Friday, January 11, 2008

ခေတ်ပေါ်ကဗျာဆရာလက်စွဲ (အပိုင်း ၄) ရေးသူ...အိုက်ချင့်(တရုတ်ကဗျာဆရာ)


ကဗျာရဲ့ ဘာသာစကား

ကဗျာဆိုတာ ဘာသာစကားရဲ့ အနုပညာ၊ ဒီတော့ အနုပညာရဲ့ ဘာသာစကား လိုတယ်။ သာမန်ပဲ၊ တုံးတုံးပဲ ထင်ရပေမယ့် ကြွယ်ဝမှု ပြည့်နေတဲ့ ဘာသာစကားကို ဖွေရှာပါ။
ဘာသာစကားဟာ မျိုးရိုးသဘာဝ ဆောင်သလို ခေတ်ရဲ့စိတ်ဓါတ်လည်း ဆောင်တယ်။
အကောင်းဆုံး ဘာသာစကားဟာ တကယ့်ဘ၀က လာတယ်။ ဘ၀က ခွာလျှင် ဘာသာစကား မဲ့သွားတော့တာပဲ။ အထိခိုက်ဆုံး ဘာသာစကားဟာ ဘ၀ကို ပီပီပြင်ပြင် သရုပ်ဖော်တဲ့ ဘာသာ စကားဖြစ်တယ်။
ကိုယ်စားပြုပေမယ့် သိမ်မွေ့တဲ့ အရာများ၊ လှုပ်ရှားမှုများ၊ ခံယူချက်များကို ဖော်ပြဖို့ ရိုးရိုးနဲ့ ဆီလျော်တဲ့ ဘာသာစကားကို သုံးပြီးတော့သာ အနုပညာ မြောက်တဲ့ စွမ်းပကားကို ရရှိနိုင်တယ်။
အရာဝတ္ထုတိုင်းရဲ့ ညုကလိယာစ်ကို ဆုပ်ကိုင်နိုင်စွမ်းဟာ ကဗျာဆရာရဲ့ အရေးကြီးဆုံး အရည်အသွေး ဖြစ်သင့်တယ်။
ခေတ်သုံး၊ လူထုသုံး ဘာသာစကားနဲ့ ပြောပါ။
ကဗျာရဲ့ ဘာသာစကားကို ပြည်သူလူထုက နားလည်ရမယ်။
ဟောင်းလွန်းတဲ့ အဖွဲ့အနွဲ့များကို အသိရှိရှိနဲ့ ပစ်ပယ်ပါ။ လတ်လတ်ဆတ်ဆတ် အစားအစာမှ ခံတွင်းတွေ့နိုင်တယ်။ ကလီရှေး ဆိုတာ ပုပ်သိုးနေတဲ့ အစာပါပဲ။
သူများတွေ အကြိမ်ထောင်သောင်း သုံးပြီးသား နာမ၀ိသေသနများ၊ အီဒီယမ် များကို ရှောင်ပါ။ အရာတခုစီကို ဖော်ပြဖို့ ကိုယ်ပိုင် နာမ၀ိသေသနများ ရှာဖွေရမယ်။
အတွေးက ဘယ်လောက်ပဲ နက်နဲမြင့်မားပါစေ၊ ဘာသာစကားကတော့ ရှင်းရှင်း လွယ်လွယ် ရှိနေရမယ်။
မိမိရဲ့ ဘာသာစကားဟာ ကိုယ်ပိုင်ဟန် ရှိမယ်။ သူတပါး မကြာမကြာ သုံးပြီးသား ရူပကကို ရှောင်ပါလေ။ ဒီလိုနည်းနဲ့သာ အရာဝတ္ထုတွေထဲကို ပိုမိုနက်နက် တူးဖောက်နိုင်စွမ်း ရလိမ့်မယ်။
မပျင်းပါနဲ့၊ ရူပက အသစ်တွေကို ကိုယ့်ခံစားချက်နဲ့ ရှာဖွေပါ။ ရာသီဥတုလိုက်ပြီး အ၀တ်အစား လဲပေးရသလိုပေါ့။
ခုန်လွှားပါ။ ဖြစ်စဉ်မှာ မလိုလားအပ်တဲ့ အဆင့်တွေကို ဖြုတ်ပစ်ပါ။ ဆက်နွယ်မှုနဲ့ စိတ်ကူးမှု အဆက်အသွယ်ကို ရှင်းလွန်းအောင် မလုပ်ပါနဲ့။ တခါတလေ အဆက်အစပ် မရှိဘူးလို့ ထင်ရတဲ့ အရာများမှာ အတွင်းချိတ်ဆက်ကလေး ရှိနေတတ်တယ်။
နက်နဲပါ။ ဒါပေမယ့် နားလည်ဖို့ လွယ်ပါစေ။ ထိခိုက်နိုင်စွမ်းပါစေ။ ဒါပေမယ့် ဟန်ဆောင်ပန်ဆောင် မလုပ်ပါနဲ့။ ရှင်းလင်းပါစေ။ ဒါပေမယ့် မတိမ်ပါစေနဲ့။
ဇာတ်လမ်းပြောရာမှာ ရှင်းလွန်းတာ၊ တည့်တိုးကျလွန်းတာဟာ ရေမကူးတတ်ဘူး ရယ်လို့ စိုးရိမ်တကြီးနဲ့ စာဖတ်သူကို တွဲပြီး လမ်းလျောက်ပေးတာ ဖြစ်တယ်။
ဖြုတ်စရာကို မဖြုတ်တတ်တာဟာ အရွတ်နဲ့အတူ အရိုးပါ ရောမွှေကြော်ပစ်တာ ဖြစ်တယ်။
မခုန်တတ်၊ မလွှားတတ်တာဟာ ကိုယ့်အဓိပ္ပါယ်ကို စာဖတ်သူက အကောက်မှား ရချည်သေး ဆိုပြီး ထိတ်လန့်တာပဲ ဖြစ်တယ်။
ချဲ့ကားပြောတာကို ကဗျာမှာ ခွင့်ပြုတယ်။
လီပိုင် ဟာ စိတ်အခြေအနေ (မုဒ) တရပ်ကို ဖော်ပြဖို့ ချဲ့ကားပြောဆိုတဲ့ ဘာသာစကားကို မြတ်နိုးခဲ့၊ သုံးစွဲရာမှာ အင်မတန် ကျွမ်းကျင်ခဲ့တယ်။ ကိုက်သုံးထောင်ရှည်တဲ့ ဆံဖြူ၊ မြစ်ဝါရဲ့ ရေတွေ နတ်ပြည်က စီးဆင်း၊ ပေသုံးထောင်နက် မက်မုံပွင့်ရေကန်... ဒါတွေအားလုံးဟာ နက်နက်နဲနဲ ခံစားရတဲ့ စိတ်လှုပ်ရှားမှုကို ဖော်ပြတယ်။ ဒါ လူအများစု မသုံးရဲတဲ့ ဘာသာစကားမျိုးပဲ။ ဒီလို ချဲ့ကား ပြောတာများကို သိပ္ပံစံတွေနဲ့ မဆုံးဖြတ်အပ်ဘူး။
ကဗျာတပုဒ်ကို ရေးဖွဲ့ရာမှာ ဒီကဗျာဟာ ပန်းချီကား တချပ်ဖြစ်ခဲ့လျှင် ဘယ်လို အနုပညာနည်းလမ်းများ သုံးပေလိမ့်မယ်ဆိုတာကို ဖော်ပြပုံကနေ သိမြင်နိုင်တယ်။ ဥပမာ.. အမြန်ပုံကြမ်းဆွဲတာ၊ သူတောင်းစားနဲ့ အ၀တ်ဖာတဲ့ မိန်းမ တို့မှာလိုမျိုး၊ အောက်လိုင်းသက်သက်မျှ ရေးလိုက်တာ၊ ကောက်ရိတ်သူငယ်၊ ဆောင်းရေအိုင်၊ ရေငှက် တို့မှာလိုမျိုး၊ ဆီဆေး၊ အထီးကျန် မြိုင်ကန္တာ၊ လမ်းမကြီး တို့မှာလိုမျိုး။
တမင်သက်သက် ဂမ္ဘီရ (လျှို့ဝှက်အသိခက်) မဆန်ပါနဲ့။ ကိုယ့်စာဖတ်သူတွေကို ဖတ်ရင်း စကားထာတွေ အဓမ္မ မှန်းဆ မခိုင်းပါနဲ့။ စကားလုံး ကစားတာတွေ မလုပ်ပါနဲ့။
ပင်ကို လှနေတဲ့ မိန်းမဟာ လှဖို့အတွက် အ၀တ်ကောင်း အစားကောင်းပေါ် အားမထားပါဘူး။ အလှစစ်စစ်က ခန္ဒာကိုယ် ကျန်းမာမှုအပေါ် တည်ပါတယ်။
ဒီလို ပြောလိုက်တာဟာ အလှမခြယ်ရဘူးလို့ ပြောလိုက်တာ မဟုတ်ဘူး။
ကဗျာမှာ ပါတဲ့ အရေးကြီးဆုံး အပိုင်းက ကဗျာဆရာ တွေးကြံထားတဲ့ နိမိတ်ပုံများရဲ့ အလှပဲ ဖြစ်တယ်။ ဒီအလှဟာ ကဗျာရဲ့ အတွင်းသားပေါ် လဲလျောင်းနေတယ်။
ကြီးမားတဲ့ ကဗျာ စာကြောင်းတွေဟာ ကျယ်ဝန်းတဲ့ အဓိပ္ပါယ်တွေ ဆောင်နေကြတယ်။ ဒဿန ဘာသာစကား ကြွယ်ဝတယ်။
အာဝဇ္ဇန်း ကြွယ်ဝတဲ့ ဘာသာစကားနဲ့ အရာဝတ္ထုတို့ရဲ့ အနှစ်ကို ဖော်ထုတ်ပြပါ။
ကြီးမားတဲ့ ကဗျာစာကြောင်းတွေဟာ ဒဿနက ထွက်လာတယ်။
အရာဝတ္ထုတွေထဲက ပဋိပက္ခများကို ဆုပ်ကိုင်ပါ။ ပဓာန အပိုင်းတွေကို ရည်စူးပါ။ စာဖတ်သူတွေကို နက်နက်နဲနဲ ၀င်စားလာပါစေလိမ့်မယ်။
ကိုယ့်ရဲ့ ကြွယ်ဝတဲ့ ဘ၀အတွေ့အကြုံကို ရောင်ပြန်ဟပ်နေတဲ့ ရှင်းရှင်းလွယ်လွယ် ဒဿနပါဝင်တဲ့ အများသုံး စကားပြော ဘာသာစကားကို သုံးပါ။
လူ့ဘ၀အကြောင်း နက်နက်နဲနဲ မတွေ့ဖူးလျှင် ဘ၀ရဲ့ ဂမ္ဘီရသဘောကို ထုတ်နှုတ် မယူနိုင်စွမ်းပဲ ရှိနေလိမ့်မယ်။
ဘာသာစကား အလုပ်လုပ်ပုံကို နားမလည်လျှင် စာဖတ်သူကို ထိခိုက်စေနိုင် စွမ်းတဲ့ ကဗျာတွေ ရေးနိုင်လိမ့်မယ် မဟုတ်ပေဘူး။

Tuesday, January 8, 2008

ခေတ်ပေါ်ကဗျာဆရာလက်စွဲ (အပိုင်း၃) ရေးသူ..အိုက်ချင့်(တရုတ်ကဗျာဆရာ)


ကဗျာအရည်အသွေး


ကဗျာအရည်အသွေးဆိုတာ ဘာလဲ။
လူများဟာ ကဗျာအရည်အသွေးနဲ့ လိရိကသဘော ဝေါဟာရတွေကို ရေထွေးပစ်လေ့ရှိတယ်။ ဒါကြောင့် ရှုမျှော်ခင်းတို့ မေတ္တာတို့ကို ဖေါ်ပြမှုပါတဲ့ ကဗျာမှန်သမျှ ကဗျာအရည်အသွေး ရှိတယ်လို့ ထင်မှတ်တဲ့လူတွေ ရှိနေတယ်။
တချို့လူများက ကဗျာမှာ လေ၊ ပန်း၊ နှင်း၊ လ ပါလာမှ လိရိက ကဗျာ ခေါ်နိုင်တယ်။ လိရိက ကဗျာတပုဒ် ရေးချင်တဲ့ ကဗျာဆရာဟာ ကဗျာကို မွမ်းမံအလှဆင်ဖို့ မြက်တဆုပ် ပန်းတဆုပ် လှမ်းဆုပ်ကိုင်လိုက်ရမယ်လို့ ထင်တတ်ကြတယ်။ လေတို့၊ ပန်းတို့၊ နှင်းတို့၊ လတို့ကို လူတွေရဲ့ ပြောင်းလဲတတ်တဲ့ မုဒ (စိတ်အခြေအနေ) တွေအတွက် ရူပကများအဖြစ် အသုံးပြုတာ ဘာအပြစ်မှ မရှိဘူးပေါ့။ ဒါပေမယ့် လေ၊ ပန်း၊ နှင်း၊ လ တို့လောက်ပဲပါတဲ့ လိရိက ကဗျာဟာ တကယ်တော့ နည်းနည်းရိုးစင်း လွန်းလှတယ်။
ရှုခင်းကဗျာ၊ ခရီးသွားကဗျာ၊ အချစ်ကဗျာ၊ အသည်းကွဲကဗျာ.. ကိုယ့်ခံစား ချက်နဲ့ကိုယ် ရေးကြပါစေလေ။ ကောင်းကောင်းရေးတာသာ ဖြစ်ခဲ့လျှင် တယောက်ယောက်ကတော့ သဘောကျမှာပါပဲ။
ကဗျာအရည်အသွေးဆိုတာ ကိုယ်ဖော်ကျုးထားတဲ့ အရာဝတ္ထုတွေကို ကဗျာ ဆရာက ပိုင်ပိုင်နိုင်နိုင် စီစဉ်ထားတတ်ခြင်း အရောင်သွေးတတ်ခြင်းရဲ့ ရလဒ်ဖြစ်တယ်။
ကဗျာအရည်အသွေးဟာ ကဗျာဆရာရဲ့ ဖွဲ့စည်းမှုထဲက စိတ်ကူးထဲက ထွက်လာ တယ်။ စာဖတ်သူဆီကို လုံးဝသစ်လွင်တဲ့ ခံစားမှုတမျိုး သယ်ဆောင်ပေးတယ်။
တချို့ကဗျာများက အရက်ပြင်းလို့ပဲ။ အားကောင်းကေင်းနဲ့ လှုံ့ဆွပေးနိုင်စွမ်း ရှိတယ်။
တချို့ကဗျာမျက လက်ဖက်ရည်ကြမ်းလိုပဲ နုညံ့တယ်။
အရက်တမျိုးတည်း၊ လက်ဖက်ရည်ကြမ်းတမျိုးတည်း၊ ကဗျာမျိုးတည်း ပေးမယ် ဆိုတာ ကြောင်းကျိုး မဆပ်စပ်ရုံမျှ မဟုတ်ဘူး။ တက်တက်စင် မိုက်မဲတာပဲ ဖြစ်လိမ့်မယ်။
အလှဆိုတာ ဘာလဲ။
ဒီမေးခွန်းကလည်း ကဗျာအရည်အသွေးဆိုတာဘာလဲ ဆိုတဲ့ မေးခွန်းလိုပဲ ရှုပ်ထွေး မှု အများကြီးဖြစ်စေတယ်။
လုံးဝဥဿုံ အလှဆိုတာမျိုး မရှိဘူး။ အလှရဲ့အဓိပ္ပါယ်ဟာ သစ္စာတို့ ကောင်းခြင်း တို့ရဲ့ အဓိပ္ပါယ်ပေါ်မှာ တည်နေတယ်။ တနည်းပြောရလျှင် အလှခံယူ ချက်ဟာ ဒီအခြားခံယူချက်များနဲ့အတူ ပြောင်းလဲနေတယ်။
လူ့အဖွဲ့အစည်းပေါ်မှာ အလှခံယူချက်ရဲ့ သြဇာညောင်းမှုဟာ ၀တ္ထုပစ္စည်းများ အပေါ် သူပေးအပ်တဲ့ တန်ဘိုးအပေါ် တည်နေတယ်။ အလှ လို့ ခေါ်ကြ တာဟာ တကယ်က အရာဝတ္ထုများကို အကဲဖြတ်ထားတာပါပဲ။ အရမ်းကားဆုံး မောက်မာလွန်းသူတွေတောင် ပြည်သူတွေရဲ့ အလှခံယူချက်ကို မလွှမ်းနိုင်ဘူး။ ပန်းတမျိုးတည်းကိုသာ သီချင်းတပုဒ်တည်းကိုသာ နှစ်သက်ရမယ်လို့ ဘယ်သူမှ လူတွေကို မခိုင်းနိုင်ဘူး။ လူတဦးတယောက်ရဲ့ အကြိုက်ကို လူတသောင်းရဲ့ အကြိုက်အတွက် စံ ဖြစ်ရမယ်လို့လည်း မသတ်မှတ်နိုင်ပါဘူး။
ပုံသဏ္ဌာန်တခုကို လူတဦး တယောက်တည်းက ချမှတ်ပေးလို့ မရဘူး။ ပုံသဏ္ဌာန်တွေဟာ ဘ၀က လာတာ၊ ခေတ်အသီးသီးက မိမိလိုအပ်ချက်နဲ့အညီ ပုံသဏ္ဌာန်ကို ကိုင်တွယ်တယ်။ ဒီမှာဖြည့်လိုက် ဟိုမှာဖြုတ်လိုက်၊ ရွေးချယ်လိုက် ဖွံ့ဖြိုးလိုက်..။
လူတဦးစီမှာ ကိုယ့်ဖေါ်ပြနည်းနဲ့ကိုယ် ရှိတယ်။ လူတဦးစီရဲ့ စိတ်သဘာဝနဲ့ စိတ်စရိုက်ဟာ မတူဘူး။ အားလုံးဆီက ဖေါ်ပြပုံ တမျိုးတစားတည်း မျှော်လင့်တာဟာ အမြော်အမြင်မရှိရာ ကျတယ်။
မိမိကိုယ်တိုင်ရဲ့ ကဗျာဖြစ်တဲ့ ကဗျာတွေကို ရေးဖို့ ကြိုးစားပါ။ ပုံသဏ္ဌာန်အမျိုးမျိုး ဟန်အမျိုးမျိုးကို မှန်မှန် အသုံးပြုပါ။ ထပ်ပြောတာကို ရှောင်ပါ။ ကိုယ့်အရင်က သုံးပြီးသား ရူပကတွေကို မသုံးပါနဲ့။

(ဆက်လက်ဖေါ်ပြပါမည်)

Sunday, January 6, 2008

ခေတ်ပေါ်ကဗျာဆရာလက်စွဲ ( အပိုင်း ၂ ) ရေးသူ...အိုက်ချင့် (တရုတ်ကဗျာဆရာ)


နိမိတ်ပုံတွေနဲ့တွေးတာဟာ အနုပညာရဲ့အခြေခံ

စိတ်ကူးခြင်း-အဓိကအကျဆုံး အနုပညာအစွမ်း။

စိတ်ကူးခြင်း-တကယ့်အရှိနဲ့ သဏ္ဌာန်ကို ဆုပ်ကိုင်မိစေကာ တကယ့်လောကရဲ့ ကြွယ်ဝမှုနဲ့ လှုပ်ခါမှုတို့ရဲ့ ရုပ်ပွားကို စိတ်ဝိညာဉ်ပေါ်မှာ စွဲထင်စေနိုင်တဲ့ ဖမ်းယူတတ်စွမ်း၊ ခံစားတတ်စွမ်း၊
နိမိတ်ပုံတွေနဲ့ တွေးခြင်းရဲ့ ရည်ရွယ်ချက်က မိမိအတည်ပြုလို ငြင်းဆိုလိုတဲ့ အရာဝတ္ထုများနဲ့ အံဝင်ခွင်ကျဖြစ်မယ့် ရူပကတွေကို ရှာဖွေဖို့ဖြစ်တယ်။ ကိုယ်ခံစားဖူးတဲ့ ခံစားမှုများ (ကိုယ်တွေ့ဘ၀ကဖြစ်ဖြစ်၊ စာပေထဲကဖြစ်ဖြစ်) ကိုယ်သိနေတဲ့အရာများမှာသာ ရူပကများကို ရှာနိုင်ကြတယ်။
စိတ်ကူးပုံ ကြွယ်ဝမှုကို ဘ၀အတွေ့အကြုံ ကြွယ်ဝမှုက ဆုံးဖြတ်တယ်။
တကယ့်လောကရှိ အရာဝတ္ထုများက ထုတ်လုပ်လိုက်တဲ့ ကတ္တားပိုင်း (ကဗျာဆရာရဲ့ စိတ်ပိုင်း) ဆက်နွယ်ကြည့်တတ်မှုမှာ စိတ်ကူးမှုရဲ့ဇာစ်မြစ်ကို တွေ့နိုင်တယ်။ ဆက်နွယ်ကြည့်တာမရှိလျှင် စိတ်ကူးမှု မရှိဘူး။ ဒီတော့ ကဗျာ မရှိဘူး။
ဆက်နွယ်ကြည့်ခြင်းနဲ့ စိတ်ကူးခြင်းဟာ ကဗျာရဲ့ တောင်ပံတွေပါပဲ။ ဆက်နွယ်ကြည့်ခြင်းနဲ့ စိတ်ကူးခြင်းတို့က ထုတ်လုပ်လိုက်တဲ့ ရူပကတွေဟာ ရုပ်ဒြပ်နဲ့ စိတ္တဇအကြား ပေါင်းကူးတံတားပါပဲ။
အရာဝတ္ထုများအကြောင်း ရုပ်ဒြပ်ကျကျ တွေးပါ။ ဒီနောက် ရုပ်ဒြပ်ကျကျ ဖော်ကျုးပါ။
ရုပ်ဒြပ်က ဖည်ခွာလျှင် နိမိတ်ပုံများ မထုတ်လုပ်နိုင်ဘဲ ရှိလိမ့်မယ်။
စဉ်းစား တွေးတောပြီး ထုတ်လုပ်လိုက်တဲ့ နိမိတ်ပုံတွေအတွက် ကိုယ်ရွေးချယ်လိုက်တဲ့ ဖော်ကျုးမှု နည်းလမ်းဟာ နောက်ဆုံးအရာ မဟုတ်သေးဘူး။ မဏ္ဍိုင်မျှသာ ဖြစ်တယ်။ ဆင်ခြင်တွေးတောပြီး တကယ့် ကမ္ဘာထဲရှိ ရုပ်ဝတ္ထုများက ထုတ်လုပ်လိုက်တဲ့ နိမိတ်ပုံများဟာ အားအကိုးထိုက်ဆုံး ဖော်ကျုးမှုနည်းလမ်း ဖြစ်တယ်။
ကဗျာဟာ နိမိတ်ပုံတွေရဲ့ အနုပညာပဲ။ နိမိတ်ပုံ ပါရှိမှသာ ကဗျာဟာ လူတွေကို ထိခိုက်စေလိမ့်မယ်။ ရူပကတွေ သစ်လွင်မှုနဲ့သာ ကဗျာတပုဒ်ဟာ လူတွေရဲ့ နှလုံးသားထဲ ရှင်သန်နေမယ်။
ကဗျာကို မသေတဲ့ ဆွဲဆောင်နိုင်စွမ်း ပေးတာဟာ နိမိတ်ပုံရဲ့ အသက်ဝင် လှုပ်ရွမှုဖြစ်တယ်။
လူ့ဦးနှောက်ဟာ ကြွယ်ဝမှုအရာမှာ ပြိုင်ဖက်ကင်း ဘဏ္ဍာတိုက် ဖြစ်တယ်။ ဘ၀အတွေ့အကြုံ ကြွယ်ဝလေလေ အတွင်းက ရတနာတွေ ကြီးကျယ်လေလေပဲ။
နိမိတ်ပုံတွေနဲ့ တွေးတယ်ဆိုတာ တဲကနိက (အတတ်ပညာ) ကျွမ်းကျင်မှု မလိုပါဘူး။ ကိုယ့်တကယ့်အတွေး ခံစားမှုတွေကို နက်သထက် နက်နက်နဲနဲ ဖော်ကျုးပြရတာပဲ ဖြစ်တယ်။
ကဗျာတပုဒ်ဟာ ရုပ်ဒြပ်ပီမြည်လေ ကောင်းလေပါပဲ။ ရုပ်ဒြပ်ပီမြည်တဲ့၊ ပေါ်လွင်တဲ့ နိမိတ်ပုံများဟာ အသားအရေကို တိုးမိပြီး တအံ့တသြ အော်မိစေတဲ့ ဇာထိုးအပ်နဲ့ တူတယ်။
နိမိတ်ပုံတွေနဲ့ တွေးတာဟာ ကဗျာ အနုပညာရဲ့ ၀ိညာဉ်ပါပဲ။
ကဗျာဆရာဟာ နိမိတ်ပုံတွေနဲ့ တွေးတာကို စွန့်လိုက်လျှင် မိမိ ပညာအလုပ်ကို မလုပ်တာဘဲ ဖြစ်တယ်။
ဒါပေမယ့် နိမိတ်ပုံတွေနဲ့ တွေးတာကို အဆုံးစွန်တရားလို့ ယူဆလို့တော့ လုံးဝမဖြစ်ဘူး။ နိမိတ်ပုံတွေနဲ့ တွေးတာကို ကဗျာတပုဒ် ထုတ်လုပ်ဖို့အတွက် တခုတည်း နည်းလမ်းလို့လည်း မယုံကြည်အပ်ဘူး။
နိမိတ်ပုံတွေနဲ့ တွေးတာနဲ့ ယုတ္တိကျကျ တွေးတာဟာ တခုနဲ့တခု ဆက်စပ်နေတယ်။ တခုကိုတခု ဖြည့်ဖက်ဖြစ်တယ်။
စိတ်ကူးတာကို စိတ်ကူးယဉ်တာနဲ့ ရောထွေးမပစ်သင့်ဘူး။ နိမိတ်ပုံတွေနဲ့ တွေးတာကို ရုပ်ဒြပ်ကျတဲ့ သရုပ်ဖော်ရေး နည်းလမ်းအဖြစ် ပြုလုပ်တာဟာလည်း ရူပကနယ်ပယ်လောက်တင် ကန့်သတ်ထားတာ မဟုတ်သေးပါဘူး။
(ဆက်လက်ဖေါ်ပြသွားပါမည်)

Thursday, January 3, 2008

မောင့်မဟာဂီတ

နမ်းနေတဲ့

ခလေးကလေးနှစ်ယောက်

ခေါင်းချင်းဝှေ့နေတဲ့

ကြောင်ကလေးနှစ်ကောင်

တကိုင်းတည်းနားနေတဲ့

ငှက်ကလေးနှစ်ကောင်

ဧည့်ခန်းထဲကဘီရိုပေါ်

ချစ်ခြင်းမေတ္တာတွေ သူခင်းကျင်းထားပုံ၊


သမီးလုပ်သူက

ချစ်တဲ့သူရင်ခွင်မှာ

သိုက်မြုံအသစ်ကလေးဖွဲ့လို့

သားကတော့

အပျံသင်စ..၊


ငါ့တဘဝလုံး

မင်းတို့ကိုထိုးမကျွေးနိုင်ဘူးတဲ့

မိသားစုဘဝကို

သူ့အကျဉ်းခန်းလို့ခံစားနေရတဲ့

လင်သားရဲ့ပူလောင်နေပုံကို

သူက ယပ်ကလေးခပ်ပေးချင်နေပြန်တယ်၊


သြော် သူမအောင်မြင်ခဲ့ရှာဘူး

သူလုပ်ချင်တာတွေ မလုပ်ရသေးဘူး

သူ့တဘဝလုံး အလိုမပြည့်ခဲ့ရှာသူ

သူ့မျက်လုံးတွေက အမြဲတမ်း အဝေးကိုငေးမောလို့

ကျမရှင့်ကိုနားလည်ခဲ့ပါတယ်

အိမ်ရှေ့မီးတိုင်လေးအောက်ကနေလည်း

ကျမရှင့်ကိုစောင့်မျှော်ခဲ့ဘူးပါတယ်

အိမ်ရှေ့ကကျော်ကျော်သွားတဲ့စာပို့သမားကိုခိုးခိုးစောင့်ရင်းလည်း

ကျမမျက်ရည်ကျခဲ့ဘူးပါတယ်

နှစ်ကာလတော်တော်များများမှာ

သားလေးနဲ့သမီးကိုဖက်ရင်း

ရှင်မရှိတဲ့အိပ်ယာတခြမ်းကို

ကလေးတွေမနိုးအောင်ဖွေစမ်းရင်း

ကြိတ်လွမ်းခဲ့ဘူးပါတယ်၊


ရှင့်ယုံကြည်ချက်အတွက်

ကျမလည်း ရဲစခန်းမှာ ငုတ်တုတ်ထိုင်မိုးလင်းခဲ့ဘူးပါတယ်

ရှင်ရှိတဲ့နံရံကြီးတွေရှေ့မှာ

တနေကုန်ထိုင်စောင့်ရင်း

ဆေးလိပ်တစည်းနဲ့ ငပိကြော်တထုပ်

ချစ်အပြုံးနဲ့ သတင်းစကား

ကျမအားပေးခဲ့ဘူးပါတယ်၊

အဲ့ဒီတုန်းကတော့မလွမ်းဘူး

တရေးနိုးလို့ငဲ့စောင်းကြည့်လိုက်တောင်

ဘေးနားမှာရှင်အိပ်နေသလိုပဲ

လွတ်နေတဲ့ခေါင်းအုံးတောင် နွေးလို့

ဘာမှသိပ်မသိသေးတဲ့သမီးကတောင်

သူ့အဖေအိမ်မှာရှိနေသလို

အရယ်အပြုံးမပျက်ဘူး

ကစားရာကပြန်လာရင်

ဖေကြီးဘယ်မှာလဲလို့မမေးဘူး

ဒါဟာ ဆုံးရှုံးမှုတခု ကွက်လပ်တခု ပေးဆပ်ခြင်းတခုလို့

တမိသားစုလုံး မခံစားခဲ့ရဘူး

နားထင်မှာစို့ခဲ့တဲ့ချွေးကို

ဘဝလေပူမှာသွေ့ခြောက်စေခဲ့တယ်

ရှင့်အင်အားတွေနဲ့

ကျမသန်မာခဲ့ဘူးတာပေါ့

အဲဒီတုန်းကလေ။


သတိရတယ်

မိုးစိုနေတဲ့ရှင့်လက်မောင်းက

ကျမပါးပြင်ကိုနွေးထွေးစေခဲ့

အိမ်ကိုပြန်လာတဲ့လမ်းကြားလေးထဲမှာ

နှစ်ဦးသားစကားမဆိုမိကြ

စကားလုံးတွေမလိုအပ်လောက်အောင်

တို့တွေပူနွေးနေခဲ့ကြတာမဟုတ်လား

ပိန်ချုံးချုံးမျက်နှာကိုစိုက်ငေးရင်း

ရှင့်မျက်လုံးတွေက အရင်ထက်တောင် တောက်ပလာတယ်လို့

ကျမတွေးခဲ့ဘူးတယ်

ရှင်ကတော့

ကျန်ခဲ့တဲ့သူငယ်ချင်းတွေကိုတွေးပြီး

အိမ်ကထမင်းပွဲကို ဆက်မစားနိုင်ခဲ့ဘူး

မနက်ကျတော့

အစောကြီးထထိုင်နေတယ်

ဒီအချိန်တန်းဖွင့်ပြီတဲ့

ဘုရားခန်းကျဉ်းကျဉ်းလေးထဲ

တနေကုန်လမ်းလျောက်နေပြန်ရော

ကျမဆိုင်သိမ်းလို့ပြန်လာတော့

သော့ခလောက်သံလည်းမကြားပါလားလို့

တကိုယ်တည်း တိုးတိုး တိုးတိုး ပြောနေပြန်ရဲ့၊


ရှင့်အလုပ်အားလုံးကို

ကျမနားမလည်ပါဘူး

ရှင်ယုံကြည်တာတွေ၊ ရှင်ရွတ်ဖတ်တာတွေလည်း

ကျမအားလုံးနားမလည်ဘူး

ရှင့်စာအုပ်တွေကို

အထုပ်ထုပ်ပြီးသိမ်းပေးထားခဲ့ပေမယ့်

တအုပ်မှ ကျမမဖတ်ဘူး

ကာတွန်းစာအုပ်တောင် ကျော်ကျော်ဖတ်လို့

ရှင့်ကကျမကိုဆူဘူးတယ်နော်

ဒါပေမယ့် ကျမရှင့်ကိုနားလည်ခဲ့ပါတယ်

ချစ်ခြင်းမေတ္တာဆိုတာ အရာအားလုံးကိုနားလည်တယ်လေ

ကျမရှင့်ကိုတော့ စာတလုံးတောင်ကျော်မဖတ်ခဲ့ပါဘူး၊


ဒါပေမယ့်

တနေရာမှာ တခုခုတော့မှားခဲ့တယ်

သားလေးမွေးပြီးချိန်

ရှင်အဝေးကိုထွက်သွားတယ်

ရှင်မယဉ်ပါးတဲ့တောနက်ထဲဝင်ပြီး

ရှင်မသိတဲ့အိပ်မက်တွေကို အမဲလိုက်ခဲ့တယ်

ငါဒုက္ခရောက်ချိန်မှာ

မင်းက မင်းမေတ္တာတရားကိုပြသဖို့ အခွင့်အရေးရခဲ့တယ်

မင်းစားချင်တဲ့သစ်သီးကို ငါခူးပေးမယ်တဲ့

ဒါပေမယ့် ရှင်ခူးတဲ့သစ်သီးမှာ ခါချဉ်ထုတ်နဲ့

ကျမအသဲနှလုံးကိုတုတ်တယ်

ဒီနေရာမှာ ကျမကို စာမျက်နှာကျော်ဖတ်ခွင့်ပြုပါ

စာလုံးတွေက ဝါးလာတယ်

ဒီကွက်လပ် ဒီဆုံးရှုံးမှု

ဘယ်တော့မှပြန်မပြည့်နိုင်တော့ဘူး

ကံကောင်းထောက်မစွာ

ရှင်အခု ကျမလှောင်အိမ်လေးထဲမှာ

ဒါပေမယ့် ရှင်သီတဲ့တေးက

အဝေးတောတန်းတနေရာ..၊


ဒီလှောင်အိမ်မှာ

ရှင်မုန်းတဲ့သော့ခလောက်မရှိဘူး

ချစ်ခြင်းမေတ္တာဆိုတာ

ကြိုးတချောင်းမဟုတ်ဘူး

ကားနံပတ်ပြားမဟုတ်ဘူး

ဘီရိုထဲမှာ

ဘဝနှစ်ခုကို အလှထည့်ထားဖို့မလိုဘူး

ရှင်သွားမယ့်လမ်းမှာ

တံတားတခုပဲဖြစ်ချင်ပါတယ်

ကျမဟာတံခါးတချပ်မဟုတ်ပါဘူး မောင်..၊


ညားကာစကတည်းက

ရှင်က ကျမကို မောင် လို့ခေါ်စေချင်ခဲ့တယ်မဟုတ်လား

ဒါပေမယ့်

နှုတ်မရဲတာလား

အစွဲအလန်းတခုကြောင့်လား

ခေါ်စေချင်မှန်းသိလို့ ရှင့်ကိုနောက်ရင်း နှုတ်ကျိုးသွားတာလား

ဘယ်တုန်းကမှ မောင် လို့ မခေါ်ဖြစ်ခဲ့ဘူး

သမီးမွေးကတည်းက

ဖေကြီးလို့ခေါ်ခဲ့တာလေ

ခုတော့ ငွေရတုတိုင်ရော့မယ်

ဟေမာနေဝင်းစတိုင်နဲ့ဖြစ်ဖြစ်

မေဆွိလေသံနဲ့ဖြစ်ဖြစ်

တခါလောက်တော့ မောင် လို့ ခေါ်ကြည့်ရအုန်းမယ်

ရှင့်ခြေလှမ်းတွေနှေးသွားအောင်

စောင်းငဲ့ကြည့်စေချင်လို့တော့ မဟုတ်ပါဘူးနော်

ချစ်ခြင်းမေတ္တာဆိုတာ

ဘာကိုမှမတားမြစ် မချုပ်နှောင်ပါဘူး မောင်ရယ်၊


တချိန်မှာ

ဧည့်ခန်းလေးထဲ

သူတယောက်တည်း ထိုင်နေမှာ

အခြားတနေရာမှာ သူ့ဖာသာတောက်လောင်နေမယ့်သူ့လင်သားကို

သူက မီးလှမ်းလှုံချင်လှုံနေမှာ

အချိန်တန်ရင်တော့

အိမ်ပြန်လာနေကြပါလေလို့ တိုးတိုးဆိုရင်း

ဟင်းအိုးတွေနွှေးချင်နွှေးနေအုန်းမှာ

သူ့ပြတင်းပေါက်မှာလာလာနားမယ့်

သားနဲ့သမီးကို

နေရောင်ခြည်လို

ခန်းဆီးလေးတွေလှပ်လှပ်ပြီး မျှော်နေမှာ

ငွေရတုတမနက်ခင်းရဲ့

စိုသီးလက်ပနေတဲ့မြက်ဖျားနှင်းစက်လေးတွေကိုကြည့်ရင်း

မောင် လို့

သူ့နှလုံးသားကိုသူတီးခတ်လိုက်တဲ့အသံလေးထွက်လာတဲ့အခါ

မှန်ဘီရိုထဲကအရုပ်ကလေးတွေက တလှုပ်လှုပ်နဲ့ကခုန်ကြလေရဲ့

အချစ်ဆိုတာ

စာသားထည့်ဆိုဖို့မလိုတဲ့

ဂီတတခုပါကွယ်

အားလုံးပြည့်စုံခဲ့ပါတယ် မောင်..။


နှင်းခါးမိုး


တပတ်လောက် ပျောက်ခဲ့တဲ့ချောင်းက ဒီညမှာ ပြန်ထချင်သလိုဖြစ်။ ချောင်းရှင်းရင်း ထထိုင်ဖြစ်ရာက ၂၀၀၈ ထဲ ရက်စွန်းလာတာကို သတိရ။ ဒီလိုနဲ့ ကိုယ့်ဘ၀ ကိုယ့်အလုပ်တွေအကြောင်း ပြန်စဉ်းစားဖြစ်။ ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတခုလိုဖြစ်ခဲ့တဲ့ ကျနော့်ရဲ့ မ အကြောင်း အတွေးရောက်သွားရာကနေ ဒီကဗျာကို ချရေးဖြစ်ခဲ့မိတာပါ။ တင်ခဲ့တဲ့အကြွေးတွေ၊ ထပ်တင်အုန်းမယ့်အကြွေးတွေ ဒီတခုနဲ့မကြေမှန်းသိပေမယ့်၊ သူကလည်း ပြန်ရကောင်းစေ ဘယ်တော့မှ ပြန်တောင်းဆိုမှာမဟုတ်ပေမယ့် သူ့အပေါ် အတိုင်းအတာတခုအထိ ကျနော့် စောင်းငဲ့ကြည့်ဖို့ ကြိုးစားခဲ့ပါကြောင်း သိစေချင်တာပါပဲ။

Wednesday, January 2, 2008

ခေတ်ပေါ်ကဗျာဆရာလက်စွဲ ရေးသူ...အိုက်ချင့်(တရုတ်ကဗျာဆရာ) ဘာသာပြန်သူ...မောင်သာနိုး

အမှာစကားများ

တရုတ်ကဗျာဆရာကြီး အိုက်ချင့်ဟာ ကဗျာအကြောင်း စာတမ်းကို ၁၉၃၉ က ရေးခဲ့တာပါ။ အင်မတန် တွင်ကျယ်ခဲ့ပါတယ်။ ဒီခေါင်းစဉ်နဲ့ပဲ ၁၉၈၇ နှစ်ဦးပိုင်းမှာ အသစ်ရေးပြန်တယ်။ ခေတ်သစ်အတွက် အတွေးသစ်တွေ ဖြည့်စွက်ပါလာတယ်။ အခု ဒီစာတမ်းကို ဘာသာပြန် တင်ဆက်လိုက်တယ်။

မောင်သာနိုး

တရုတ်ကဗျာဆရာကြီး အိုက်ချင့် ရဲ့ ကဗျာအကြောင်း စာတမ်းကို ၁၉၈၈ ဖေဖေါ် ၀ါရီ၊ မတ်၊ စံပယ်ဖြူမဂ္ဂဇင်းမှာ ဘာသာပြန် ဖေါ်ပြခဲ့ပါတယ်။ အဲဒီဘာသာပြန် မှုကိုပဲ အခြေအနေ အားလျော်စွာ အရှိန်မြှင့်ကာ ခေတ်ပေါ်ကဗျာဆရာလက်စွဲ အမည်ဖြင့် ထုတ်ဝေလိုက်ခြင်း ဖြစ်ပါကြောင်း။

အလင်းတိုက်

၁၉၉၅ ခုနှစ်က ပထမအကြိမ်အဖြစ် အလင်းတိုက်စာပေက ထုတ်ဝေခဲ့တဲ့ ဒီစာအုပ် ကို ဒီအချိန်မှာလည်း လိုအပ်မယ်လို့ ယုံကြည့်တဲ့အတွက် ဒုတိယအကြိမ်အဖြစ် ထပ်မံထုတ်ဝေလိုက်ပါတယ်။ ဒီအတွက် ပထမအကြိမ်စီစဉ်သူ အလင်းတိုက်စာပေနဲ့ အထူးသဖြင့် ထုတ်ဝေဖြန့်ချီဖို့ ခွင့်ပြုတဲ့ ဆရာမောင်သာနိုးကို လေးစားစွာ ကျေးဇူးတင်ရပါတယ်။

နှစ်ကာလများ

ဒီစာအုပ်ကလေးကို ကဗျာချစ်သူ တော်တော်များများ ဖတ်ရှုပြီး ဖြစ်ကောင်းဖြစ်ပါ လိမ့်မယ်။ ဒါပေမယ့် အွန်လိုင်းပေါ်မှာ အီးဘုတ်အဖြစ်တော့ ကျနော် လက်လှမ်း မီသလောက် မတွေ့မိသေးပါဘူး။ ရေးသူ ထုတ်သူ စာအုပ် မူပိုင်ရှင်များထံ ခွင့်တောင်းဖို့ အခွင့်မသာပေမယ့်၊ မြန်မာကဗျာ တိုးတက်ရေးမှာ နှမ်းတစေ့မျှဖြစ်စေ ကျနော့်ရဲ့ ပါဝင်အားထုတ်လိုမှုကို နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်လို့ ဒီဘလော့ကလေးပေါ် ကြိုးစားတင်ပေးလိုက်ပါတယ်။ အပိုင်းများခွဲပြီး ပုံမှန်တင်ပေးသွားမှာ ဖြစ်သလို ပြီးဆုံးသွားတဲ့အခါ အီးဘုတ်ကလေးအဖြစ်လည်း မျှဝေပေးသွားဖို့ ရည်ရွယ်ပါတယ်။

နှင်းခါးမိုး

( ခေတ်ပေါ်ကဗျာဆရာလက်စွဲ - အိုက်ချင့် )

၁။ ဖန်ဆင်းမှုရဲ့အစ

အရာဝတ္ထု အဖြစ်အပျက်တခုကြောင့် ရုတ်တရက် ထိခိုက်သွားမိတဲ့ ခံစားမှုမျိုးကို လူတိုင်း ကြုံဖူးတယ်။ ဒီခံစားမှုဟာ ကြာရှည်မခံဘူး။ ဒါကို ကြာရှည်ခံအောင် လုပ်မယ်လို့ စိတ်ကူးပေါက်လာမှသာ ကဗျာ ဖန်ဆင်းမှု စတင်တယ်။
ကလောင်ကို ကောက်ကိုင်မိအောင် ပို့ပေးလိုက်တာဟာ အတွေးလေးတခု ဖြစ်ချင်ဖြစ်မယ်။ ခံစားမှုကလေး၊ ရေးစရာကို အနုပညာမြောက်မြောက် ၀င်စားကြည့်မိတာကလေး၊ နင့်ကနဲ ထိခိုက်သွားမိတဲ့ အဖြစ်အပျက်ကလေး ဖြစ်ချင်ဖြစ်မယ်။
ဘယ်ဖန်ဆင်းမှုမှ စိတ်နဲ့ ဆင်ခြင် တွေးတောမှု မပါဘဲ မဖြစ်ဘူး။
ကဗျာကို ရေးချမိတဲ့အထိ ရောက်သွားစေတဲ့ ဆင်ခြင်တွေး တွေးမှုဆိုတာ မူလ ပထမအားဖြင့် နိမိတ်ပုံတွေနဲ့ လုပ်ရတဲ့ ကြံစည်တွေးတောမှု ဖြစ်တယ်။ မူလ ပထမလို့ ပြောတာနော်။ လုံးဝလို့ ပြောတာ မဟုတ်ဘူး။
ကိုယ်ဖေါ်ပြချင်တဲ့ အကြောင်းအရာကို အမိအရ ဖမ်းရမယ်ဆိုလျှင် သူ့ကို ပုံကြမ်းလောင်းရင်း သူရဲ့ ပုံသဏ္ဌာန်၊ အရောင်၊ လှုပ်ရှားမှု၊ အသံ၊ အနံ့၊ အရသာတို့နဲ့တကွ ဒါတွေ အချင်းချင်း ဆက်သွယ်ပုံပေါ် အခြေခံပြီး၊ ရူပကတွေကို ရှာရလိမ့်မယ်။
ရူပက ရှာတာဟာ နိမိတ်ပုံတွေနဲ့ တွေးတာ လို့ ကျုပ်ပြောခဲ့တာပါပဲ။
ဒီ ကြံစည်တွေးတောမှုက ခံစားမှုနဲ့ စတင်တယ်။ ခံစားမှုက စိတ်ကူးမှုနဲ့ စိတ်ထဲ ဆက်နွယ်ကြည့်မှုကို လှုံ့ဆော်ပေးကာ ကတ္တားပိုင်း (ကဗျာဆရာ) နဲ့ ကမ္မပိုင်း (ပြင်ပကမ္ဘာရှိ အရာဝတ္ထုများ) ဆက်သွယ်မှုကို ထူထောင်ပေးလိုက်တယ်။
ဝတ္ထု၊ ကဗျာရှည်ရှည်တပုဒ် ရေးရာမှာ ၀တ္ထု ဇာတ်လမ်းသွားနဲ့ ဇာတ်ကောင်တွေ အစီအစဉ်ကို ခန့်ခွဲရတာက အချိန်တော်တော်ကလေး လိုအပ်တယ်။

( ဆက်လက်ဖေါ်ပြသွားပါမည် )