Monday, September 17, 2007

စားပွဲကို အချစ်နဲ့ ထုကြပါစို့


ညစ်ထေးသလောက် လှပတဲ့ အဲဒီဧရာဝတီဆိုတဲ့ မြစ်ကြီးဘေးမှာပဲ
သူ့ဘ၀ကို အသစ်စခဲ့ပါတယ်ဆိုတဲ့၊
မြန်မာပြည်က ပိတောက်ပန်းအကြောင်း ကဗျာဖွဲ့ခဲ့တဲ့၊
ကဗျာဆိုတာ ကျနော်တို့တွေ လုပ်ငန်းခွင်မှာ ၀တ်ထားတဲ့အ၀တ်အစားလိုပဲ
မသန့်စင်နိုင်ဘူးလို့ ဆိုခဲ့တဲ့
ကြီးမြတ်သောကဗျာဆရာလူဆိုးကြီး နီရူဒါ ရဲ့
သစ်ခုတ်သမားနိုးကြားလော့
ကဗျာရှည်ကြီးထဲက နောက်ဆုံးအပိုဒ်တပိုဒ်ပါ။

.................................
အိပ်မက်တွေထဲမှာ ငါဟာ

အိမ်ကိုပြန်ရောက်နေတယ၊်

အဲဒီမှာ လေဟာ စပါးကျီကိုခေါက်နေတယ်
ပင်လယ်က ရေခဲတွေကို ပက်နေတယ်
ငါဟာ ကဗျာဆရာတယောက်သာဖြစ်တယ်
သင်တို့အားလုံးကို ငါချစ်တယ်၊
ငါချစ်တဲ့ ကမ္ဘာကြီးထဲမှာ ငါလျောက်သွားတယ်
ငါ့တိုင်းပြည်မှာ သူတို့ဟာ
သတ္တုတွင်းတူးသမားတွေကို
ထောင်သွင်းအကျဉ်းချထားပြီး
သူတို့တွေက တရားသူကြီးတွေကို
အမိန့်တွေပေးနေကြတယ်။
ဒါပေမယ့် အေးစက်တဲ့ငါ့တိုင်းပြည်ကလေးမှာ

သစ်မြစ်တွေကိုတောင် ငါချစ်တယ်၊
တကယ်လို့ အကြိမ်ပေါင်းတထောင်သေလို့ရှိရင်

အဲဒီမှာပဲ ငါသေချင်တယ်၊
တကယ်လို့ အကြိမ်ပေါင်းတထောင်ပြန်မွေးရင်လည်း

အဲဒီမှာပဲ ငါမွေးချင်တယ်၊
မြင့်မားတဲ့ထင်းရူးရိုင်းပင်ကြီးတွေနားမှာ
မုန်တိုင်းထန်တဲ့တောင်လေမှာ
အသစ်ဝယ်ထားတဲ့ခေါင်းလောင်းတွေနားမှာ

ဘယ်သူမှ ငါ့အကြောင်းကို မတွေးပါစေနဲ့တော့၊

ကမ္ဘာမြေကြီးအကြောင်းကိုပဲတွေးပြီး

စားပွဲကို အချစ်နဲ့ ထုကြပါစို့

ပေါင်မုန့်ကိုနှစ်ဖို့၊ ပဲတောင့်ကိုနှစ်ဖို့၊ ဂီတကိုနှစ်ဖို့

သွေးတွေကို နောက်ထပ်မလိုချင်တော့ဘူး၊

သတ္တုတွင်းတူးသမားရယ်၊ သူငယ်မလေးရယ်

ရှေ့နေရယ်၊ သင်္ဘောသားရယ်
အရုပ်လုပ်တဲ့သူရယ်

သူတို့ကို ရုပ်ရှင်ရုံထဲ ၀င်ကြည့်စေချင်တယ်

ပြန်ထွက်လာတော့ အနီရဲဆုံးဝိုင်ကိုသောက်စေချင်တယ်၊
ငါဟာ ပြဿနာကိုဖြေရှင်းဖို့ လာတာမဟုတ်ဘူး

တေးဆိုဖို့လာတာဖြစ်တယ်
သင်တို့လည်း ငါနဲ့အတူ တေးဆိုစေချင်တယ်။ ။





သစ်ခုတ်သမား နိုးကြားလော့ ( နီရူဒါ )
မောင်သစ်တည် ဘာသာပြန်
နိုင်ငံတကာကဗျာရှည်သုံးပုဒ်




No comments: