Thursday, November 8, 2007

ဒီကနေ့အထိ ညနေခင်းတွေက ဒီအတိုင်းပဲ


အပြင်မှာကတည်းက ညနေခင်းတွေကို ခံနိုင်ရည်မရှိဘူး။ ညနေခင်းတွေက ကျနော့် အလွမ်းတံခါးကို ခေါက်တယ်။ ကြေးဝါသော့ခလောက်ကြီးတွေကို တဂျောင်းဂျောင်းနဲ့မြည်အောင် လိုက်စစ်တဲ့ တန်းပိတ်ချိန်ရောက်တိုင်း သံတန်းကို ကျစ်ကျစ်ဆုပ်ပြီး အုတ်ရိုးအသေးလေးဟိုဘက် တဖက်တိုက်တန်း ခေါင်းမိုးပေါ်က သရက်ပင်ကြီးတွေ၊ သရက်ပင်ကြီးနောက်က အလင်းဆုတ်နေတဲ့ မိုးကောင်းကင်နဲ့ အဲဒီမိုးကောင်းကင်နဲ့ သရက်ပင်ကြီးတွေပေါ် အိပ်တန်းလုနေတဲ့ ဆူဆူအာအာ သဲသဲရုတ်ရုတ်နဲ့ ကျီးအုပ်ကြီးတွေကို ငေးကြည့်နေတတ်ခဲ့တယ်။ ကြာတော့ ဒါက ကဗျာတပုဒ်အဖြစ် အရည်တည်ခဲ့။ ဒီမှာ ညနေခင်းဆိုတဲ့ကဗျာတပုဒ် လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က အခန်း လေး၊ ၅ တိုက်၊ အင်းစိန်အကျဉ်းထောင်ထဲမှာ ရေးဖြစ်ခဲ့တယ်။

၁၉၉၅ ကာလလောက်က သူငယ်ချင်းတွေနဲ့ စုလုပ်ဖြစ်ခဲ့တဲ့ ကမ်းရှာငှက် ကဗျာစာအုပ်မှာ ဒီကဗျာလေးအား စီစစ်ရေးကိုဖြတ်ပြိး ပုံနှိပ်ဖေါ်ပြနိုင်ခဲ့တယ်။ ရေးစဉ်က ညနေခင်းကို အဓိကခံစားပြီး ရေးဖွဲ့ခဲ့ပေမယ့် တကယ်က အကျဉ်းခန်းလေးထဲက ဘဝကို ထင်ဟပ်ခဲ့တာဖြစ်လို့ ခေါင်းစဉ်ကို ညနေခင်းအစား အခန်းလို့ ပြောင်းခဲ့တယ်။ နောက်တော့ ဆရာမောင်သာနိုးက သူ့ အင်္ဂလိပ်စာသင်တန်းတခုမှာ ဒီကဗျာလေးကို ဘာသာပြန်လေ့ကျင့်ခန်း တခုအဖြစ် ထည့်သွင်းဘာသာပြန်ခဲ့။ စာစောင်တခုမှာ ပါလာတုန်းက ဖတ်လိုက်ရပေမယ့် သိမ်းမထားဖြစ်ခဲ့။ အခု သူငယ်ချင်းတယောက်က တောင်းဆိုလို့ ဘလော့မှာ ဒီကဗျာလေးကို ပြန်တင်ပေးလိုက်ပါတယ်။ ညနေခင်းရဲ့အမှောင်ရိပ်တွေက ဘဝရဲ့တံစက်မြိတ်ပေါ် တွားသွားတက်လာစဉ်..။

အခန်း

ညနေဟာ
ကျီးကန်းတွေနဲ့ပြည့်နေတယ်။

အာသာမပြေသေးတဲ့နေရောင်က
သူ့ရဲ့ကျော်ကြားတဲ့ရွှေရောင်နဲ့
သရက်ပင်ကြီးကိုပွေ့ဖက်လို့
ခွဲရအုန်းတော့မယ်ပေါ့လေ။

အခုနေ
မြေကြီးပေါ်လမ်းလျောက်ရရင်
ဘယ်လောက်အရသာရှိလိုက်မလဲ။

ဒီနေ့အဖို့
နောက်ဆုံးသော့ခလောက်ပိတ်သံက
ငါ့ကို အိတ်တလုံးထဲကောက်ထည့်ခဲ့။

သူသာအနားမှာရှိရင်
စိတ်ကိုဆူးစူးသွားပြီလို့
တိုးတိုးလေးပြောမိအုန်းမယ်။

ညနေဟာ
ကျီးကန်းတွေနဲ့ပြည့်နေတော့တယ်။

နှင်းခါးမိုး

No comments: