Monday, September 15, 2008

ချစ်ခြင်းရဲ့ပုလွေသံကလေး

အသက် ၈၀ ကျော် အဖွားအိုတဦးက ငယ်တုန်းက ချစ်ပုံပြင်ကို ပြန်ပြောရင်း မျက်ရည်ကျတဲ့ အခန်းနဲ့ ဇာတ်သိမ်းလိုက်တဲ့အခါ အတ္တလန်တိတ် သမုဒ္ဒရာအောက်က ဇာတ်ခုံကြီးတခုံ ပြန်လည် နိုးထလာခဲ့ဖူးတယ်။ အခုနေတဲ့ ဥရောပမြောက်ပိုင်း ဆိပ်ကမ်းမြို့ကလေးကနေ ကမ်းခြေကို ရိုက်ခတ်လာတဲ့ ရေလှိုင်းကလေးတွေထဲ ခြေထောက်တွေကို နှစ်ရင်း ရေပြင်အဝေးတနေရာမှာ တရွေ့ရွေ့ လှော်ခတ်သွားလာနေတဲ့ ပုလေသံကလေးကို ကျနော် မြင်ယောင်ကြည့်မိပါတယ်။
ဒီကဗျာကို ဘလော့မှာ တင်ပြီးပြီလို့ ထင်ခဲ့တာပါ။ ဒီည ပြန်ဖတ်ရင်း မတွေ့တော့မှ ဖိုင်ကြိုဖိုင်ကြားမှာ ပြန်ရှာခဲ့ရတယ်။ ဒါကော နုစဉ်တုန်းကလားလို့ မေးရင် မကျတ်တကျတ်တုန်းကလို့ ဖြေရမှာပဲ။ ဆိုတော့ ခုကော ကျတ်ပြီလားဆိုတော့... ဟင့်အင်း ချက်တုန်းပြုတ်တုန်းပါပဲဗျာ။

တိုက်တန်းနစ်
နှင်းခါးမိုး

၁၊က၊

ဒီသဘောၤကြီးပေါ်မှာပဲ
တွေ့ခဲ့ကြ
ချစ်ခဲ့ကြ၊

ဒီသဘောၤကြီးပေါ်မှာပဲ
ပြေးခဲ့ကြ ပုန်းခဲ့ကြ
မျက်လုံးတွေကို ရှောင်ကွင်းခဲ့ကြ၊

ဒီသဘောၤကြီးပေါ်မှာပဲ
ကခဲ့ကြ
မျက်ရည်ကျခဲ့ကြ
မျက်လုံးတွေစုံမှိတ်ပြီး
လေမှာစိတ်ကိုဆန့်တန်း
တောင်ပံယှက်ပျံသန်းခဲ့ကြ၊

ဒီတုန်းကတော့
ဒီသဘောၤကြီးဟာ
ဒီရေပြင်ကျယ်ကြီးထဲ
ဒီလို နစ်မြုပ်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူး။

ကံကြမ္မာကရက်စက်တယ်
လူနှစ်ယောက်မှ ပျဉ်ပြားတချပ်ပဲပေးတယ်
လူနှစ်ယောက်မှ ရှင်သန်ခြင်းတခုပဲပေးတယ်
ချစ်သူနှစ်ယောက်မှာ
တယောက်ကိုတယောက်က ထားရစ်ခဲ့ခိုင်းတယ်။

လက်ဆုပ်ကိုဖြေ
သွားခွင့်ပေးလိုက်ရပေါ့
မင်းနစ်သွားတဲ့ရေပြင်ကြီးက နက်ရှိုင်းလွန်းလှ
မင်းအချစ်က ဒီထက်ပိုနက်ရှိုင်းတယ်
မင်းပေးခဲ့တဲ့ရှင်သန်မှုနဲ့အတူ
တဘဝလုံးငါ့မှာနစ်မြုပ်ရပေအုန်းမယ်။

၃၊

ဘယ်တော့မှမနစ်မြုပ်နိုင်ဘူးလို့
ကြွေးကြော်ခဲ့သူတွေ သတိထား
မျောနေတဲ့ရေခဲတုံးကြီးတွေဆိုတာ
မြေပုံအညွုန်းထဲမှာ မပါဘူး
ကံကြမ္မာနဲ့သာတိုးမိရင်
တိုက်တန်းနစ်ကြီးလည်းရင်ကွဲရတယ်။

၁၊ ခ၊

ဟောဒီရေအောက်က
နွံဖုံး သံချေးတက် ကိုယ်ထည်ကြီးဟာ
တခါက မီးထိန်ထိန်လင်းခဲ့တဲ့
ရေပေါ်ဇာတ်ခုံကြီးတခုံပါ
အခုတော့
ပုံပြင်တွေအေးခဲနေတဲ့ရေပြင်ကျယ်ကြီးထဲ
တရွေ့ရွေ့လှော်ခတ်သွားလာနေတာ
ချစ်ခြင်းရဲ့ပုလွေသံကလေး။ ။

5 comments:

ညိမ်းညို said...

ဆရာ
ကဗျာအသစ်လာဖတ်ပါတယ်။
အားမနာ ပါးမနာထပ်ပီးတော့ တောင်းဆိုလိုက်ဦးမယ်
မကျက်တကျက်တုန်းက ကဗျာတွေကိုလဲ ပြန်တင်ပေးပါဦးဆရာ :)

Anonymous said...

"ချစ်ခြင်းရဲ့ပုလွေသံကလေး" ကိုလာရောက် ခံစား
သွားပါကြောင်း၊

တန်ခူး said...

အရမ်းနာမည်ကြီးတဲ့ တိုက်တန်းနစ်ကားကို မကြိုက်ခဲ့ဘူး… ဒါပေမယ့် ဒီကဗျာလေးက တိုက်တန်းနစ်ရုပ်ရှင်တဲ့ ကောင်းနေပါရောလား… တကယ်တော့ ဒီကဗျာဖတ်ပြီးမှ ရုပ်ရှင်ကြည့်သင့်တာ… ချစ်ခြင်းရဲ့ပုလွေသံလေးကတော့ လှော်ခတ်နေတုန်းဆိုတော့…. အင်း… ကိုဝေလင်းလဲ ချက်တုန်းပြုတ်တုန်းပေါ့…

ကလိုစေးထူး said...

ဒီကဗျာကို ရေးတုန်းက အကို အသက်ဘယ်လောက်ရှိပြီလဲတော့ မသိဘူး။ အခု ပြန်ဖတ်ရတာတော့ အတော်နုပျိုနေသလိုပဲ...ဟီးး။

Kaung Kin Ko said...

ကဗျာလေး ခံစားသွားတယ်ဗျာ