Sunday, August 10, 2008

စကားလက်ဆောင်

လူ့ဘ၀ရဲ့
ညအသင်္ချေမှာ
အိပ်မက်နှောက်ယှက်မှုကင်းတဲ့
အိပ်စက်ခြင်းဆိုတာ
ဘယ်ခါကမှ မရှိခဲ့ပါ။

သေခြင်းရဲ့အဆုံးစွန်
တမလွန်ရှိသည်ဆိုလျင်
ငါ့ရဲ့သေဆုံးခြင်းဟာ
အလင်းရောင်သစ္စာရှာတဲ့
ကဗျာဆရာဟိုးမားတို့နှင့်
သွားရောက်တွေ့ဆုံဆွေးနွေးခြင်းပင်၊

သေခြင်းရဲ့အဆုံးစွန်
တမလွန်မရှိဘူးဆိုလျင်
ငါ့ရဲ့သေဆုံးခြင်းဟာ
အိပ်မက် အနှောက်အယှက်ကင်းတဲ့
အိပ်စက်ခြင်းပင်။

သေရမှာကို
ငါဘယ်လိုမှ မကြောက်တကား၊

ငါကြောက်တာက
ကိုယ်ယုံကြည်တာကို အချိုးဖျက်ခံပြီး
ပြောရေးဆိုခွင့်မဲ့စွာအသက်ရှင်နေရမယ့်
သီလကြောင်ဒီလောကရဲ့
နေ့ လ ရက်များ။ ။

အောင်ချိမ့်

တနေ့က သူငယ်ချင်းတယောက်နဲ့ အိပ်မက်အကြောင်း စကားစပ်မိရာကနေ ဒီကဗျာလေးကို သွားသတိရမိပါတယ်။ မြန်မာမော်ဒန်ခေတ်ဦးက ၁၉၇၀ နှောင်းပိုင်း မိုးဝေစာပေမဂ္ဂဇင်းမှာ ဖတ်ခဲ့ဘူးတဲ့ ကဗျာလေးပါ။ ကဗျာတွေကို အလွတ်ရလေ့မရှိတဲ့ ကျနော်ဟာ ဒီကဗျာကိုတော့ စိတ်ထဲ စွဲမြဲနေခဲ့ပါတယ်။ ကျနော့်ရဲ့ အလုပ်လမ်းညွုန်ကဗျာလို့ဆိုလည်း မမှားပါဘူး။

6 comments:

ATN said...

တခါမှ မဖတ်ဖူးဘူးဗျ။
အသံမှာ အောင်ချိမ့်ဆိုတာ မှတ်သားဖူးတယ်။
ကိုဝေလင်း ဝေမျှပေးတာ ကျေးဇူးပါ။
အားလုံးရဲ့ အလုပ်လမ်းညွှန်လည်း ဖြစ်ရမှာပါ။

pandora said...

တခါတခါ အိပ်မက်လား တကယ်လား မကွဲဘူးလေ။ မနိုးမချင်းတော့ အိပ်မက်လို့ပဲ မှတ်ပါတယ်။

tin min htet said...

ကျေးဇူးပါပဲ၊ ကျွန်တော် အကြိုက်ဆုံးကဗျာဆရာထဲမှာ အောင်ချိမ့် ပါပါတယ်။

တန်ခူး said...

စိတ်ထဲစွဲမြဲနေလောက်အောင်လဲ ကောင်းပါပေတယ်… မျှဝေပေးတာ ကျေးဇူးပါ…

Kaung Kin Ko said...

ဆရာ အောင်ချိမ့်ရဲ့  ကဗျာလာဖတ်သွားပါတယ်

Moe Cho Thinn said...

ကိုဝေလင်းရေ
ကဗျာလေး ဝေမျှပေးလို့ ကျေးဇူးပါ။ ဦးရေးတာ ကောင်းလိုက်တာ။ ဘယ်တုန်းက ရေးခဲ့ ကဗျာလဲဆိုတာ သိရင် ကောင်းမှာနော်။
အခုမှ ဒီဘလော့ဂ်လေး ရောက်ဖူးပါတယ်။ အဖေ့ပုံတွေ့လို့ အံ့သြသွားတယ်။ အဖေနဲ့ ခင်တယ် ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။