Editorial
August 15, 2018
အမှောင်ခေတ်ပညာရေး ဆိုသည့်စကားလုံးကို လွှတ်တော်တွင် အတိုက်အခံအမတ်တစ်ယောက်က ကန့်ကွက်သောကြောင့် အဆိုမှတ်တမ်းထဲမှ လွှတ်တော်ဥက္ကဌက ပယ်ဖျက်ပေးခဲ့သည်ဟု မနေ့က သတင်းတပုဒ်တွင် တွေ့လိုက်ရသည်။ သူ့အကြောင်းပြချက်က ယခင်အစိုးရများ၏ ဂုဏ်သိက္ခာကို ညှိးနွမ်းထိခိုက်စေအောင် ပုတ်ခတ်ပြောဆိုရာရောက်သောကြောင့်ဟု သိရသည်။ သူ့အုပ်စု၊ သူ့ပါတီ၊ သူ့အယူအဆကို ကာကွယ်ပြောဆိုရမှာ သူ့တာဝန်သာဖြစ်သည်။ တကယ့်လက်တွေ့အမှန်တရားကတော့ ဖုံးကွယ်ပြောဆိုတိုင်း ပျောက်ပျက်သွားသည်မဟုတ်ပါ။
ဘာမှပြောခွင့်ဆိုခွင့်မရ။ အပြန်အလှန်ဆွေးနွေးခွင့်မရှိ။ လွတ်လပ်သည့် သတင်းစာစောင်မရှိ။ တဖက်သတ်အမိန့်အာဏာများကိုသာ လိုက်နာဆောင်ရွက်ကြရသည်။ လူမှုရေး၊ စီးပွားရေး မတရားမှုများကလည်း တရားဝင် ပေါ်ပေါ်ထင်ထင်။ နိုင်ငံရေးဖိနှိပ်မှုက အဆိုးဝါးဆုံး။ ဒီလိုအခြေအနေကို ရင်စည်းဖြတ်သန်းခဲ့ရသူများကတော့ အမှောင်ခေတ်ဆိုတာကို ဘဝနဲ့ရင်းပြီး နားလည်ကြသည်။ ဒီလိုခေတ်မှာ လူငယ်တော်တော်များများ ပညာရေးကို သေစာရှင်စာလောက် ဝတ္တရားကျေလောက်မှာပဲ ကျောခိုင်းသွားကြသည်။ တချို့လူငယ်တွေကတော့ ပညာရေးကို ထွက်ပေါက်အဖြစ် စုပြုံတိုးဝှေ့ကြသည်။
အစွဲမပါပဲ သုံးသပ်ရလျှင် မြန်မာ့ပညာရေးက ကိုလိုနီခေတ်မှာ အမြင့်ဆုံးဟု ပြောရမလိုပဲဖြစ်သည်။ လွတ်လပ်ရေးခေတ်မှာ ဒီအမွေကို ဆက်ထိန်းသိမ်းထားခဲနိုင်သေးသည်။ စစ်အာဏာသိမ်း ဆိုရှယ်လစ်ခေတ် ၂၆ နှစ်မှာ ပညာရေးကို နိုင်ငံရေးရည်မှန်းချက်အတွက် အသုံးချလာသည်။ စမ်းသပ်မှုပေါင်းများစွာလုပ်ရင်း မြန်မာ့ပညာရေးနိမ့်ကျလာခဲ့သည်ဟု ဆိုနိုင်သည်။ ၁၉၈၈ ခုနှစ်အပြီး စစ်အုပ်ချုပ်ရေးတလျောက်လုံးမှာတော့ ပညာရေးနယ်ပယ်ကို နိုင်ငံရေးပစ်မှတ်အဖြစ်ရှုမြင်ကာ ဖိနှိပ်မှုများ လုပ်ဆောင်ခဲ့တာ တွေ့ရသည်။ ပြန်ကြည့်တော့ မြန်မာ့ပညာရေးက အမွေခံပညာရေး၊ အစမ်းသပ်ခံပညာရေးနှင့် အဖိနှိပ်ခံပညာရေးတွေထဲမှာသာ နစ်နေခဲ့သည်။ ဘယ်တုန်းကမှ ခေတ်မီသစ်လွင်သောပညာရေး မဖြစ်ခဲ့။
ခေတ်ပေါ်နည်းပညာတွေကြောင့် ကမ္ဘာနှင့်အဝှမ်း ပညာရေးရုပ်သွင်က အများကြီးပြောင်းလဲခဲ့ပြီ။ ပညာရေးက စာသင်ခန်းတွေအပြင်ကိုတောင် ထွက်လာခဲပြီဟု ဆိုကြသည်။ ကနေ့ခေတ်လူများသည် ဘဝတလျှောက်လုံး အမြဲတစေသင်ကြားနေဖို့ လိုအပ်လာသည်။ ဆရာတပည့်သင်ကြားရေးထက်၊ တဦးနှင့်တဦး အပြန်အလှန်သင်ကြားရေးက ပိုကျယ်ပြန့်လာသည်။ အစိုးရတွေက ထိန်းကျောင်းသည့် ပညာရေးစနစ်တွေအတွက် နေရာမရှိတော့ဟု သဘောပေါက်ဖို့လိုလာပြီ။
ပြီးခဲ့သည့် မအောင်မြင်သော ပညာရေးစနစ်များကို အမှောင်ခေတ်ဟု ညွုန်းဆိုချင်လျှင် အလင်းခေတ်ပညာရေးဆိုတာ ဒါဟု ရှင်းရှင်းလင်းလင်း ပြောနိုင်ပြနိုင်ဖို့လိုသည်။ လုပ်စရာတွေကတော့ အများကြီးရှိပါလိမ့်မည်။ မြန်မာ့သမိုင်းအရတော့ နိုင်ငံရေးပြဿနာများထဲမှ ပညာရေးကို ဆွဲထုတ်ရေးက အရေးအကြီးဆုံံးဟု ဆိုချင်သည်။ ပညာရေးကို နိုင်ငံရေးအရချဉ်းကပ်မှု၊ အသုံးပြုမှုနှင့် ဖိနှိပ်မှုများမှ လုံးဝကင်းရှင်းစေဖို့လိုသည်။
အလင်းခေတ်၏အသက်မှာ လွတ်လပ်မှုဖြစ်သည်။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးများမှအစ ပညာရေးအဆုံး လူတိုင်း တောင့်တသည့် အလင်းခေတ်ကို အရောက်ပို့ပေးနိုင်မည်အရာမှာ လွတ်လပ်မှုသာဖြစ်ပါသည်။ စကားလုံးလေးတလုံးကိုတောင် လွတ်လပ်မှုမပေးနိုင်လျှင် ခေတ်ကို ဘယ်လိုလင်းအောင် လုပ်ကြမလဲဟု မေးလိုက်ချင်ပါသည်။
အလင်းဟာ အမှောင်ရဲ့သင်္ချိုင်းပဲ။
No comments:
Post a Comment