ဝေလင်း
လွန်ခဲ့သော အနှစ် ၂၀က မြန်မာလူထုသည် အောင်ပွဲခံခဲ့ကြသည်။ သည်တုန်းက အတိုက်အခံလည်း မရှိ၊ လူထုခေါင်းဆောင်လည်း မရှိ၊ ရွေးကောက်ခံပါတီလည်း မရှိ၊ အဝေးရောက် အစိုးရလည်း မရှိ၊ ပြည်ပ မီဒီယာလည်း မရှိ၊ ဒိုနာလည်း မရှိ။ ခါးစည်းခံနေရသည့် ဒုက္ခတွေကို ကုလသမဂ္ဂကလည်း မသိ၊ လုံခြုံရေးကောင်စီကလည်း မသိ၊ နိုဘယ်ဆု ကော်မတီကလည်း မသိ။ ရာဇလီလည်း မရှိခဲ့၊ ဂမ်ဘာရီလည်း မရှိခဲ့။ ကိုယ့်ခံစားချက်နဲ့ကိုယ် လူထုတရပ်လုံး အိမ်ပြင် ထွက်ခဲ့ကြသည်။ လယ်သမားတွေက မြို့ပေါ် တက်လာသည်။ အလုပ်သမားတွေက စက်ရုံအလုပ်ရုံတွေထဲက ထွက်လာသည်။ ၀န်ထမ်းတွေက ရုံးထဲက ထွက်လာသည်။ ကျောင်းသားတွေက ကျောင်းဝင်းအပြင် ထွက်လာသည်။ ယူနီဖောင်းဝတ်တွေပင် လူထုရှေ့က အလံကိုင်ခဲ့ကြသည်။ လူထုသည် ငြိမ်းချမ်းစွာ၊ စည်းကမ်းပြည့်စွာ၊ အင်အားရှိစွာဖြင့် လွန်ခဲ့သော အနှစ်၂၀က အောင်ပွဲခံခဲ့ကြသည်။
ထိုအချိန်က နိုင်ငံရေးလုပ်ခွင့်လိုင်စင်ကို လမ်းစဉ်ပါတီက ကိုင်ထားသည်။ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်။ မိတ်ဆွေ၊ အရံ၊ တင်းပြည့်။ ကလပ်စည်း၊ အမြုတေ၊ ကေဒါ။ ယူနစ်၊ ဒေသ၊ ဗဟို။ နိုင်ငံရေး တက္ကသိုလ်၊ ညီလာခံ ဆုံးဖြတ်ချက်၊ ဥက္ကကြီး စသည်တို့မှာ ကျနော်တို့ နေ့စဉ် ထိတွေ့နေရသော နိုင်ငံရေး စကားလုံးများ ဖြစ်သည်။ စီးပွားရေးက သကြားလုံးကအစ တန်းစီဝယ်ရသည့် ဆိုရှယ်လစ်စီးပွားရေးစံနစ်ဖြစ်သည်။ ရွှေဝါဆပ်ပြာကို မှိုတက်ခပေါင်းနှင့် တွဲရောင်းသည့် စီးပွားရေး၊ သမ၀ါယမဆိုင်တွေမှာ ဆီစာအုပ်ကို ပေါင်စားရသည့် စီးပွားရေး ဖြစ်သည်။
ပေတရာလမ်းပေါ်ရောက်သောအခါ ဒါတွေသည်ပင် ကြွေးကြော်သံတွေ ဖြစ်လာသည်။ တပါတီစံနစ် ဖျက်သိမ်းပစ်၊ ပါတီစုံစံနစ် ပေါ်ထွန်းရေး ဒို့အရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေး ဒို့အရေး။ အာဏာရှင်စံနစ် ကျဆုံးပါစေ။
ထိုအချိန်က နိုင်ငံမှာ သမတကြီးရှိသည်။ ဥက္ကဌကြီးရှိသည်။ နိုင်ငံတော်ကို ပါတီက ဦးဆောင်သောအခါ အရာရာကို ဥက္ကဌကြီးက ဆုံးဖြတ်သည်။ ဥက္ကဌကြီးသည် ၁၉၆၂ အာဏာသိမ်းသူ၊ နိုင်ငံကို ၂၆ နှစ်လုံးလုံး ယူနီဖောင်းဝတ်လိုက်၊ ရင်ဖုံးတိုက်ပုံနှင့် မောင့်ကျတ်သရေ ခေါင်းပေါင်းဆောင်းလိုက်ဖြင့် အုပ်ချုပ်လာသူ။ သည်အာဏာရှင်ကြီး ကျဆုံးပါစေဟု ကြွေးကြော်ခဲ့ကြသည်။
အာဏာရှင်ကြီးသည် သူ့နိုင်ငံရေး ဇာတ်သိမ်းကို သူသိပုံရသည်။ သူသည် မြင်းသမားပီပီ ရှုံးမဲမဲသည်။ တိုင်းပြည်ကို ၀င်ခတ်လည်း ခတ်၊ ထွက်ခတ်လည်း ခတ်သည်။ အချိန်နှင့်အညီ လိုအပ်လာသော အပြောင်းအလဲကို တည်တည်ငြိမ်ငြိမ် နိုင်နိုင်နင်းနင်းဖြစ်အောင် ထိန်းကျောင်းပေးခဲ့ရမည့်အစား စစ်တပ်နှင့် လူထုကို ရန်တိုက်ပေးခဲ့သည်။ သူမွေးသည့်မျောက် သူပြန်ချောက်မှာစိုးကာ သူထောင်ခဲ့သည့် ပါတီကို သူကိုယ်တိုင် အကြင်နာကင်းမဲ့စွာ ဖျက်ပစ်လိုက်သည်။
လူထုမုန်းသည်သူကို အရင်တင်ကာ လူထုကို ထိပ်တိုက်တိုက်သည်။ မဟန်တော့ သူ့ပညာဖြင့် သူ့နိုင်ငံကို အခွင့်အရေးရတုန်း တခုခုတော့ လုပ်ပေးသွားချင်သည့် ပညာတတ်တယောက်ကို အသုံးချကာ လူထုကို လှည့်စား အချိန်ဆွဲသည်။ အင်အားစုအားလုံး ပါဝင်သည့် ကြားဖြတ်အစိုးရ တရပ်ဖြင့် တိုင်းပြည်ကို အကောင်းဆုံး ထွက်ပေါက်ယူကာ လူထု၏ အမြင့်မားဆုံးသော နိုင်ငံရေးဒီရေပေါ် အမျိုးသား ညီညွတ်ရေးအလံ ထူရမည့်အစား တန်ပြန်သပိတ် လှုပ်ရှားမှုများဖြင့် မင်းမဲ့စရိုက် ခေါင်းစည်းထိုးကာ လူထုသွေးဖြင့်ခင်းသည့် လမ်းပေါ်မှ စစ်ကားများကို ဖြတ်မောင်းခိုင်းပြီး လူထုနှင့် စစ်တပ်ကြား ကမ္ဘာမကြေဘူး ရန်စကို ကြိုးအခွေလိုက် ချထားပစ်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် မြန်မာ့သမိုင်းမှာ တပါတီစံနစ် ကျဆုံးသွားသည်။ ဆိုရှယ်လစ်စီးပွားရေး ကျဆုံးသွားသည်။ တိုင်းပြည်ကို မထိန်းကျောင်းနိုင်သည့် အခြေခံဥပဒေတခု စာရွက်စုတ် ဖြစ်သွားသည်။ ဒါကို ဘယ်သူမှ မငြင်းနိုင်။ ငြင်းခုန်ဖွယ်ရာ ဖြစ်လာသည်မှာ တိုင်းပြည် ဘာ့ကြောင့် ပိုကောင်းမွန်မလာသလဲ ဆိုသည့်ကိစ္စဖြစ်သည်။
တကယ်တော့ စစ်တပ်နှင့် အန်အယ်ဒီသည် တိုင်းပြည်၏ တကယ့်ပြသနာ အရင်းအမြစ်မဟုတ်ပါ။
လူထု၏ အထွေထွေမကျေနပ်မှုများကြောင့် အရေးအခင်းကြီး ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။ အရင်းစစ်လျင် ထိုအချိန်က တိုင်းပြည်၏ ဆုတ်ယုတ် ပျက်ပြားခဲ့သော စီးပွားရေး ပြသနာသာလျင် ထိုအထွေထွေမကျေနပ်မှုကြီး မြစ်ဖျားခံရာ အမှန်ဖြစ်ပါသည်။ ထိုအခါ ထိုသို့ စီးပွားရေး ဆုတ်ယုတ် ပျက်ပြားရခြင်းမှာ ထိုပါတီ ထိုစံနစ်၌ တာဝန်ရှိသည်ဟု လူထုက ဝေဖန်ပိုင်းဖြတ်သည်။ ထို့ကြောင့် ထိုပါတီ ထိုစံနစ်ကို ၂၆ နှစ်ကျော် သည်းခံ ပေါင်းသင်းခဲ့ပြီးကာမှ မခံရပ်နိုင်သည့်အဆုံး ကျောပေါ်မှ ခါချလိုက်ခြင်းဖြစ်သည်။ သိုသော် ပိုမိုကောင်းမွန်သည့် အခြေအနေတရပ် ရသင့်ပါလျက် ယနေ့အထိ လူထုခမျာ မရခဲ့ရှာ။ တပါတီစံနစ်လည်း မရှိတော့။ ဆိုရှယ်လစ်စီးပွားရေး စီမံကိန်းတွေလည်း မရှိတော့။ လက်ရှိ နိုင်ငံ့အာဏာ ကိုင်စွဲထားသူတွေ ကိုယ်တိုင်က ဈေးကွက်စီးပွားရေး၊ ဒီမိုကရေစီ၊ ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်သစ် စသည်ဖြင့် ကြွေးကြော် လုပ်ကိုင်နေပါလျက် ဘာ့ကြောင့် အခြေအနေတွေက ယခင်ထက် ယခု ပိုမို ဆိုးဝါးနေရသနည်း။ ဝေဖန်ပိုင်းဖြတ်မှု အမျိုးမျိုး၊ အပြန်အလှန်စွပ်စွဲမှု အမျိုးမျိုးသည် ယနေ့တိုင်းပြည်၏ နိုင်ငံရေးပြသနာ အသွင်ဆောင်လာခဲ့တော့သည်။
ဆေးပညာတွင် ရောဂါကို ကုရမည့်အစား ရောဂါလက္ခဏာကိုသာ ကုသတတ်သည့် အမှားမျိုး ရှိသည်ဟု ကြားဘူးသည်။ ချုပ်ငြိမ်းသွားသော အာဏာရှင်စံနစ်၏ ထွက်ခတ်ခတ်ခဲ့သော ပယောဂအခံဖြင့် တိုင်းပြည်၏ အမျိုးသားအင်အားစုအားလုံးသည် ရောဂါလက္ခဏာကိုသာ ရောဂါအမှတ်ဖြင့် အနှစ် ၂၀ ကြာ မှားယွင်းကုသနေမှုသည် ယခုအခါ လူနာအသက်ကို ထိခိုက်နိုင်သည်အထိ အန္တရယ်ရှိနေပြီဟု သတိရသင့်ပါသည်။ ( ဟိုဘက် ဒီဘက် သူ့ဆေးမြီတို၊ ကိုယ့်ဆေးမြီတိုတို့ဖြင့် လက်လွန်ခြေလွန်တွေလည်း ဖြစ်ခဲ့ကြပါပြီ)
တပါတီအာဏာရှင်စံနစ် ချုပ်ငြိမ်းသွားသောအခါ မြန်မာ့နိုင်ငံရေးတွင် လေဟာနယ်ကြီး တခု ဖြစ်ကျန်ခဲ့သည်။ ထိုလေဟာနယ်ကြီးကို စီမံခန့်ခွဲရန် အခွင့်သည် သူတို့တွင်ရှိသည်ဟု အရေးအခင်းကြီး၏ ဦးဆောင် အင်အားစုများက ထိုအချိန်က ယုံမှတ်ခဲ့ကြ၏။ လူထုကလည်း သူတို့ကို အခွင့်အရေး ပေးကြည့်ချင်စိတ် အပြည့်ရှိခဲ့သည်။ သို့သော် လက်တွေ့၌မူ ထိုအင်အားစုများသည် မတည်ငြိမ်၊ မသဲကွဲခဲ့သေး။ ထို့နောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေး အခွင့်အခါများကို ထိထိမိမိ မဆုပ်ကိုင်နိုင်ခဲ့ခြင်းက ထိုအချက်ကို ထင်ရှားစေခဲ့သည်။
တဘက်တွင်လည်း တိုင်းပြည်၏ အရေးကြီးသော အချိုးအကွေ့ကို မိမိတို့သာ ထိန်းကျောင်းနိုင်သည်ဟု စွဲမှတ်နေသည့် နိုင်ငံ၏ တခုတည်းသော လက်နက်ကိုင် အင်အားစုကြီးဖြစ်သည့် စစ်တပ်ကလည်း ထိုလေဟာနယ်ကို စီမံခန့်ခွဲရန် သူတို့၌သာ အခွင့်ရှိသည်ဟု တထစ်ချ ခံယူထားကြသည်။ အားလုံးပေါင်းကာ စီမံခန့်ခွဲလျင် ပို၍ကောင်းသည်ဟု သိမြင်သင့်ပါလျက် ဇာတ်သိမ်းမကောင်းသူ အာဏာရှင်ကြီးတိုက်ခဲ့သည့် ကျိန်စာ မီးကြွင်းကြောင့် ရန်ငြိုးကြိုးခွေ တငွေ့ငွေ့ လောင်ကာ လေဟာနယ်ကို ပြဿနာများဖြင့် လောင်စာ ဖြည့်ခဲ့မိကြသည်။ ရောဂါလက္ခဏာများ ထူပြောကာ ဆေးမြီတိုများဖြင့် နေမြင့်ခဲ့ကြသည်။
လွန်ခဲ့သည့် အနှစ်၂၀က မူလရောဂါကြီးကမူ တနေ့တခြား ပိုလို့ဆိုးဝါးလာလေသည်။
အားလုံးကို ဖယ်ရှားကြည့်လိုက်စမ်းပါ။ ဒီမိုကရေစီကိုလည်း ဖယ်ကြည့်ပါ။ ပုဆိန်ရိုးကိုလည်း ဖယ်ကြည့်ပါ။ ဖက်ဒရယ်ကိုလည်း ဖယ်ကြည့်ပါ။ ပြည်ထောင်စု မပြိုကွဲရေးကိုလည်း ဖယ်ကြည္ခ့်ပါ။ စစ်အာဏာရှင်စံနစ်ကိုလည်း ဖယ်ကြည့်ပါ။ အမျိုးသားသစ္စာဖောက်ကိုလည်း ဖယ်ကြည့်ပါ။ အနာဂတ်နိုင်ငံရေး ဦးဆောင်မှုကိုလည်း ဖယ်ကြည့်ပါ။ လုံခြုံရေးကောင်စီကိုလည်း ဖယ်ကြည့်ပါ။ ဒီနာတာရှည် လူမမာကြီးရဲ့ ရောဂါအမှန်က ဘာလဲ။ တိုင်းပြည်စီးပွားရေး ဖြစ်ပါသည်။ လူထုခံစားနေရသော စီးပွားရေးဒုက္ခ ဖြစ်ပါသည်။ ထိုဒုက္ခ ထိုရောဂါကို ပျောက်ကင်းသက်သာအောင် လုပ်ရေးသည်သာ တိုင်းပြည်၏ တခုတည်းသော ဒီနေ့ နိုင်ငံရေးပြဿနာဖြစ်သည်။ လမ်းပြမြေပုံသည် လူနာကို ဆေးရုံတင်ရမည့်အစား ဆံပင်ကောက်ဆိုင် ပို့သည်နှင့် တူနေလေသည်။ အနှစ် ၂၀ အစိုးရ လုပ်ခဲ့ဘူးသည့် အတွေ့အကြုံအရ အနာဂတ် နိုင်ငံရေးဦးဆောင်မှု နေရာကို စာရွက်ပေါ် ရေးထားသည့် ဥပဒေဖြင့် မရနိုင်ကြောင်း သိသင့်ပါသည်။ လူထု၏ ဟောင်းလောင်းဖြစ်နေသာ အစာအိမ်ထဲ၌ သင်တို့အတွက် ထောက်ခံမဲ မရှိပါ။
ယနေ့လူထုသည် လွန်ခဲ့သော အနှစ် ၂၀ က လူထုနှင့် မျိုးဆက်တဆက် ကွာချင်ကွာမည်။ လိုအပ်ချက်က မပြောင်းလဲလျင် သူတို့လိုအင်လည်း ပြောင်းလဲလိမ့်မည် မဟုတ်။ အထွေထွေ အကြပ်အတည်းများက သူတို့ပိုင်းဖြတ်ချက်ကို ပြဌာန်းပေးလာသော တနေ့တွင် လူထုသည် လုံခြုံရေးကောင်စီထက် ပိုမို အင်အားရှိကြောင်း မမေ့သင့်ပါ။ လူထုအကျိုးစီးပွားကို လစ်လျုရှုသော တနည်း လူထုပါးစပ်ပေါက်ကို မြက်ခြောက်ဝါးခိုင်းသော မည်သည့် စီမံခန့်ခွဲမှုမဆို တပါတီ အာဏာရှင်စံနစ် အလွန် မြန်မာ့နိုင်ငံရေး လေဟာနယ်ထဲတွင် မြေပုံကိုင်သွားသော်လည်း လမ်းပျောက်နေပါလိမ့်အုန်းမည်။
2 comments:
ကိုဝေလင်းပြောတာ ကျနော် လုံးဝ သဘောတူတယ်။
ကြားစရာနား ရှိသောသူ မည်သည်ကား ကြားပါစေ။ ဖတ်စရာ မျက်လုံး ရှိသမျှသောသူများ နားလည်ကြပါစေ။
အားလုံးကို ဖယ်ရှားကြည့်လိုက်စမ်းပါ။ ဒီမိုကရေစီကိုလည်း ဖယ်ကြည့်ပါ။ ပုဆိန်ရိုးကိုလည်း ဖယ်ကြည့်ပါ။ ဖက်ဒရယ်ကိုလည်း ဖယ်ကြည့်ပါ။ ပြည်ထောင်စု မပြိုကွဲရေးကိုလည်း ဖယ်ကြည္ခ့်ပါ။ စစ်အာဏာရှင်စံနစ်ကိုလည်း ဖယ်ကြည့်ပါ။ အမျိုးသားသစ္စာဖောက်ကိုလည်း ဖယ်ကြည့်ပါ။ အနာဂတ်နိုင်ငံရေး ဦးဆောင်မှုကိုလည်း ဖယ်ကြည့်ပါ။ လုံခြုံရေးကောင်စီကိုလည်း ဖယ်ကြည့်ပါ။ ဒီနာတာရှည် လူမမာကြီးရဲ့ ရောဂါအမှန်က ဘာလဲ။ တိုင်းပြည်စီးပွားရေး ဖြစ်ပါသည်။ လူထုခံစားနေရသော စီးပွားရေးဒုက္ခ ဖြစ်ပါသည်။ ထိုဒုက္ခ ထိုရောဂါကို ပျောက်ကင်းသက်သာအောင် လုပ်ရေးသည်သာ တိုင်းပြည်၏ တခုတည်းသော ဒီနေ့ နိုင်ငံရေးပြဿနာဖြစ်သည်။
မှန်လိုက်တာဗျာ
Post a Comment