Sunday, November 18, 2007

တခါတုန်းက စုံနံ့သာမြိုင်


ဘဝနဲ့အချစ်၊ ဘဝနဲ့အနုပညာ၊ အနုပညာနဲ့အချစ် ဆက်စပ်နွယ်ယှက်နေသည်။
သီချင်းတွေက အလကားရေးထားတာမဟုတ်ဘူး၊ သူ့နေရာနဲ့သူဆိုဖို့ ရေးထားတာဗျ ဟု သူငယ်ချင်းတယောက်က ပြောဘူးတာ သတိရမိသေးသည်။ တခါတလေ ကိုယ့်ရင်ထဲ ခံစားနေရတာတွေကို သီချင်းတပုဒ် ကောက်ဆိုလိုက်လို့ ပြေလျော့သွားတမျိုး ကြုံဘူးကြလိမ့်မည်။ သို့သော် ထိုသီချင်းကို ရေးသားသူ သို့မဟုတ် သီဆိုခဲ့သူအတွက်ကတော့ သူ့ဘဝ၏ အစိတ်အပိုင်းတခုကို အန်ထုတ်လိုက်ရတာ ဖြစ်ကောင်းဖြစ်နေခဲ့မည်။

ဘယ်လိုပင် နွယ်ယှက်နေသည်ဖြစ်စေ ဘဝက ဘဝ၊ အနုပညာက အနုပညာသာ ဖြစ်သည်။
ဘဝက တိုတယ်။ အနုပညာက အဆုံးအစမရှိဘူး တဲ့။
သူငယ်ချင်းတဦးက သူ့လက်ဖျံမှာ ဆေးမင် ရေးထိုးခဲ့ဘူးသည်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ တချို့သောသူတို့အတွက်မူ အနုပညာက ထွက်ပြေးလို့ရသည်။ ဘဝက ထွက်ပြေးလို့မရ။ တခင်းလုံးဝါနေသည့် နေကြာပန်းခင်းကြီးထဲမှာ ထိုအမှန်တရားကို တခါက ရှာဖွေတွေ့ရှိခဲ့ဘူးသည်ဟု ဆိုလျင်..။

နေကြာပန်း

က။
ဆိုဖီယာလောရင့် ရဲ့
နေကြာပန်းရုပ်ရှင်ထဲက နေကြာခင်းကြီးကိုသတိရ
အဝါရောင်အပွင့်ဝိုင်းဝိုင်းကြီးတွေက
စောင့်မျှော်နေသူတယောက်ရဲ့ ဝတ်ဆံတွေအပြည့်နဲ့လေ၊

စစ်ကြီးက
ခေတ်ကြီးက
သူ့ချစ်သူ သူ့လင်သားကို
သူနဲ့ဝေးရာခေါ်သွား
နှုတ်ဆက်အနမ်းကလေးမှမဆုံးခင်
မီးရထားကြီးကထွက်ခွာသွား၊

ဒီလိုနဲ့
နေကြာပန်းတွေအကြိမ်ကြိမ်ပွင့်ခဲ့
အကြိမ်ကြိမ်ညှိးခြောက်ခဲ့
သူမကတော့မညှိးနိူင်မခြောက်နိူင်
ချစ်ခြင်းဝတ်ဆံတွေအပြည့်နဲ့ပေါ့
မီးရထားကြီးထွက်ခွာသွားရာဘက်
စောင့်မျှော်လို့၊

မီးရထားကြီးသာ အကြိမ်ကြိမ်ပြန်လာ
ချစ်တဲ့သူကတော့ မပါ။

သြော်
ရေ မြေ ဆုံးစေတော့ကွယ်
မိန်းမသားမို့ တွေ့အောင်ရှာဖို့မလွယ်
မလွယ် မလွယ် မလွယ်။
နေကြာပန်းတွေသာ
တခင်းလုံးဝါအောင်ပွင့်ခဲ့ပြန်တယ်၊

သူ့ချစ်သူကတော့
စစ်ကိုဖြတ်သန်း
ခေတ်ကိုဖြတ်သန်းရင်း
နေကြာပန်းခင်းကြီးကို မေ့လျော့ခဲ့
သူမကို မေ့လျော့ခဲ့။
စစ်ကိုအပြစ်တင်
ခေတ်ကိုအပြစ်တင်ရင်း
အချစ်ပင်အသစ်စိုက်ခဲ့၊

ခ။
ကြည့်ဖူးတဲ့ရုပ်ရှင်တွေ
ဆိုဖူးတဲ့သီချင်းတွေဟာ
ကိုယ့်ဘဝနဲ့သက်ဆိုင်လာလိမ့်မယ်လို့
အစကဘာဖြစ်လို့မတွေးခဲ့မိပါလိမ့်။

အခုတော့ အိပ်မက်ထဲမှာ
နေကြာပန်းခင်းကြီးတွေကို မကြာမကြာမြင်ရ
မြင်ရတိုင်း အထိတ်တလန့်အိပ်ယာကနိူး
ရေထသောက်လည်း ခြောက်ခြားဆဲ၊

ဘယ်ဇာတ်လမ်းမှာဖြစ်ဖြစ်
ဇာတ်သိမ်းခန်းက အရေးကြီးတယ်။
တဖြည်းဖြည်းကျလာတဲ့ကတ္တီပါကားလိပ်က
နေကြာပန်းခင်းကြီးကို ဖုံးအုပ်လိုက်တဲ့အခါ
ပင့်သက်ချရင်း ငါတွေးမိတယ်။
ဘဝကတော့ရုပ်ရှင်လို
ရုံပြင်ရောက်ရင်ပြီးမသွားဘူးလို့။ ။

နှင်းခါးမိုး

Wednesday, November 14, 2007

သူ့နွေဦးက ခါးခါးသီးသီး ဖူးပွင့်ခဲ့သတဲ့လား


ဘလော့ရေးရင်း သူငယ်ချင်းလေးတယောက် ကောက်ရခဲ့တယ်။ သူ့ဘလော့ ကိုယ့်ဘလော့ အပြန်အလှန် လည်ပတ်ဖတ်ရှုကြရင်း တရားမင်လို့ ပုဂ္ဂိုလ်ချင်းခင်ခဲ့ကြ။ နောက်တော့ နှစ်ဦးချင်း စာတွေ စကားတွေ အပြန်အလှန်ရေးဖြစ် ပြောဖြစ်ကြ။ အနုပညာအကြောင်း၊ နိုင်ငံရေးအကြောင်း၊ သူ့ဘ၀ ကိုယ့်ဘ၀အကြောင်း၊ တောအကြောင်း တောင်အကြောင်းပေါ့လေ။ သူငယ်ချင်းလေးနဲ့ မိုးပေါ်ကလက်ဖက်ရည်ဆိုင်မှာ မကြာခဏ ထိုင်ဖြစ်ခဲ့ကြ။

ဘာသာစကားတူသူချင်းမို့ ခင်မင်မှုကို အချိန်ကာလနဲ့ တိုင်းတာလို့မရနိုင်။
အခု ကျနော့်အတွက် ရေးဖြစ်တဲ့ကဗျာလေးတပုဒ် ပို့လာလို့ သူတောင်းဆိုတဲ့အတိုင်း ဘလော့မှာ တင်လိုက်ပါတယ်။ သူ့ဘလော့မှာ မတင်ဖြစ်တာ၊ သူ့နာမည် ထည့်မဖေါ်ပြလိုက်တာကတော့ သူ့စကားအတိုင်းပဲ မလိုလားအပ်တဲ့ မေးမြန်းစူးစမ်းမှုတွေ ရှိလာမှာ စိုးလို့ပါ။

မျဉ်းကြောင်းတွေ အရောင်တွေမပါ၊ စကားလုံးတွေနဲ့ ကောက်ခြစ်လိုက်တဲ့ အဲ့ဒီပုံတူကို စိုက်ကြည့်ရင်း အခြားလူတယောက်က ကိုယ့်အပေါ် ကြည့်မြင်နားလည်မှုအပေါ် တိတ်ဆိတ်စွာ ခံစားအနည်ကျနေမိခဲ့။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။


ပုံတူပန်းချီကားတစ်ချပ်


ဘ၀မှာ အလှပဆုံး ဂုဏ်ပုဒ်တစ်ခုက

ဘာလဲ လို့မေးခဲ့ရင်

အရုပ်ဆိုးဆိုး နံရံလေးဘက်ကြားက

တွားသွားခဲ့ရတဲ့ နုပျိုမှုတွေပဲရှိတယ်.. တဲ့။


အဲဒီဂုဏ်ပုဒ်ကြီးပဲ လည်ပင်းမှာဆွဲခဲ့ရ

အဲဒီဂုဏ်ပုဒ်ကြီးနဲ့ ဘ၀ကိုခြေရာတိုင်းသူတွေကြား

သူ့နှလုံးသားက ကြွပ်ဆတ်လာခဲ့တယ်

သူ့နွေဦးက ခါးခါးသီးသီး ဖူးပွင့်ရတယ်။


ယောင်္ကျားတစ်ယောက်ရဲ့ကြမ်းတမ်းမှုတွေနဲ့

ယောင်္ကျားတစ်ယောက်ရဲ့နူးညံ့မှုတွေနဲ့

နေကြာပန်းတွေ တခင်းလုံးဝါနေချိန်

လရောင်တခြမ်းကိုကြိတ်လွမ်းခဲ့ရ

အမှောင်ရိပ်ထဲက ညနေခင်းတွေရယ်…။


အနုပညာရဲ့သချိုင်း. တဲ့

ပင်လယ်ရေတစ်ပေါက် ဆက်သောက်

ယုံကြည်ချက်ပေါ် ခြေပစ်လက်ပစ်မှောက်ချဖို့

နှလုံးသားကိုတည့်တည့်တူးထားတဲ့

အဲဒီ ကျင်းနဖူးမှာမှ သူက တာစူနေပါသေးသတဲ့။ ။


ရေးသူ။ ။ ဘလော့သူငယ်ချင်းတဦး

Thursday, November 8, 2007

ဒီကနေ့အထိ ညနေခင်းတွေက ဒီအတိုင်းပဲ


အပြင်မှာကတည်းက ညနေခင်းတွေကို ခံနိုင်ရည်မရှိဘူး။ ညနေခင်းတွေက ကျနော့် အလွမ်းတံခါးကို ခေါက်တယ်။ ကြေးဝါသော့ခလောက်ကြီးတွေကို တဂျောင်းဂျောင်းနဲ့မြည်အောင် လိုက်စစ်တဲ့ တန်းပိတ်ချိန်ရောက်တိုင်း သံတန်းကို ကျစ်ကျစ်ဆုပ်ပြီး အုတ်ရိုးအသေးလေးဟိုဘက် တဖက်တိုက်တန်း ခေါင်းမိုးပေါ်က သရက်ပင်ကြီးတွေ၊ သရက်ပင်ကြီးနောက်က အလင်းဆုတ်နေတဲ့ မိုးကောင်းကင်နဲ့ အဲဒီမိုးကောင်းကင်နဲ့ သရက်ပင်ကြီးတွေပေါ် အိပ်တန်းလုနေတဲ့ ဆူဆူအာအာ သဲသဲရုတ်ရုတ်နဲ့ ကျီးအုပ်ကြီးတွေကို ငေးကြည့်နေတတ်ခဲ့တယ်။ ကြာတော့ ဒါက ကဗျာတပုဒ်အဖြစ် အရည်တည်ခဲ့။ ဒီမှာ ညနေခင်းဆိုတဲ့ကဗျာတပုဒ် လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က အခန်း လေး၊ ၅ တိုက်၊ အင်းစိန်အကျဉ်းထောင်ထဲမှာ ရေးဖြစ်ခဲ့တယ်။

