Saturday, August 27, 2022

စာမဖတ်တော့ ဘာဖြစ်လဲ

စာပေမြင့်လျှင် လူမျိုးမြင့်မည် ဟု ကြားဘူးကြလိမ့်မည်။ တိုင်းပြည်လည်းဆင်းရဲ လူမျိုးလည်းမွဲသည့်ခေတ်တွင် စာပေက ရွှေကလပ်ပေါ်တွင် ကျန်ခဲ့ဖို့ ခက်ပါသည်။ သားရည်ဖုံးနှင့် ရွှေစာလုံးထိုးထားပေမဲ့လည်း တဲအိုပျက်မှာတော့ ခေါင်မိုးဖာ၊ ထင်းဆိုက် အမှိုက်သာသာအဆင့်ရောက်မည်သာ။

အလိမ္မာစာမှာရှိ ဟု စာအုပ်ပေါ် ဖယောင်းတိုင်မီးလင်းနေသည့် အမှတ်တံဆိပ်တခု နေရာတိုင်းမှာမြင်ရနိုင်သည့် ခေတ်တခု တခါက ရှိခဲ့ဘူးသည်။ စာအုပ်တွေကပေးသည့် အမှန်တရားနှင့် ချစ်ခြင်းမေတ္တာကို ကိုင်စွဲကာ ကိုယ်နေထိုင်ရာကမ္ဘာကို စိုပြေစိမ်းလန်းစေအံ့ဟု အားထုတ်ဖူးသော မျိုးဆက်များလည်း ရှိခဲ့ဖူးသည်။ ထိုအခါ လောကကြီးကို ငါ့အလိုအတိုင်းဖြစ်ရမည်ဟုဆိုသော စကြာဝတေးသူရူးတို့အတွက် စာအုပ်များသည် သူတို့အဓိကချေမှုန်းစရာ ရန်သူတော်ကြီးများ ဖြစ်လာကြသည်။ ဒီလိုနှင့် စာအုပ်ပေါ်က ဖယောင်းတိုင်းမီးကို ငြှိမ်းသတ်ခံလိုက်ရသော အမှောင်ခေတ်ကြီးထဲ ရောက်ခဲ့ကြရတော့သည်။

လမ်းထိပ်က ကွမ်းယာဆိုင်မှာ လူတွေတရုန်းရုန်းဖြစ်နေချိန် ကားမှတ်တိုင်ဘေး ဂျာနယ်ဗန်းကလေးက အိပ်ငိုက်နေသည်။ ဆိုက်ကားသမားခါးကြားထဲရှိ စမတ်ဖုန်းဆီက တတိန်တိန်မြည်နေတဲ့အချိန်မှာ ထမင်းတလုပ်ကို ထင်းခုတ်စားမယ်ဆိုတဲ့ ကဗျာဆရာဆိုသူ၏ ၀မ်းဗိုက်က တကြုတ်ကြုတ်မြည်နေသည်။ ဟိုတယ်ခန်းမတခုထဲမှာတော့ အမှောင်ခေတ်ထဲမှာ ဂျာနယ်ထုတ်ပြီး ကားစီးနိုင်ခဲ့သူများက ပုံနှိပ်စာပေလောကကြီးကို ဘယ်သူမှ မကယ်နိုင်ကြတော့ဘူးလားဟု သူတောင်းစားခွက်ပျောက်သည့်လေသံဖြင့် အော်နေဟစ်နေကြသည်။ လမ်းမကြီးပေါ်မေးတင်ပြီး ဆိုင်းဘုတ်ကြီးထောင်၊ တံခါးအားလုံးဖွင့်ထားသော်လည်း ဘယ်သူမှ အဝင်အထွက်မလုပ်သလောက် ခြောက်ကပ်နေသော အဆောက်အဦကို စာကြည့်တိုက်ဟု ခေါ်ပါသည်။

စာမဖတ်တဲ့လူမျိုး ကျဆုံးမှာပဲ ဟု ဂျွန်ရပ်စကင်းဆိုသော ပညာရှင်ကြီးက ဆိုမိန့်ခဲ့ဘူးပါသည်။ ဘီယာဆိုင်တွေက စာကြည့်တိုက်တွေထက် ခမ်းနားစည်ကားနေလျှင် ထိုလူမျိုး၏ အနာဂတ်ကို ဗေဒင်မေးစရာမလိုပါ။ ဖုန်းပေါ်မှာ စာလေးနှစ်ကြောင်းသုံးကြောင်းလောက်ကို သူရေးတာငါဖတ်လိုက်၊ ငါရေးတာသူဖတ်လိုက်လုပ်နေသော ဗဟုသုတဟင်းလေးအိုးကြီးများဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး၏တံခါးကို မခေါက်နိုင်ပါ။ သတင်းစာတွေ၊ ဂျာနယ် စာစောင် မဂ္ဂဇင်းတွေ တစောင်ပြီးတစောင် ထိုးရပ်သွားတာကို မီးလုံးတွေ တလုံးပြီးတလုံးကျွမ်းသွားသလို သတိထားရကောင်းမှန်းမသိလျှင်တော့ တအိမ်လုံးမှောင်သွားမှ ဖယောင်းတိုင်အတိုပင် ရှာမရသည့်အဖြစ်မျိုးနှင့် တိုးပါလိမ့်မည်။

စာမဖတ်သူတယောက်ကို စာဖတ်ချင်လာအောင် စည်းရုံးဖို့ လွယ်ချင်လွယ်ပါလိမ့်မည်။ လူတွေစာမဖတ်နိုင်အောင်၊ စာမဖတ်ချင်အောင်၊ စာဖတ်ရကောင်းမှန်းမသိအောင် ပစ်ပယ်ထားသော၊ သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားခြင်းခံခဲ့ရသော ခေတ်စနစ်ကြီးတခုကို ပြုပြင်ယူရတာ အတော်ခက်ပါသည်။ တရက်တည်းနှင့် ခုတ်လှဲပစ်ခဲ့သော သစ်ပင်တပင်ကို လေးငါးဆယ်နှစ် ပြန်စိုက်ပျိုးယူရပါသည်။ လပ်သွားသောမြေပေါ် သစ်ပင်ပြန်မစိုက်ချင်ပဲ အိမ်ဆောက်ချင်သူ၊ ခြံခတ်ချင်သူများလည်း ရှိကောင်းရှိနိုင်ပါသည်။ တချို့ကိစ္စများကို တဦးချင်လုပ်ဆောင်၍မရသည့်အတွက် လူသည် အဖွဲ့အစည်းအသင်းအပင်းနှင့်နေထိုင်သော သတ္တဝါဖြစ်လာခဲ့ပါသည်။

လူ့အဖွဲ့အစည်းတခု၏ အဆင့်အတန်းကို စီးပွားရေးအရ မြင်သာသော်လည်း တကယ့်တန်ဘိုးကို ယဉ်ကျေးမှုဖြင့် သတ်မှတ်ပါသည်။ ယဉ်ကျေးမှုတခု၏ အခြေခံအုတ်မြစ်မှာ စာပေပဲဖြစ်သည်။ စာပေမှ သဘင် ဂီတ ပန်းချီ ရုပ်ရှင် စသဖြင့် ကိုင်းခက်လက်များ ဖြာထွက်လာသည်။ ထိုအကိုင်းအခက်များ နွမ်းယော်ခြောက်ကပ်လာတာကိုမြင်လျှင် ပင်စည်မှာ ပိန်လှီအားနည်းနေတာ ဖုံးကွယ်လို့မရကောင်းပါ။ ထိုအပင်ကို ရေလောင်းပေါင်းသင်ဖို့ ဥယာဉ်မှူးလိုပါသည်။ မျောက်ကို ဥယာဉ်မှူးခန့်မိသော ပုံပြင်များ နောက်ထပ် နားမထောင်ချင်ကြတော့ပါ။

လောင်နေတဲ့မီးကိုလည်း သတ်ပါ။ အိမ်ထဲကလူကိုလည်း ကယ်ပါ။ ဗိုက်ဆာနေတဲ့သူက ထမင်းစားပြီးမှ စာအုပ်ကို ကောက်ကိုင်ပါလိမ့်မည်။ အိမ်တိုင်း၏ ဧည့်ခန်းမှာ စာအုပ်စာစောင်များရှိနေလျှင် မီးဖိုချောင်က ဟင်းနံ့ကျွေးနံ့က ပိုလို့မွှေးကြိုင်လာပါလိမ့်မည်။ ထိုအခါ ထမင်းမေ့ ဟင်းမေ့၊ လက်ကမချချင်လောက်အောင် လွှမ်းမိုးနိုင်သည့်စာအုပ်များ စာအုပ်စင်ပေါ် ထည်ထည်ဝါ၀ါ နေရာယူလာကြမည်။ ဧည့်သည်ဆောင်သည်များက စင်ပေါ်ကစာအုပ်တွေနဲ့ ဆက်တီစားပွဲပေါ်က စာစောင်မဂ္ဂဇင်းတွေကိုကြည့်ပြီး ထိုအိမ်ကလူတွေအပေါ် လေးစားတန်ဘိုးထားပါလိမ့်မည်။ ပြီးတော့ စမတ်ဖုန်းကလေးနဲ့ ဆယ်ဖီဆွဲကာ အမြဲတမ်း သတိရနေပါလိမ့်မည်။

စာအုပ်မရှိတဲ့အိမ်ဆိုတာ သာလာယံဇရပ်လို ခွေးလေခွေးလွင့်တို့၏ ဘုံရိပ်သာမျှဟုဆိုလျှင် လွန်အံ့မထင်။ စာပေမတတ် ကြက်ခြေခတ်ကြရင်း အမှန်ကို အမှားခြစ်ခဲ့ကြရသည့်ဘဝများစွာထဲက ရုန်းထွက်ကြပါစို့။

Editorial
August 17, 2018

No comments: