါရီ၊ ၂၀၁၃
No comments:
Post a Comment