Tuesday, May 12, 2009

ပန်းစိုက်တဲ့မိုးရေစက်



သူများလို
စကားလုံးကြီးတွေ
ထူထူထဲထဲ မြည်သံစွဲကြီးတွေမပါ
“ကိုယ့်အသက်ကလေးကိုယ် ကြံဖန်မွေးရအောင်လို့
ရောက်လာတာပါ”တဲ့။

ရောက်တော့လည်း ရောက်သလို
မြင်တော့လည်းမြင်သလို
ကြည်ကြည်လင်လင် သူစီးဆင်းခဲ့တယ်၊

ခုတော့ ခမျာ
ခြေတလှမ်းနောက်ကျခဲ့ရ။
ပူပူပန်ပန်ဆုပ်ကိုင်ထားရက်က
အမှတ်တမဲ့ လွတ်ထွက်သွားခဲ့ပေါ့
သူ့အသက် သူ့လက်ထဲက။

မမြင်ရတဲ့တန်းစီဇယားထဲ
ငါ့ရှေ့က ငါ့သူငယ်ချင်းများ
ငါတို့ရှေ့က ငါတို့သူငယ်ချင်းများ
ခင်မင်မှုကို
စကားလုံးတွေနဲ့ဖူးပွင့်မပြခဲ့ပါ
ရှင်သန်မှုကိုလည်း
ခွက်ရေနဲ့ မတွက်စေခဲ့ပါ။

ဒီလိုတွေးကြည့်တယ်
ဘေဘီလုံဥယျာဉ်ကို
တရက်တည်းနဲ့ပြီးစီးခဲ့တာမဟုတ်သလို
တယောက်တည်းနဲ့တည်ဆောက်ခဲ့တာမဟုတ်။

ဥယျာဉ်တံခါးဖွင့်ရင်တော့
အားလုံးကို ဝင်ခွင့်ပြုပေလိမ့်။

ထိုအခါ
ကိုယ်နှစ်သက်ရာသစ်ရိပ်၌
နားခိုနိုင်ကြစေ။
မိုးရွာပြီးစမြက်ခင်းပြင်ပေါ်
ကိုယ့်အသက်ကလေးနှင့်ကိုယ်
နေစာလှုံဆော့ကစားနိုင်ကြစေ။ ။

ဒီကဗျာက လွန်ခဲ့တဲ့လေးနှစ်ကျော်လောက် ပုသိမ်က ကျောင်းဆရာလို့ ချစ်တဲ့သူတွေကခေါ်ကြတဲ့ ကိုအောင်မျိုးထွေး မထင်မှတ်ပဲ ဆုံးသွားတုန်းက၊ ပေါင်းသင်းခင်မင်ခဲ့ရတဲ့ ကာလတိုတောင်းပေမယ့် ရင်ထဲအမှတ်ထင်ထင်ဖြစ်ခဲ့ရတဲ့ သူရဲ့ တည်ငြိမ်အေးဆေးတဲ့ ဘဝနေဟန်ပုံစံနဲ့ စိတ်ဓါတ်ကို ကြေကွဲလွမ်းဆွတ်မိရာက ရေးဖြစ်ခဲ့တာပါ။ ဒီတုန်းက ခေတ်ပြိုင်မှာ ဖေါ်ပြခဲ့ဘူးပါတယ်။
ခု ဘလော့ဂါသူငယ်ချင်းတယောက်က ရှာဖွေပို့ပေးပြီး ဘလော့ပေါ်တင်ဖို့ တိုက်တွန်းလို့ ကျေးဇူးတင်စွာနဲ့ စာမျက်နှာပေါ် ပြန်တင်ဝေငှလိုက်ပါတယ်။
ကုန်ဆုံးခဲ့တဲ့နေ့ရက်တွေ၊ ပြီးဆုံးခဲ့တဲ့အဖြစ်အပျက်တွေ၊ ခွဲခွာခဲ့ရတဲ့ခင်မင်သူတွေကို လွမ်းဆွတ် အမှတ်ရခြင်းမှာ ကျနော်တို့ရဲ့ တချို့ဘဝအဓိပ္ပါယ်တွေ အမှန်တကယ်ပါဝင်နေခဲ့ပါတယ်။

1 comment:

MANORHARY said...

မိုးရေစက်တွေစိုက်ထားတဲ့ပန်းတွေ
ပွင့်နေတဲ့ဥယျာဉ်တံခါးပွင့်လာရင်တော့
..................
...................