Wednesday, January 2, 2008

ခေတ်ပေါ်ကဗျာဆရာလက်စွဲ ရေးသူ...အိုက်ချင့်(တရုတ်ကဗျာဆရာ) ဘာသာပြန်သူ...မောင်သာနိုး

အမှာစကားများ

တရုတ်ကဗျာဆရာကြီး အိုက်ချင့်ဟာ ကဗျာအကြောင်း စာတမ်းကို ၁၉၃၉ က ရေးခဲ့တာပါ။ အင်မတန် တွင်ကျယ်ခဲ့ပါတယ်။ ဒီခေါင်းစဉ်နဲ့ပဲ ၁၉၈၇ နှစ်ဦးပိုင်းမှာ အသစ်ရေးပြန်တယ်။ ခေတ်သစ်အတွက် အတွေးသစ်တွေ ဖြည့်စွက်ပါလာတယ်။ အခု ဒီစာတမ်းကို ဘာသာပြန် တင်ဆက်လိုက်တယ်။

မောင်သာနိုး

တရုတ်ကဗျာဆရာကြီး အိုက်ချင့် ရဲ့ ကဗျာအကြောင်း စာတမ်းကို ၁၉၈၈ ဖေဖေါ် ၀ါရီ၊ မတ်၊ စံပယ်ဖြူမဂ္ဂဇင်းမှာ ဘာသာပြန် ဖေါ်ပြခဲ့ပါတယ်။ အဲဒီဘာသာပြန် မှုကိုပဲ အခြေအနေ အားလျော်စွာ အရှိန်မြှင့်ကာ ခေတ်ပေါ်ကဗျာဆရာလက်စွဲ အမည်ဖြင့် ထုတ်ဝေလိုက်ခြင်း ဖြစ်ပါကြောင်း။

အလင်းတိုက်

၁၉၉၅ ခုနှစ်က ပထမအကြိမ်အဖြစ် အလင်းတိုက်စာပေက ထုတ်ဝေခဲ့တဲ့ ဒီစာအုပ် ကို ဒီအချိန်မှာလည်း လိုအပ်မယ်လို့ ယုံကြည့်တဲ့အတွက် ဒုတိယအကြိမ်အဖြစ် ထပ်မံထုတ်ဝေလိုက်ပါတယ်။ ဒီအတွက် ပထမအကြိမ်စီစဉ်သူ အလင်းတိုက်စာပေနဲ့ အထူးသဖြင့် ထုတ်ဝေဖြန့်ချီဖို့ ခွင့်ပြုတဲ့ ဆရာမောင်သာနိုးကို လေးစားစွာ ကျေးဇူးတင်ရပါတယ်။

နှစ်ကာလများ

ဒီစာအုပ်ကလေးကို ကဗျာချစ်သူ တော်တော်များများ ဖတ်ရှုပြီး ဖြစ်ကောင်းဖြစ်ပါ လိမ့်မယ်။ ဒါပေမယ့် အွန်လိုင်းပေါ်မှာ အီးဘုတ်အဖြစ်တော့ ကျနော် လက်လှမ်း မီသလောက် မတွေ့မိသေးပါဘူး။ ရေးသူ ထုတ်သူ စာအုပ် မူပိုင်ရှင်များထံ ခွင့်တောင်းဖို့ အခွင့်မသာပေမယ့်၊ မြန်မာကဗျာ တိုးတက်ရေးမှာ နှမ်းတစေ့မျှဖြစ်စေ ကျနော့်ရဲ့ ပါဝင်အားထုတ်လိုမှုကို နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်လို့ ဒီဘလော့ကလေးပေါ် ကြိုးစားတင်ပေးလိုက်ပါတယ်။ အပိုင်းများခွဲပြီး ပုံမှန်တင်ပေးသွားမှာ ဖြစ်သလို ပြီးဆုံးသွားတဲ့အခါ အီးဘုတ်ကလေးအဖြစ်လည်း မျှဝေပေးသွားဖို့ ရည်ရွယ်ပါတယ်။

နှင်းခါးမိုး

( ခေတ်ပေါ်ကဗျာဆရာလက်စွဲ - အိုက်ချင့် )

၁။ ဖန်ဆင်းမှုရဲ့အစ

အရာဝတ္ထု အဖြစ်အပျက်တခုကြောင့် ရုတ်တရက် ထိခိုက်သွားမိတဲ့ ခံစားမှုမျိုးကို လူတိုင်း ကြုံဖူးတယ်။ ဒီခံစားမှုဟာ ကြာရှည်မခံဘူး။ ဒါကို ကြာရှည်ခံအောင် လုပ်မယ်လို့ စိတ်ကူးပေါက်လာမှသာ ကဗျာ ဖန်ဆင်းမှု စတင်တယ်။
ကလောင်ကို ကောက်ကိုင်မိအောင် ပို့ပေးလိုက်တာဟာ အတွေးလေးတခု ဖြစ်ချင်ဖြစ်မယ်။ ခံစားမှုကလေး၊ ရေးစရာကို အနုပညာမြောက်မြောက် ၀င်စားကြည့်မိတာကလေး၊ နင့်ကနဲ ထိခိုက်သွားမိတဲ့ အဖြစ်အပျက်ကလေး ဖြစ်ချင်ဖြစ်မယ်။
ဘယ်ဖန်ဆင်းမှုမှ စိတ်နဲ့ ဆင်ခြင် တွေးတောမှု မပါဘဲ မဖြစ်ဘူး။
ကဗျာကို ရေးချမိတဲ့အထိ ရောက်သွားစေတဲ့ ဆင်ခြင်တွေး တွေးမှုဆိုတာ မူလ ပထမအားဖြင့် နိမိတ်ပုံတွေနဲ့ လုပ်ရတဲ့ ကြံစည်တွေးတောမှု ဖြစ်တယ်။ မူလ ပထမလို့ ပြောတာနော်။ လုံးဝလို့ ပြောတာ မဟုတ်ဘူး။
ကိုယ်ဖေါ်ပြချင်တဲ့ အကြောင်းအရာကို အမိအရ ဖမ်းရမယ်ဆိုလျှင် သူ့ကို ပုံကြမ်းလောင်းရင်း သူရဲ့ ပုံသဏ္ဌာန်၊ အရောင်၊ လှုပ်ရှားမှု၊ အသံ၊ အနံ့၊ အရသာတို့နဲ့တကွ ဒါတွေ အချင်းချင်း ဆက်သွယ်ပုံပေါ် အခြေခံပြီး၊ ရူပကတွေကို ရှာရလိမ့်မယ်။
ရူပက ရှာတာဟာ နိမိတ်ပုံတွေနဲ့ တွေးတာ လို့ ကျုပ်ပြောခဲ့တာပါပဲ။
ဒီ ကြံစည်တွေးတောမှုက ခံစားမှုနဲ့ စတင်တယ်။ ခံစားမှုက စိတ်ကူးမှုနဲ့ စိတ်ထဲ ဆက်နွယ်ကြည့်မှုကို လှုံ့ဆော်ပေးကာ ကတ္တားပိုင်း (ကဗျာဆရာ) နဲ့ ကမ္မပိုင်း (ပြင်ပကမ္ဘာရှိ အရာဝတ္ထုများ) ဆက်သွယ်မှုကို ထူထောင်ပေးလိုက်တယ်။
ဝတ္ထု၊ ကဗျာရှည်ရှည်တပုဒ် ရေးရာမှာ ၀တ္ထု ဇာတ်လမ်းသွားနဲ့ ဇာတ်ကောင်တွေ အစီအစဉ်ကို ခန့်ခွဲရတာက အချိန်တော်တော်ကလေး လိုအပ်တယ်။

( ဆက်လက်ဖေါ်ပြသွားပါမည် )

No comments: