ကုက္ကိုပင်အကွယ်မှာ မင်းငိုကျန်နေခဲ့မလား
လူကရန်ကုန်ပြန်တဲ့ကားပေါ်မှာ စိတ်ကမင်းဆံနွယ်ဖျားလေးမှာ။
ရေက ဘောင်ပေါ်ကျော်ကျနေတဲ့ စမ်းရေတွင်းလေးဘေးမှာ
နေရောင်က ကမ္ဘာအသစ်လေးပေါ်ဖြာကျလို့
မင်းခြေဖဝါးနုနုမှာ သဲဆပ်ပြာအမြုပ်ကလေးတွေက ခပ်ဖွဖွရယ်နေကြရဲ့။
ညနေခင်းဆို ဘုရားကြီးယင်ပြင်ပေါ်မှာ
လူတွေကမင်းကို သိုက်စောင့်မင်းသမီးလေးလို ငေးကြည့်ကြ
အဲဒီတုန်းက ငါကောက်ပေးတဲ့ခရေပန်းလေးတွေက
မင်းအတွက် ကမ္ဘာပေါ်မှာ အမွှေးပျံ့ဆုံးဖြစ်ခဲ့။
တို့စွန်းစားခန်းဟာ အောင်မြင်ခဲ့ပါတယ်
မင်းစောင့်နေတဲ့ဘူတာရုံကလေးဆီ နေ့ရက်အသစ်တွေငါယူဆောင်လာတယ်
ဘုရားပွဲစျေးတန်းထဲမှာ လူမပါပဲလည်နေတဲ့ ချားရဟတ်လေးကို ငါတို့ကျောခိုင်းထားခဲ့ကြ။
သဲတွေမှာ အလွမ်းဇာတ်မရှိဘူး
ကြီးကျယ်ခမ်းနားလှတဲ့ အတိတ်သမိုင်းတွေကိုတောင်
ရေခဲမုန့်ပေါ်ကဝေဖာချပ်လို တမြုံ့မြုံ့ဝါးခဲ့ကြတာပဲ
မြေပဲခင်းတွေဆီအသွား သဲလမ်းလေးပေါ်မှာ ငါတို့စက်ဘီးကလေး ပစ်လဲသွားတယ် မင်းမျက်နှာလေးငိုမဲ့မဲ့ဖြစ်သွားတော့ ငါ့မှာ ကိုယ့်နားထင်ကိုကိုယ်ပဲ သေနတ်နဲ့တေ့ပစ်ရမလိုလို။
ဟိုးဝေးဝေးတောင်တန်းတွေပေါ်က
ရွှေရောင်ပျပျနဲ့စေတီကလေးဆီမှာ ငါတို့တောင်းခဲ့တဲ့ဆုတွေ ဘာတွေပြည့်ဖို့ကျန်သေးလဲ
ပြန်လာနော်လို့ မင်းဆံညှပ်ကလေးနဲ့ ရေးခဲ့တဲ့စာ
ကုက္ကိုလ်ပင်ကြီးနဲ့အတူ အခုတ်ခံလိုက်ရပြီ
ခြောက်သွားတဲ့စမ်းတွင်းကလေးထဲမှာ သဲတွေကပြိုလို့။
လူကဒီဘဝမှာ
စိတ်က အဖန်ငါးရာငါးကမ္ဘာ။ ။
- - - - - - - -
နှင်းခါးမိုး
၂၂ ဧပြီ ၂၀၁၉
No comments:
Post a Comment