Friday, December 25, 2009

မီးအိမ်ပျောက်တဲ့မြစ်

နှင်းခါးမိုး

အဖေဟာ
အာဏာရှင်ပဲ
ကျနော်တို့အိမ်မှာ
အဖေဟာ အာဏာရှင်ပဲ
ခေါင်းရင်းမှာ ဖျာတချပ်
သူ့အတွက် အမြဲခင်းပေးထားရတယ်။

ထမင်းချက်ရင်
သူ့အတွက်ဆန်သပ်သပ်
ဟင်းချက်ရင်
သူ့အတွက်အသားတခွက်
ရေတောင်
သဲအိုးသေးသေးလေးတလုံးနဲ့
သူ့ကုတင်ဘေးနားမှာ သူ့အိုး
ကျနော်နေ့တိုင်းဖြည့်ရတယ်။

ကျနော်ဟာ
အဖေ့သေးအိုးသွန်ရတယ်
မနက်စောစောထရေနွေးကြိုရတယ်
ဘီဒိုတွေကိုဖုန်သုတ်ရတယ်
လူဆိုတာ
ကိုယ့်တာဝန်ကိုယ်ယူရတယ်တဲ့
တခါတလေအဖေ့တမိုးအောက်
ကျနော့်မှာနေစရာမရှိဘူး။

သူများတွေကျောင်းတက်ရင်း လက်ဖက်ရည်
ဆိုင်ထိုင်နေတဲ့အချိန်မှာ
ကျောင်းတက်မလား
လက်ဖက်ရည်ဆိုင်ထိုင်မလား ကြိုက်တာရွေး
လက်ဖက်ရည်ဆိုင်ဆိုတာ
ကိုယ့်ပိုက်ဆံနဲ့ကိုယ်ထိုင်ရတယ်တဲ့
မုန့်ဖိုးတောင် တချိန်အတိုးနဲ့ပြန်ဆပ်ရမယ့်အပေါက်မျိုး
အဖေ့ဒဿနကမိုးခေါင်တယ်
အမေသာလရောင်တွေဖြာမကျခဲ့ဘူးဆိုရင်
ကျနော့်ပင်လယ်ဟာခမ်းသွားနိုင်တယ်။

အဖေက
ထမင်းစားချိန်လူစုံမှ
နောက်ကျရင်ဘာမှချန်မထားခိုင်းဘူး
အမေကတော့
ကျနော့်အတွက်ကြောင်အိမ်အောက်
ဆုံးထပ်မှာ
ဖွက်ဖွက်ထားတတ်တယ်။

အဖေ့နှလုံးသားမှာ
မီးအိမ်ကလေးတလုံးရှိတယ်ဆိုရင်
ဒါကိုထွန်းညှိပေးတာအမေပဲ
အဖေ့နှလုံးသားမှာ
ရေခဲပြင်ကြီးတခုရှိတယ်ဆိုရင်
အဲဒါကိုအပ်နဖါးနဲ့ရိုက်ရိုက်ခွဲတာ
ကျနော်ပဲ
အဖေဟာ
ဘယ်တော့မှမစိမ်းလန်းဘူး
တကယ့်သဲကန္တာရပဲ
ကျနော်ကတော့ကုလားအုပ်လိုပဲ
ရေတခါသောက်ပြီးတိုင်း မိုင်တထောင်လျှောက်
ရတယ်။

အခုတော့ အဖေဆုံးပြီ
ကျနော်မရှိတုန်း
ကျနော်ဟိုးအဝေးကြီးမှာရှိနေတုန်း
အဖေဆုံးပြီ
အီးမေးလ်ကစာတစောင်ရတော့
ခဏငြိမ်သက်သွားတယ်
စာကိုပိတ်လိုက် ပြန်ဖွင့်ကြည့်လိုက်လုပ်တယ်
အခန်းပြတင်းကနေ
မမြင်ရတဲ့တောင်တွေကိုလှမ်းငေးတယ်။

ငါပြောသားပဲ
ဒီကောင်ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့
အဖေ အဲဒီလိုများတွေးသွားသေးသလား
ဟုတ်တယ်အဖေ
ကျနော်လေးဆယ်ကျော်ပြီ
ဘာမှမဖြစ်သေးဘူး။

ဘာကောဖြစ်ရအုန်းမှာလဲ
ဘာတွေဖြစ်ချင်ခဲ့တာလဲ
အဖေပြောသလို
ကျနော့်လှေမျောခဲ့လေသလား
ဘယ်ကမ်းမှာနေညိုညို
ကျနော့်မှာကျနော့်ကိုယ်ပိုင်သီချင်းနဲ့
မင်းကလူသာပျော့တယ်
ခေါင်းကတော့အမာသားလို့
အဖေပြောအုန်းမှာပဲ။

တကယ်တော့ တံမြက်စည်းအစ လိပ်ကျောက်မြီးအဆုံး
ကျနော့်ကျောကုန်းကရင်းနှီးခဲ့တာ
အဖေကမီးပေါ်တင်ဖုတ်လိုက်
အမေကမနက်ခင်းနှင်းကလေးဆွတ်လိုက်နဲ့
မာကျောခဲ့ရ စိမ်းလန်းခဲ့ရတာ
ကျနော်ဟာ ဆီးပင်ကလေးပါ။

အပူပိုင်းမှာဖြိုင်ဖြိုင်သီးတယ်
ချဉ်မှန်းသိရက်ကိုက်ကြည့်ကြတယ်
ခြောက်သွားလေ စားလို့ကောင်းလေဆိုလား
ကျနော် ဆီးသီးကလေးလိုပြုံးတတ်ခဲ့တယ်။

အဖေ့ရဲ့ဆီးသီးကလေး
မိုးခေါင်ရေရှားအရပ်ကဆီးသီးကလေး
ဒီညတရေးနိုးတော့
အဖေနဲ့အာဏာရှင်ကိုတွဲတွေးမိတယ်
အမေနဲ့ကျနော်က
အဖိနှိပ်ခံတွေပေါ့။

ကျနော်က ရုန်းကန်တယ် တော်လှန်တယ်
အမေကတော့ ငြိမ်ငြိမ်သက်သက် အေးအေးဆေးဆေး
တခါတလေမျက်ရည်လေးဝဲလို့
ဒါတောင်အဖေက ဟေ ဆိုရင်
ဒီမှာလေလို့ ထူးပြီးသား
အိုးခွဲအိမ်ခွဲသားတွေသမီးတွေတောင်
အိမ်လာလို့အဖေအိပ်နေရင်
ခြေကိုပြင်းပြင်းမနင်းရဲဘူး
အဖေ့အတွက်တခုခုတော့ပါလာကြတယ်
အမေ့ကိုတော့ခေါင်းနဲ့ခွေ့ပြီးပြန်ကြတယ်
အဖေ့အင်ပါယာကနေမ၀င်ဘူး။

ကျနော်ကဖိနှိပ်သူကိုမုန်းတယ်
အဖေ့ကိုမုန်းတယ်
တူးတူးခါးခါးမုန်းခဲ့တယ်
ဘ၀မှာဖြစ်ချင်တာတွေမဖြစ်ခဲ့တာ
အဖေ့ကြောင့်
ဘ၀မှာမျှော်လင့်တာတွေလွဲချော်ခဲ့တာ
အဖေ့ကြောင့်
ရည်းစားဦးနဲ့ကွဲခဲ့တာ
အဖေ့ကြောင့်
စာမေးပွဲကျတာ
အဖေ့ကြောင့်
ဘက်စကားမမီတာ အဖေ့ကြောင့်
အရပ်မထွက်တာ အသားမဲတာ အဖေ့ကြောင့်
ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျတာ
အဖေ့ကြောင့်
ကျနော့်ခုံရုံးမှာ အဖေဟာ တရားခံပဲ။

အဖေကသားကိုချစ်ပါတယ်တဲ့

အမေကလျောက်လဲချက်ပေးတယ်
အဖေက သူရဲ့မေတ္တာတရားကို
လည်မှာဆွဲမထားဘူး
အိတ်ကပ်ထဲမှာပဲထည့်ထားတယ်တဲ့
ကျနော်ကခါးပိုက်နှိုက်မှမဟုတ်ပဲ
အဖေ့မေတ္တာတရားကို ဘယ်တုန်းကမှခိုးမယူခဲ့ဘူး
လိုချင်ကြောင်းလည်းမပြခဲ့ဘူး
မေတ္တာမပေးချင်နေပါ
ကျနော့်ကိုသူ့ဒေါသတွေ ဘာလို့ပေးရတာလဲ
သူ့အလိုမကျမှုတွေ သူ့ဖြစ်ချင်တာတွေ ဘာလို့ပေးရတာလဲ
သူ့အတ္တတွေ သူ့စီမံကိန်းတွေ ဘာလို့ပေးရတာလဲ
သူ့ညွုန်ကြားချက်တွေ သူ့ရင်းနှီးမြှပ်နှံမှုတွေ
အဖေဆိုတာထက် အဖေပိုလုပ်ချင်တာတွေ
ကျနော်မှမလိုချင်ပဲ
ကျနော့်စစ်ခုံရုံးမှာ အဖေဟာ ပြေးမလွတ်တော့ဘူး။

ဒါပေမယ့် အဖေတယောက်ကိုတော့
ကျနော်တကယ်လိုချင်ခဲ့တာပါ။

ကျနော့်အိပ်နေတုန်း
ခိုးခိုးနမ်းမယ့်အဖေတယောက်
ကျနော့်အတွက်ဆိုပြီး
အကောင်းဆုံးကဗျာတပုဒ်ရေးမယ့်အဖေတယောက်
သားလွှတ်တဲ့စွန်အတွက်
ဆိုင်းကြိုးချည်ပေးမယ့်အဖေတယေက်
အလုပ်ပြုတ်မယ်မှန်းသိရက်နဲ့
ထောင်ဝင်စာလာတွေ့မယ့်အဖေတယောက်
မျက်ရည်လွယ်တဲ့အမေ့ကို
သူ့ပုခုံးလေးပေးမှီမယ့်အဖေတယောက်
အဝေးရောက်နေတဲ့သားအတွက်
ဖုန်းသံလေးနားစွင့်နေမယ့်အဖေတယောက်
ကျနော်ဘယ်လောက်မှားမှား
ကျနော့်ဘက်ကနေမယ့်အဖေတယောက်။

အဖေဟာတစိမ်းပဲ
ကျနော်တို့အိမ်မှာ အဖေဟာတစိမ်းပဲ
အဲဒါကျနော်ပြောတာမဟုတ်ဘူးအဖေ
ကျနော့်သားပြောတာ
သူ့ခုံရုံးမှာ
ကျနော်ဟာပြေးမလွတ်တော့ဘူး။

အဖေနဲ့သားဟာ
ဖြည်လို့မရတဲ့ဆက်ထုံး
ဒီမြစ်ကရေစီးကြမ်းတယ်
မလှော်တတ်ရင်မှောက်တာပဲ။

အိပ်နေတဲ့သားဟာ
ကျနော်ညကစောင်ခြုံပေးခဲ့တာ သိမှာမဟုတ်ဘူး
ကျနော့်ရေခဲပြင်ပေါ်မှာ
ဒီကဗျာကိုထွန်းညှိပါတယ်
အာဏာရှင်ဆိုတာ မုန်းလို့ပဲရတယ်
မေ့လို့မရဘူးအဖေ။ ။

(ငယ်တုန်းကတည်း အဖိုးနဲ့အဖွားကို မှတ်ပုံတင်ထဲမှာ အဖေနဲ့အမေလို့ ဖြည့်ပြီးကြီးခဲ့ရလို့ ဒီကဗျာဟာ အဖိုးအကြောင်းဖြစ်ပေမယ့် အဖေလို့ညွုန်းခဲ့ပါတယ်။ အဖေအရင်းက ကျန်းမာချမ်းသာဆဲပါ။ ရင်းနှီးသူတွေ ၀မ်းနည်းကြောင်း အားပေးနှစ်သိမ့်မိမှာစိုးလို့ ဒီအောက်ခြေမှတ်စုလေးကို ရေးလိုက်ပါတယ်။ တခြား ထူးထူးခြားခြားတော့မရှိပါ။)


23 comments:

pandora said...

http://nykomme.blogspot.com/2007/09/blog-post.html လွမ်းလိုက်ရတာ စိတ္တရလေခါ ဆိုတဲ့ ပို့စ်လေးတုန်းက ၀မ်းနည်းစကား ဆိုမိခဲ့တယ်။အဖေ ဆိုတဲ့ အဖိုးက အာဏာရှင်တဲ့လား။ အားပေးနှစ်သိမ့်ခြင်းဟာ ၀မ်းနည်းမှုကို ဘယ်လောက်အထိ ပြေပျောက်နိုင်မလဲ။ ၀မ်းနည်းမှုဆိုတာ မရှိခဲ့ရင်ရော... ဘာမှ မသေချာလို့ ဘာမှ မပြောတော့ပါဘူး။

ကဗျာဆရာရဲ့ ရေခဲပြင်မှာတော့ မီးအိမ်ကလေးတွေ တလုံးမက အလင်းပျပျ မြင်ရသလိုပါပဲ။ တယောက်ယောက် ထုရိုက်ခွဲလို့ ကွဲကြေသွားတာမျိုး မဟုတ်ဘဲ အနွေးဓာတ်ကလေးနဲ့ ရေခဲမြစ်က ဖြည်းဖြည်းငြိမ့်ငြိမ့် စီးဆင်းနေတာ မဟုတ်ဘူးလား။

wai lin said...

ဘာတွေလျောက်စဉ်းစားနေတာလဲ။ ၂၀၁၀ က လာတော့မယ်။ တခုခုပြောဖို့ အချိန်မဟုတ်တော့ဘူး။ မှားမှား မှန်မှန် တခုခုလုပ်ရမယ့်အချိန်ပေါ့။ ၂၀၁၀ ကို လက်မခံလို့ရတယ်။ ရှောင်ပြေးလို့တော့ မရဘူး။ ၂၀၁၀ ကလာတော့မယ်။
ကျေးဇူးပဲ ပန်ဒိုရာ။

Ko Paw said...

ကိုဝေလင်း....

စာသိပ်မရေးတာကြာပြီ။

ဒီကဗျာလေးကိုလည်း ကြိုက်တယ်။

ငြိမ်းဝေ said...

အားပါးပါး တဖြောင်းဖြောင်းမြည်အောင် ကောင်းလိုက်တဲ့ကဗျာ
ကျုပ်တော့ ကဗျာမရေးရဲလောက်အောင် ဖြုံသွားတယ်ဗျို့ 
ကျေးဇူးတင်တယ်..
ကျုပ် ရေငတ်တော်တော်ပြေသွားတယ်။

k said...

နှင်းခါးမိုးရေ

ဒီကဗျာကိုဖတ်ပြီး ကိုငြိမ်းဝေပြောသလိုသာ ပြောချင်ပါပေရဲ့ဗျာ။
တစက်လေးမှ မျက်တောင်မခတ်ဘဲ ဖတ်မိလိုက်တယ်။

ကဗျာနတ်ဘုရားဝင်စားရေးသလားတောင် ထင်မိရောဗျာ။

ကျေးဇူးတင်လိုက်တာ။ ကဗျာတွေ ဆက်တိုက်ရေးနိုင်ပါစေ။

wai lin said...

ကိုပေါ၊ ကိုငြိမ်းဝေ၊ ကေ
ကျေးဇူးတင်ပါတယ်ဗျာ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျက်နေရာကနေ အားလည်းရှိသွားတယ်။ ချမ်းမြေ့ကြပါစေ

Kay said...

ဝတ္တုတိုလေး တပုဒ်လို ပဲ...။
ပျော်ရွှင်ဖွယ် ခရစ်စမတ် နှစ်သစ် ကာလ ဖြစ်ပါစေ..

မေအိခင်(လယ်ဝေး) said...

ရောက်ကြောင်းပါ ။။

Aung Din said...

ကိုဝေလင်း ရေ၊

သိပ်ကောင်း ပြီး နက်နက်ရှိုင်းရှိုင်း ခံစားရတဲ့ ကဗျာ လေးပါပဲဗျာ၊ ဖတ်ခွင့် ရလို့ ကျေးဇူးတင်ပါတယ်၊ ခင်ဗျား အဖိုး ကို ကျနော်လည်း မုန်းပါတယ်ဗျာ၊ ခင်ဗျားကို လ္ဘက် ရည်ဆိုင် ထိုင်ဖို့ လာခေါ်တဲ့ အခါတိုင်း သူ့ရဲ့ မကျေနပ်တဲ့ အကြည့်တွေအောက် ကျနော် ချောက်ချား ခဲ့ရတာ မကြာခဏပါပဲ၊

အောင်ဒင်

wai lin said...

ခရစ်စမတ်က အင်မတန်အေးချမ်းပါတယ်ဗျာ။ အနှုတ်အောက် ၆ တဲ့မကေရေ။ ပျော်ရွှင်ပါစေ။

မေအိခင်
ကျေးဇူးပါဗျာ။ ခင်မင်လျက်ပါ။

ကိုအောင်ဒင်
သတိရတယ်ဗျာ။ ကိုယ်လည်းလူကြီးဖြစ်လာတော့ တချို့ဟာတွေ နားလည်တတ်လာပါတယ်။ ကိုယ့်သူငယ်ချင်းကြီးကိုလည်း အဖေတယောက် ဖြစ်စေချင်ပါသေးတယ်။ ကြိုးစားပါအုန်းဗျ။

blueskyforest said...

