Wednesday, July 2, 2008

နှလုံးသားထဲမှာနေတဲ့ တစ္ဆေ

( ၀တ္ထုတို )
နှင်းခါးမိုး

၁။

ရနံ့က သင်းပျံ့လှသည်။ သူ့ရင်မှာ လှိုက်မောလာသည်။ သေချာတာကတော့ သနပ်ခါးရနံ့ဖြစ်သည်။ မိန်းမတယောက် သနပ်ခါး ခြေဆုံးခေါင်းဆုံးလိမ်းကာ သူ့အနားမှာ လာထိုင်နေသလို ခံစားရသည်။ ပထမတော့ ရနံ့မှာ သာယာသလို ရှိခဲ့သေးသည်။ သူ့မိန်းမကလည်း အိပ်ယာဝင်ကာနီးဆိုလျင် ရေမိုးချိုးကာ သည်လို သနပ်ခါးရနံ့ သင်းပျံ့စွာ နေတတ်သည်လေ။ အိမ်ကိုပင် လွမ်းမိသေးတော့။ အိမ်လွမ်းသည့် စိတ်ကြောင့်ပင် သနပ်ခါးရနံ့ကို ရလေသည်လား။ အလွန်ငတ်ပြတ်ကာ ဆာလောင်နေသူတို့သည် နှာခေါင်းမှာ ဟင်းနံ့ကျွေးနံ့တွေ ရလာလိုက်၊ မျက်စိထဲမှာ ထမင်းပွဲ ဟင်းပွဲကြီးတွေ မြင်လိုက် ဖြစ်တတ်သည်ဟု သူကြားဖူးသည်။ ယခုလည်း အိမ်ကမိန်းမကို သတိရကာ သည်လို ဖြစ်နေတာများလား။ ကိုယ့်စိတ်ကိုယ် အရင် စစ်ကြောမိသည်။ သိုပေမယ့် သနပ်ခါးရနံ့က ပျောက်မသွား။ အခန်းထဲမှ အတူနေ နှစ်ဦးကို မေးကြည့်တော့ တဦးက အေး.. သနပ်ခါးနံ့လိုလိုပဲဟု ပြောပြီး၊ တဦးကတော့ ကိုယ်တော့ ဘာနံ့မှ မရပါဘူးဟု ပြောလေသည်။ ခက်တော့ နေချေပြီ။ ဘေးခန်းက တယောက်ယောက်များ စိတ်ရူးထကာ သနပ်ခါး လိမ်းလေသလား။ ဒါလည်း သေချာတွေးကြည့်တော့ မဖြစ်နိုင်။ ခုခေတ် လူငယ်တချို့သာ သနပ်ခါးလိမ်းကျင့် ရှိတတ်ကြသည်။ ဘေးခန်းမှာက လူကြီးတွေ များသည်။ ရှိသည့် လူငယ် တယောက်နှစ်ယောက်ကလည်း သည်လို ၀ါသနာမျိုး မရှိတတ်တာ အားလုံးသိသည်။ ပြီးတော့ လေအတော်သင့်ပါမှ ဟိုဘက်ခန်းက အနံ့ သည်ဘက်ခန်းက ရတတ်တာမျိုးဖြစ်သည်။ သို့သော် သနပ်ခါးရနံ့က ပျောက်မသွား။ သူ့နှာဝ သူ့စိတ်အာရုံကို ကလူ တို့ထိလို့နေသည်။ သူ့အနံ့ခံအာရုံမှာ တခုခု မှားနေတာ၊ သူ့စိတ်မှာ တခုခု မှားနေတာ ဒါပဲ ဖြစ်လိမ့်မည်။ သည်နေရာနှင့် သည်ရနံ့က ဘယ်လိုမှ မအပ်စပ်။ အကျဉ်းခန်းနှင့် သနပ်ခါးရနံ့။

သူ့စိတ်မှာ ရှုတ်ထွေးလာသည်။ ဖျာပေါ် ကျောလှဲချလိုက်ပြီး မျက်နှာကြတ်က မီးလုံးကို စိုက်ကြည့်နေမိသည်။ အလင်းရောင် အ၀ါတန်းများက ခဲကျသည့် ရေဂယက်လို ၀ိုင်းပြန့် ကားထွက်ကာ အမြင်မှာ ပြေးနေကြသည်။ နံရံမှာ အိမ်မြှောင်တကောင်က ငြိမ်သက်စွာ အစာချောင်းနေသည်။ သူ့မျက်ခွံများသည် ပုတ်ခတ် ပုတ်ခတ်လုပ်ကာ ပျောက်ဆုံးနေသော အိပ်စက်ခြင်းကို လိုက်ရှာနေသည်။ သနပ်ခါးရနံ့ကတော့ နောက်ထပ် ရောက်မလာတော့။ သိုပေမယ့် သူ့စိတ်ထဲမှာတော့ မွှေးပျံ့နေဆဲ။ ဘာဖြစ်တာလဲ။ ဘာအဓိပါယ်လဲ။ အဖြေ မရသောအခါ မေးခွန်းများက ပိုထူထဲလာသည်။ သူ့စိတ်ကို ဖိစီးလာသည်။ မခံမရပ်နိုင် ဖြစ်လာသောအခါ သူ့စိတ်သည် တနေရာကို ထွက်ပြေးသွားသည်ဟု ထင်သည်။ သူ အိပ်ပျော်သွားသည်။ ဒါမှမဟုတ် အိပ်ပျော်သွားသည်ဟု ထင်သည်။

ထိုစဉ် အရိပ်တခုကြောင့် သူ လန့်နိုးသည်။ အရိပ်ကို သူ သေချာစူးစိုက် ကြည့်လိုက်တော့ မိန်းမတယောက်။ အလို သူတို့အခန်းထဲကို မိန်းမတယောက် ရောက်နေပါကလား။ သူတို့၏ သံတံခါးသည် ဖွင့်မထား။ ဒါက သေချာသည်။ ညနေခင်းကပင် နောက်ဆုံး မိလ္လာချအပြီး အစောင့်ဝန်ထမ်းက သော့ခလောက်ကို ထုံးစံအတိုင်း တဂျောင်းဂျောင်း မြည်အောင် ပိတ်ခတ်သွားပြီး ဖြစ်သည်။ မနက်ခင်း မိလ္လာချချိန် တိုင်သည်ထိ ဖွင့်မည် မဟုတ်တော့။ အခုတော့ သည်ပိတ်ထားသော တံခါးကို တွန်းဖွင့်ကာ သူမ ၀င်လာခြင်းဖြစ်သည်။ မင်း ဘယ်သူလဲ။ ဘာကိစ အခန်းထဲ ၀င်လာတာလဲ။ ဒါ ထောင်ကွ။ မိန်းမတွေ အလည်လာရမယ့် နေရာ မဟုတ်ဘူး။ စိတ်က တင်းထန်စွာ ပြောသော်လည်း ကျနော့်အသံက လှုပ်ခတ်နေပုံရသည်။ သူမက ညင်သာစွာ ပြုံးသည်။ ဒါမှမဟုတ် ပြုံးသည်ဟု ကျနော်က ထင်တာလည်း ဖြစ်နိုင်သည်။ ဘာမှ မသဲကွဲ။ သည်ညအဖို့တော့ ဘာမှ မသဲကွဲ။

သဲသဲကွဲကွဲ သိတာကတော့ သူမကို ကျနော် ဘယ်တုန်းကမှ မမြင်ဘူးခဲ့ခြင်း ဖြစ်သည်။ မျက်နှာကျက ခပ်ဝိုင်းဝိုင်း။ ဆံပင်ကို သေသပ်စွာ စည်းနှောင်ထားသည်။ နှုတ်ခမ်းနှင့် မျက်ခုံးက ပေါ်လွင်သည်။ အ၀ါရောင် ၀တ်စုံနှင့်၊ အသားအရည်ကလည်း ၀င်းနေသည်။ ထိုစဉ် ကျနော့်မျက်လုံးတို့ ပြူးကျယ်သွားသည်။ ရင်မှာ တထိတ်ထိတ် ခုန်လာသည်။ သေချာအောင် ကျနော် ထပ်ကြည့်သည်။ သေချာသည်။ မမှား။ သနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်းထားတဲ့ မိန်းမ။ သူမသည် သနပ်ခါး ဖုံနေအောင် လိမ်းထားလေသည်။ သနပ်ခါးရနံ့က သူမဆီမှ သင်းပျံ့စွာ ဝေ့၀ဲ ရောက်ရှိလာပြန်သည်။ ကျနော့်ရင်သည် တဒိတ်ဒိတ် ခုန်နေတော့သည်။ ကျနော့်စိတ်မှာ ဆူပွက်နေသည်။ ကျနော့်ကို ကျောပေးကာ အိပ်မောကျနေသည့် သူငယ်ချင်းဖြစ်သူကို နှိုးရန် ကျနော် ကြိုးစားကြည့်သည်။ သို့သော် သူမက ခွင့်ပြုချင်ပုံ မရ။ ညှိးငယ်သော အကြည့်ဖြင့် ခေါင်းလေး ခါပြသည်။ မင်း ထွက်သွားပါ။ ထွက်သွားပါ မိန်းကလေးရယ်။ ကျနော် အသံကုန်အော်ကာ ပြောလိုက်ချင်သော်လည်း ဘာသံမှ ထွက်မလာနိုင်။ တကိုယ်လုံး ပမ်းဟိုက်ကာ မောလျလာသည်။ သည်အခြေအနေကို ကျနော် ဆက်သည်းမခံနိုင်။ ဒါကို ဘယ်လို အဆုံးသတ်ရမလဲ။ ငါ ဘာလုပ်ရမလဲ။ သူကကော ဘာလုပ်ချင်တာလဲ။ မင်း ငါ့ကို ဘာပြောချင်လို့လဲ မိန်းကလေးရယ်။ သူမက ကျနော်နှင့် ပို နီးကပ်လာသလား။ တဖြေးဖြေး ဝေးသွားနေတာလား။ ကျနော် မသိတော့။ ကျနော် မျက်လုံးကို မှိတ်ပစ်လိုက်သည်။ အသက်ကို မှန်မှန်ရှုဖို့ ကြိုးစားနေလိုက်သည်။ ဘုရားကိုလည်း အာရုံပြုမိသည်။ ခန္ဒာကိုယ်ကို တတ်နိုင်သလောက် မလှုပ်ရှားဖြစ်အောင် သတိထားနေမိသည်။

