Tuesday, August 7, 2007

အမေ့ကိုမလိမ်ကြပါနဲ့

ညီမလေး ခဏနေပြန်လာမှာပါတခါက မဆလခေတ် အစိုးရထုတ် မြဝတီ၊ ငွေတာရီစသည့် မဂ္ဂဇင်းများတွင် နေ့ကြီးရက်ကြီးတွေနီးလာလျင် အထိမ်းအမှတ်ကဗျာတွေ ရေးကြသည်။
အလုပ်သမားနေ့နီးလာလျင် အလုပ်သမားကဗျာ၊ လယ်သမားနေ့နီးလာလျင်
လယ်သမားကဗျာ၊ တော်လှန်ရေးနေ့နီးလာလျင် တော်လှန်ရေးကဗျာ စသဖြင့်။
ကြာတော့ လူတွေက သည်ကဗျာတွေကို ညည်းငွေ့လာကာ ကျော်ဖတ်ကြသည်။
ကျနော်တို့ကဗျာရေးစက ထိုကဗျာရေးသူများကို အထင်မကြီး။ ပုံစံကျများဟု
ဝေဖန်ပြစ်တင်ခဲ့သည်။
အခုတော့ ကိုယ်အပြောခံရမည့် အလှည့်ထင်သည်။
ဒီမိုကရေစီရေး အထိမ်းအမှတ်ကဗျာတွေ တော်တော်ရေးဖြစ်ခဲ့သည်။ တခုတော့
ပြောရဲတာရှိသည်။ မိမိတိုးတိုက်မိခဲ့သည့် သမိုင်းရက်စွဲများကို ရင်ဖြင့် ခံစားရေးဖွဲ့
ဖြစ်အောင် ကြိုးစားခဲ့ခြင်းပင်။
ကျနော်တို့ လူ့ဖြစ်ရသည့်တိုင်းပြည်၏ ၁၃၅၀ ပြည့်သည် ရွှေဘောင်ကွပ်ဖို့
မလိုအပ်လောက်အောင် ခမ်းနားပြည့်စုံပြီးသား လူထုပန်းချီကားတချပ်ဖြစ်ခဲ့သည်။
ယခု ကျနော်၏ ပါဝင်ဖွဲနွဲ့မှုသည် ခဲခြစ်ရာတကြောင်းမျှသာ။


"ညီမလေးခဏနေပြန်လာမှာပါ"

အိမ်ရှေ့မှာ
လူအုပ်ကြီးက
လမ်းအတိုင်း စီးဆင်းနေတယ်။

တူညီဝတ်စုံ
ကြွေးကြော်သံစာရွက်
အလံကိုင်တပ်ဖွဲ့
ညွှန်ကြားကြီးကြပ်သူ
ဘာတခုမှမပါ
တချို့ဆို
ဖိနပ်တောင်မပါ။

အရေးပေါ်လက်လုပ်ဆိုင်းဘုတ်လေးတွေတောင်မှ
ဟုတ်တိပတ်တိမပါ။

ပထမတော့
တိုင်သံဖေါက်သံတွေကလည်း
တယောက်တပေါက်နဲ့
လက်မောင်းတမြှောက်မြှောက်
ခြေဖျားတထောက်ထောက်နဲ့
အော်သွားလျောက်သွားကြ။
ကျောင်းစိမ်းနဲ့ကလေးတယောက်ကိုတော့
ဗိုလ်ချုပ်ဓါတ်ပုံဘောင်လေးကိုင်ပြီး
ရှေ့ဆုံးမှာတွေ့လိုက်ရဲ့၊

အမေခဏတဲ့
ညီမလေးအိမ်ပေါ်ကပြေးဆင်းသွားတယ်
တားချိန်တောင်မရလိုက်ဘူး၊

ဟဲ့အကောင်
အိမ်မှာနေ
အမေကသားအတွက်ပူတယ်
ယောကျာ်းလေး ထိန်းရခက်ပါ့တဲ့၊

ဟိုကောင်မကတော့
မိန်းကလေးမို့စပ်စပ်စုစု
ခဏနေပြန်လာမှာပေါ့တဲ့၊

လူအုပ်ကြီးတွေကလည်း
တသုတ်ပြီးတသုတ်
ပင်လယ်ကမ်းလှိုင်းပုတ်သလို။
ကတ္တရာလမ်းမတောင်
ခါးဆန့်ခွင့်မရတော့၊

အသံတွေကလည်း
ဝေးသွားလိုက် နီးလာလိုက်
ရပ်သွားတယ်မရှိဘူး၊

ညနေသာစောင်းရော
နေ့ခင်းဘက်တမှေးတောင်
အမေခေါင်းမချလိုက်ရဘူး။
လူအုပ်ကြီးထွက်ထွက်ငေးပြီး
အင်း ကုန်ဈေးနှုန်းကလည်းကြီးပေတာကိုးလို့
သူဘာသာတိုးတိုးပြောနေပြန်တယ်၊

မှတ်မိသလောက်ပြန်တွေးတာပါ
အဲဒီနေ့ကတည်းက
ညီမလေးပြန်မလာတော့ဘူး၊

အိမ်ရှေ့မှာ
လူအုပ်ကြီးက
လမ်းအတိုင်းစီးဆင်းခဲ့တဲ့နေ့ကပေါ့၊ ၊

နှင်းခါးမိုး
(၂၀၀၄)

2 comments:

Thadar (မသဒၶါ ) said...

တကဲ့ကိုရင်ထဲထိရှတဲ့ကဗျာလေးပါ။အင်မတန်နှစ်သက်ပါတယ်…ဒီလိုနဲ့...၈၈၈၈မှာ..အိမ်ပြန်မလာဘဲ တိတ်တဆိတ်ပျောက်သွားတဲ့လူုတွေ..အများကြီးပါဘဲ။ အမြဲလာအားပေးပါတယ်..ဆက်ရေးသွားပါရှင်..

ko sai said...

Please let me share this poem at my facebook.

regards
ko sai