ဒီကဗျာကြီးဖတ်ရတာ မောလိုက်တာဗျာ။

k said...

ဆရာ ဦးဝေလင်း
သမီးက မနက်ဖြန်ဆိုရင် ဒုက္ခသည်စခန်းထဲကို ပြန်ရအုံးမယ်။ ဦးဝေလင်းရဲ့ ဒီကဗျာကို သမီးအရမ်းကြိုက်လွန်းလို့ ကူးပြီးယူသွားပါတယ်။
ဒီတခါ ဒုက္ခသည်စခန်းထဲမှာ ဒီလို့ကဗျာနဲ့အတူပြန်ရတာ သမီးအတွက် အင်မတန်ခံစားရပါတယ်။ သမီးရဲ့ အဖေကို အရမ်းသတိရမိတယ်။

မမသီရိ said...

အဲဒီအာဏာရှင်ကြောင့်ပဲ ကဗျာဆရာ နှင်းခါးမိုး လို့ ဖြစ်လာခဲ့တာ ဖြစ်ချင်ဖြစ်နေမှာ

ကိုယ်မမြင်နိုင်တဲ့တစုံတရာရဲ့ တွန်းအားဟာ တခါတရံမှာ အဖိုးမဖြတ်နိုင်ဘူး

အသက်မရှူပဲ ဖတ်ခဲ့မိသလားလို့ ကဗျာဆုံးသွားတော့ တွေးနေမိတယ်

Soe Kyi said...

တထိုင်တည်း ထပ်ခါထပ်ခါ ဖတ်ဖြစ်လိုက်တယ်။ ပြီးတော့ ကိုယ်နဲ့အရင်းနှီးဆုံးတွေကို ပေးဖတ်ဦးမှလို့ တွေးမိတယ်။

ဆောင်းယွန်းလ said...

ကိုဝေလင်းရေ..
ဘာမှမပြောတော့ဘူးဗျာ...
ဆာလောင်နေတဲ့ ကျနော့်ရဲ့ ခုတလောတွေထဲကို ခင်ဗျားရဲ့ ကဗျာတပုဒ်က အာဟာရအဖြစ် မီးညှိပေးလိုက်တာပါပဲ..
အကြိုက်ဆုံးကဗျာတပုဒ်ဖြစ်သွားပြီဗျာ...

မိုးစဲနေ said...
This comment has been removed by the author.
မိုးစဲနေ said...

ကျနော့်အဖိုးလဲ အာဏာရှင် ပါပဲ.ဒါပေမဲ့..
ဒီလို ကဗျာမျိုး ကျနော်မရေးတတ်ဘူး..ဗျာ.
တပိုဒ်ခြင်း ခံစားရပါတယ်.

ဒူကဘာ said...

ပဉ္စသိင်္ခနတ် စောင်းကြိုးညင်းသလို စွဲဆောင်မှု ကဗျာသံစဉ်တွေ အနားမှာ ပျံဝဲသွားသလို ခံစားရပါတယ် ဗျာ၊ အရေးကျဲပေမဲ့ ဒီလိုထိတဲ့ ဗမာ့လူနေမှု စရိုက်တွေ ထုံမွမ်းတဲ့ ကဗျာလေး ဖတ်ရတာ အိမ်တောင် ပြန်လွမ်းသွားတယ်။

rosary said...

The great poem...

တန်ခူး said...

ကိုဝေလင်းရေ…

အိပ်နေတဲ့သားဟာ
ကျနော်ညကစောင်ခြုံပေးခဲ့တာ သိမှာမဟုတ်ဘူး
ကျနော့်ရေခဲပြင်ပေါ်မှာ
ဒီကဗျာကိုထွန်းညှိပါတယ်
အာဏာရှင်ဆိုတာ မုန်းလို့ပဲရတယ်
မေ့လို့မရဘူးအဖေ။ ။

အဲဒီအပိုဒ်က ရင်ကို အထိဆုံးပါပဲ။ စည်းကမ်းကြီးတဲ့အဖေရဲ့ ပုံစံခွက်ထဲမှာကြီးခဲ့ရသူမို့  လူငယ်ဘ၀က ခံစားချက်တွေကို ပြန်သတိရမိတယ်။ ၅တန်းတုန်းက အိမ်ရှေ့ က ဧည့်ခန်းထဲမှာ စာလုံးအကြီးကြီးနဲ့  ကျွန်မသည် ဦးဘယ်သူ ဒေါ်ဘယ်သူတို့ ရဲ့ သမီးအရင်း မဟုတ်ပါလို့  စာရေးပြီး ကပ်ခဲ့ဖူးတာ သတိရတယ်။ အဖေနဲ့ အမေရဲ့ မီးခံသေတ္တာထဲ မွေးစားစာချူပ်ဆိုတာများ ရှိနေမလားလို့  ခိုးရှာခဲ့ရတွေ အမှတ်ရတယ်။ ဒါပေမယ့်… ကျွန်မ ဘွဲ့ ယူတဲ့ နေ့ က ကျွန်မမ၀တ်ရသေးတဲ့ ဖိနပ်အဖြူလေးကို အဖေက ပြောင်လက်နေအောင် တိုက်ပေးနေတာ တွေ့ ရတော့ ကျွန်မခိုးပြီး ငိုမိတယ်။ ကျွန်မ ဒီကိုလာတော့ ညနေဆို အရင်က ကျွန်မရုံးပြန်နေကျလမ်းလေးမှာ အဖေသွားသွားမျှော်နေတယ်လို့  အမေပြောတော့ ကျွန်မချုံးပွဲချငိုမိတယ်။ ကျွန်မလေ… အဖေရွေးပေးတဲ့ ၀တ်စုံနဲ့  မင်္ဂလာဆောင်ခဲ့တာ။ ဟိုတနေ့ က ခဏခဏဖတ်ပြီးသား ဂျုးဝတ္ထုတိုလေး ဖတ်ရင်း အရင်က အဲဒီဝတ္တုလေး ဖတ်တုန်းက မကျဖူးခဲ့တဲ့ မျက်ရည်တွေ ကျမိတာ ကိုယ့်ကိုယ်ကိုတောင် အံ့သြမိတယ်။ တောင်တန်းကြီးတွေ အရောင်ပြောင်းသွားတဲ့ အခါတဲ့။ ကျွန်မရဲ့မေတ္တာနဲ့  ကျွန်မကြီးပြင်းခဲ့ရတဲ့ ခေါက်ရိုးကျိုးဆိုဆုံးမမှုတွေကြား သားက ကျွန်မကို အာဏာရှင်လို့  မခံစားရအောင် ကြိုးစားရဦးမယ် ကိုဝေလင်းရေ။

sandar said...

အဖေအပေါ်မှာ မြင်ကြတဲ့ အယူအဆခြင်းတော့ ကွာကြတယ်ရှင် ။ ဘာဖြစ်လိုလည်း ဆိုတော့ ကျမအဖေက ကျမလူမမယ်ခင်ကတည်းက ဆုံးသွားတယ်။ ဒါပေမယ့် ရင်ဘတ်ထဲကို ရောက်တဲ့ ကဗျာလေးတစ်ပုဒ် ကို ဖတ်ခဲ့ရတဲ့ အတွက် လာရကျိုး နပ်ပါတယ်ရှင်။

နောင်တော် ၊ ကိုမင်းဆွေ said...

"ငါပြောသားပဲ
ဒီကောင်ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့"
ကျွန်တော့်အဖေကလည်း ကျွန်တော့်ကို ဒီလိုဆန်ဆန် ပြောခဲ့ဖူးတယ်။
ဒီကဗျာဟာ မျက်စိထဲ အရိပ်တွေ အရောင်တွေ ပေါ်လာအောင်ထိ အသက်ဝင်ပါတယ်။
ကျွန်တော့်အဖေကို သတိရရင်း
တိတ်ဆိတ်ငေးမော ဖတ်ရှုသွားပါတယ်။

Anonymous said...

ကျွန်တော်ကတော့ကဗျာတွေကိုချစ်တယ်
ဖတ်လိုက်ရတဲ့အတွက်စိတ်မကောင်းတော့ဖြစ်မိတယ်
အရှုံးတော့မပေးပါနဲ့
http://minemine191.blogspot.com
ရေးတယ်ခြစ်တယ်ပေါ့ဗျာ
လာလည်စေချင်ပါတယ်
ကျွန်တော်အိမ်လေးမှာမပြည့်စုံသေးဘူး
အကြံဥာဏ်လေးပေးလှည့်ပါအုံးနော်