၁၉၉၅ ကာလလောက်က သူငယ်ချင်းတွေနဲ့ စုလုပ်ဖြစ်ခဲ့တဲ့ ကမ်းရှာငှက် ကဗျာစာအုပ်မှာ ဒီကဗျာလေးအား စီစစ်ရေးကိုဖြတ်ပြိး ပုံနှိပ်ဖေါ်ပြနိုင်ခဲ့တယ်။ ရေးစဉ်က ညနေခင်းကို အဓိကခံစားပြီး ရေးဖွဲ့ခဲ့ပေမယ့် တကယ်က အကျဉ်းခန်းလေးထဲက ဘဝကို ထင်ဟပ်ခဲ့တာဖြစ်လို့ ခေါင်းစဉ်ကို ညနေခင်းအစား အခန်းလို့ ပြောင်းခဲ့တယ်။ နောက်တော့ ဆရာမောင်သာနိုးက သူ့ အင်္ဂလိပ်စာသင်တန်းတခုမှာ ဒီကဗျာလေးကို ဘာသာပြန်လေ့ကျင့်ခန်း တခုအဖြစ် ထည့်သွင်းဘာသာပြန်ခဲ့။ စာစောင်တခုမှာ ပါလာတုန်းက ဖတ်လိုက်ရပေမယ့် သိမ်းမထားဖြစ်ခဲ့။ အခု သူငယ်ချင်းတယောက်က တောင်းဆိုလို့ ဘလော့မှာ ဒီကဗျာလေးကို ပြန်တင်ပေးလိုက်ပါတယ်။ ညနေခင်းရဲ့အမှောင်ရိပ်တွေက ဘဝရဲ့တံစက်မြိတ်ပေါ် တွားသွားတက်လာစဉ်..။

အခန်း

ညနေဟာ
ကျီးကန်းတွေနဲ့ပြည့်နေတယ်။

အာသာမပြေသေးတဲ့နေရောင်က
သူ့ရဲ့ကျော်ကြားတဲ့ရွှေရောင်နဲ့
သရက်ပင်ကြီးကိုပွေ့ဖက်လို့
ခွဲရအုန်းတော့မယ်ပေါ့လေ။

အခုနေ
မြေကြီးပေါ်လမ်းလျောက်ရရင်
ဘယ်လောက်အရသာရှိလိုက်မလဲ။

ဒီနေ့အဖို့
နောက်ဆုံးသော့ခလောက်ပိတ်သံက
ငါ့ကို အိတ်တလုံးထဲကောက်ထည့်ခဲ့။

သူသာအနားမှာရှိရင်
စိတ်ကိုဆူးစူးသွားပြီလို့
တိုးတိုးလေးပြောမိအုန်းမယ်။

ညနေဟာ
ကျီးကန်းတွေနဲ့ပြည့်နေတော့တယ်။

နှင်းခါးမိုး

Saturday, November 3, 2007

ယမုံနာသောင်ကမ်းမှာ လရိပ်တခြမ်းကျနေခဲ့စဉ်

တောမြိုင်ခရီးကို နှင်လာကြတာ ခရီးရှည်ကြာလာတော့ မောင့်နှမက ခြေဖဝါးတော်နုနု သွေးခြေတော်ဥလို့ နွမ်းလျခွေယိုင်..၊ သည်မြိင်ယံမှာပဲ ချန်ထားရစ်ပါလေတော့လို့ အားလျော့ငိုယို မြပုဝါပတ် ခြေစုံရပ်တဲ့အခါ။
နှမရယ်.. ရှေ့တမျှော် ရွှေပြည်တော်နီးပြီမို့ စိုးရိမ်တော်ပို ဆွေးမငိုပါနဲ့ သည်တောသည်တောင်လမ်းမှာ မောင်ထမ်းကာ ခေါ်ပါ့မယ် စသဖြင့် မင်းသားနဲ့ မင်းသမီး အဆိုအငိုအကတွေနဲ့ နှစ်ပါးစုံ ကြာမုံယှက် လထွက်ကလေးနဲ့ နန္ဒာကန်ဘေးမှာ ရွှေရေးမြထပ် ဇာပုဝါပတ်တဲ့ ဇာတ်ဝင်ခန်းကို ဥပမာပေးပြီး ဆရာ ဦးသိန်းဖေမြင့်က အနုပညာသည် အနုပညာအတွက်ဆိုတာ ရှိတယ်၊ ကမ္ဘာ့စာပေမှာလည်း ရှိတယ်။ မြန်မာ့စာပေမှာလည်း ရှိတယ်လို့ ဝိုင်အမ်စီအေ စာပေဆွေးနွေးပွဲမှာ ဟောပြောခဲ့ဘူးတာ သတိရမိတယ်။ အနုပညာအတွက်နဲ့ ပြည်သူ့အတွက် ဂယက်တွေ ထခဲ့ကြဘူးတဲ့ ဆရာတတ်တိုးနဲ့ ဆရာဒဂုန်တာရာတို့က အဲဒီဆွေးနွေးပွဲ ရှေ့ခုံတန်းမှာ အတူထိုင်နားထောင်နေခဲ့ကြ။

နှစ်တွေလည်း ကြာခဲ့ပြီ။ သမိုင်းခေတ်သည်လည်း အတက်အဆင်း အကွေ့အကောက်ခရီးလမ်းပေါ်မှာ ဖြတ်သန်းခဲ့ပြီ။ ဖန်ခွက်သစ်နဲ့ အရက်ဟောင်းတွေလည်း သောက်ခဲ့ဘူးပြီ။ တချို့က အနုပညာမဲ့သွားကြ။ တချို့က အဘိဓမ္မာမဲ့သွားကြ။ တချို့ကတော့ ရှင်သန်ခြင်းပါမဲ့သွားကြ။ ဘဝဆိုတာ ဘာလဲ။ ဘဝအဓိပ္ပါယ်ဆိုတာ ဘာလဲ။ ဘဝနဲ့ လောက ဘယ်လိုပေါင်းစပ်ဖွဲ့စည်းသလဲ။ ထိုမေးခွန်းသည်ပင် အဘိဓမ္မာ။ ထိုမေးခွန်းသည်ပင် အနုပညာ မဟုတ်လား။ အခုတော့ ဒါတွေအားလုံး မိုးကုပ်စက်ဝိုင်းတခုတည်းအောက်မှာ အတူရှိနေခဲ့ကြ။ အဲဒီမိုးကုပ်စက်ဝိုင်းဟာ တောအုပ်တအုပ်ဆိုပါတော့။ လေးကိုတင်၍ တောကိုဝင်ကြပါလေ။
ထိုအချိန် လပြာရိပ်နုက ရေးရေးပျပျ..။

တောလမ်းခရီး

သည်တောက
နက်တယ်....
မုဆိုးလည်းပေါ
သားကောင်းလည်းပေါပါဘိ။

လမ်းမပေါက်ဘူး
စခန်းမထောက်ဘူး
နေပြောက်မထိုးဘူး
အော်သံတွေမှာ နာမည်ပါသလိုလို
သစ်ရိပ်တွေနောက်
တကောက်ကောက်လိုက်နေတဲ့မျက်လုံးများ
ကိုယ့်တောတိုးသံမှာ
ကိုယ်ပြန်ခြောက်ခြားကြရ။

သည်တောကို ဖြတ်ရမယ်
တလမ်းစာဖြစ်ဖြစ်
ခုတ်ထွင်ရှင်းလင်းကြရမယ်
တောခြောက်တိုင်း
လမ်းပျောက်နေလို့မဖြစ်ဘူးလေ။

လူမကွဲစေနဲ့
ခြေဦးတည့်ရာမသွားနဲ့
စွတ်ကြောင်းတွေနောက် ရမ်းမလိုက်နဲ့
ရေအိုင်တွေမှာ ထောင်ချောက်တွေနဲ့
သားကောင်က ခြေရာဖျောက်တယ်
မုဆိုးက လင့်စင်ဆောက်တယ်
လန့်လန့်ပြီးထပျံတဲ့ငှက်တွေကြောင့်
တို့ခရီး နှောင့်ရတယ်။

သည်တောက
နက်တယ်...
သားကောင်နဲ့ မုဆိုး
ကံကြမ္မာက အတူတူပဲ။

နှင်းခါးမိုး