ဘယ်လောက် ကြာသွားသည် မသိ။ သနပ်ခါးရနံ့က ဖြည်းဖြည်းချင်း ပါးလျသွားသည်။ ကျနော့်စိတ်မှာ အနည်းငယ် တည်ငြိမ်လာသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလောက်သည့် အချိန်မှာ မျက်လုံးကို ကျနော် ဖွင့်လိုက်သည်။ စိတ်ထဲ ပေါ့ပါးသွားသည်။ အနှောင်အဖွဲ့တခုမှ လွတ်မြောက်သွားသလို ခံစားရသည်။ အ၀ါရောင်မိန်းမ မရှိတော့။ မျက်နှာကြတ်မှ မီးရောင်က အခန်းထဲ ဖြာကျနေဆဲ။ ကျနော့်ရှေ့မှာတော့ ဖြူမွဲမွဲ အုတ်နံရံ။ မျက်မှောင်ကုတ်ကာ ကျနော် စဉ်းစားနေမိပြန်သည်။ သံတံခါး။ အိပ်ပျော်နေသည့် သူငယ်ချင်းဖြစ်သူ၏ ကျောပြင်။ ကျနော် မျက်လုံး မမှိတ်ခင်က ညာဘက်ကို စောင်းကာ လှဲနေခြင်းဖြစ်ကြောင်း ကျနော် မှတ်မိလိုက်သည်။ အခု မျက်လုံး ဖွင့်လိုက်တော့ ဘယ်ဘက်ကို စောင်းလျက်ပါလေ။ စိတ်မှာ ပြန်လည် အုံ့ဆိုင်းသွားသည်။ မလွတ်မြောက်ခဲ့ပါကလား။ မိုးလင်းသည်ထိ ကျနော် အိပ်မပျော်တော့။ အ၀ါရောင်မိန်းမ။ သနပ်ခါးရနံ့။ သူငယ်ချင်းရဲ့ကျောပြင်နှင့် နံရံအဖြူ။ အကျဉ်းခန်းထဲမှာ အကျဉ်း ထပ်ကျရသည့် အဖြစ်မျိုးပါလေ။

၃။

နာမည်ကြီး ဓါးပြဗိုလ်တယောက်ကို ဖမ်းမိသောအခါ သူနှင့်အတူ သူ၏သမီးလေးပါ ပါလာသည်။ မိတဆိုးလေးမို့ အဖေသွားလေရာ ပါသည်။ ဓါးပြတိုက်ရာလည်း ပါသည်။ သည်တော့ သမီးလေးပါ ဥပဒေအရ အပေါင်းပါ ဖြစ်သွားတော့သည်။ အဖေက အမှုတွေ တသီကြီးနှင့် သေဒါဏ် ပေးခံရသည်။ သမီးကတော့ ထောင်ကျသည်။ အဖေဖြစ်သူမှာ အယူခံဝင်သော်လည်း သေဒါဏ်က မလွတ်။ တကယ်တော့ အဖေသည် ဓါးပြဗိုလ် လူမိုက်ပီပီ သေရမှာ မကြောက်။ လုပ်ရဲရင် ခံရဲသည်ဆိုသော ယောင်္ကျားစိတ် ရှိသည်။ သို့သော် သမီးလေးကြောင့် သူ့မှာ စိတ်မဖြောင့်နိုင်ရှာပေ။ တဦးတည်းသော သူ့ရဲ့သွေး။ ငယ်စဉ်ကတည်းက အဖေဆိုလည်းသူ၊ အမေဆိုလည်းသူ နေခဲ့ရသည့် သမီးလေး။ အခုတော့ လောကကြီးအလယ် တယောက်တည်း မျက်စိသူငယ်၊ နားသူငယ်နှင့် ကျန်ရစ်ခဲ့ရတော့မည်။ မိန်းမဆောင်ရှိရာ ထောင်မကြီးရဲ့ ဟိုဘက်ကို ငေးရင်း လူမိုက်ကြီး မျက်ရည်ကျရသည်။

သည်လိုနှင့် ကြိုးတိုက်ကနေ တိုက်နံပတ် ၅ ဆီ သူ့ကို ပြောင်းလိုက်သည်။ အခန်းနံပတ် ၄ မှာ သူနေရသည်။ သူ့ကို ဧည့်ကောင်းