(ကဗျာခံစားမှု)
တိုက်ဆိုင်တိုင်း ကျနော်ဖတ်ခဲ့ဘူးသော တရုတ်ဝတ္တုတိုလေးတပုဒ်ကို
သွားသွားသတိရသည်။ ဥက္ကဌမော်လက်ထက်က တရုတ်ပြည်မှာ
ယဉ်ကျေးမှုတော်လှန်ရေးဖြစ်သည်။ ထိုတော်လှန်ရေးကာလအတွင်း
ပညာတတ်တော်တော်များများအပါအဝင် တရုတ်ပြည်သူတွေ၏ဘဝ
ဗရုတ်ဗရက် ဖြစ်ခဲ့ရသည်။ နောက်တော့ ယဉ်ကျေးမှုတော်လှန်ရေး
ကျဆုံးသွားသည်။ ထိုအခါကျမှ အခြေအနေတွေက ပြန်တည်ငြိမ်သွားသည်။
သို့သော် တရုတ်ပြည်သူများသည် ထိုကာလများကို ဘယ်တော့မှမမေ့။
ထိုကာလများသည် သူတို့ဘဝအတွက် ဆုံးရှုံးခဲ့ရသောကာလများအဖြစ်
သတ်မှတ်ကြသည်။
ထိုဝတ္တုတိုလေးထဲမှ ဇာတ်ကောင်များသည် သူတို့အသက်ကိုပြောသောအခါတိုင်း
၈ နှစ်လျော့၍ ပြောတတ်ကြသည်။ ထို ၈ နှစ်သည် ယဉ်ကျေးမှုတော်လှန်ရေး
ကာလဖြစ်သည်။ သူတို့ဘဝထဲတွင် ထို ၈ နှစ်ကို ထည့်မတွက်ကြ။
၈၈ ခုနှစ်က ကျနော့်အသက် ၂၅ နှစ်မပြည့်တတ်သေး။ ကျနော်က ၆၃ ခုဖွား
ဖြစ်သည်။ ကျနော့်ထက်တနှစ်စော၍ ၆၂ ခုနှစ်တွင် လူဖြစ်သော ကျနော့်
သူငယ်ချင်းတယောက်ကတော့ ကိုယ်တို့က ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို
ချက်ကြိုးနဲ့အတူအဖြတ်ခံခဲ့ရတဲ့ကောင်တွေ ဟု ပြောလေ့ရှိသည်။ ထို့ကြောင့်ပင်
၈၈ ခုနှစ်ကကျနော်တို့တွေ လမ်းမတွေပေါ် ရောက်ခဲ့ခြင်းဖြစ်သည်။
အခုတော့ ဆယ်စုနှစ် ၂ စုနီးပါး ကြာညောင်းခဲ့ပြီ။ ကျနော်တို့အသက်တွေလည်း
အနှစ် ၂၀ ခန့် ပိုကြီးခဲ့ပြီ။
သို့ပေမယ့် အားလုံးက မနေ့တနေ့ကလိုပင်။ တခြားသူတွေအတွက်တော့မသိ။
ကျနော်တို့အတွက်မူ အရေးအခင်းသည် မပြီးသေး။ ဒီမိုကရေစီမရမချင်း ကျနော်
တို့သည် လမ်းမတွေပေါ်က ၂၅ နှစ်သားလေးတွေသာ ဖြစ်နေပေအုန်းမည်။
ထိုခံစားချက်ဖြင့်ရေးဖြစ်သော ကဗျာတပုဒ်ကို ၂၀၀၂ ခုနှစ်ထုတ် ရှစ်လေးလုံး
လူထုအရေးတော်ပုံ နှစ်ပတ်လည် ကဗျာစာအုပ်တအုပ်မှာ ဖေါ်ပြခဲ့ဘူးသည်။
ယခု ၅ နှစ်ခန့် ကြာသွားသည့်တိုင် ထိုမိုးရေစက်များက တဖွဲဖွဲ ရွာနေတုန်းပဲ
ဖြစ်ပါသည်။
"အဘိဓမ္မာ၏ မိုးရေစက်များ"
၁၊
အတွေးတွေကို
ဆယ့်လေးနှစ်ထဲမှာ ထည့်လိုက်ရမလား။
ဆယ့်လေးနှစ်ကို
အတွေးထဲမှာ ထည့်လိုက်ရမလား၊
၂၊
ဆယ့်လေးနှစ်ချင်းတူပေမယ့်
ခြေလှမ်းချင်းမတူဘူး
ရင်ခုန်သံချင်းမတူဘူး
ရင့်မှည့်ပုံချင်းမတူဘူး
ပေါက်ရောက်ရာချင်းမတူဘူး၊
ပန်းလိုပွင့်ဖို့ကြိုးစားရင်း
ဗုံးလိုပေါက်ကွဲခဲ့တဲ့သူတွေရှိတယ်။
မိုးကြိုးလိုထစ်ချုန်းရင်း
ရေလိုပွက်ခဲ့တဲ့သူတွေရှိတယ်၊
ပြီးတော့
သစ်ရွက်တွေလိုကြွေခဲ့ရတဲ့သူတွေ
ရေလိုစီးဆင်းသွားတဲ့သူတွေ
တိမ်လိုလွင့်မျောသွားတဲ့သူတွေ၊
အိပ်မက်တွေကို
အိပ်မက်ပြန်မက်ခဲ့ရတဲ့သူတွေ၊
၃၊
ဆယ့်လေးနှစ်ကို
ဘဝထဲကထုတ်ပစ်လိုက်ရမလား
ဘဝကို
ဆယ့်လေးနှစ်ထဲကထုတ်ပစ်လိုက်ရမလား၊
မေးခွန်းတွေက
ဥနှောက်ကိုအပိုင်စီးနိုင်ခဲ့ပေမယ့်
နှလုံးသားကိုတော့
ပြိုအောင်ဝင်မတိုက်နိုင်ခဲ့ဘူး၊
၄၊
ဘဝကိုနှစ်ကာလနဲ့တိုင်းတာလိုသူတို့
သင်တို့နားလည်ပါစ..
နာကျင်မှုတိုင်းမှာ
ပန်းတခင်းရှိတယ်၊
ကြီးကျယ်ခမ်းနားတဲ့ပေးဆပ်မှုဆိုတာ
သူ့ကိုယ်ပိုင်စာမျက်နှာနဲ့သူရှိတယ်။
(နှင်းခါးမိုး)
No comments:
Post a Comment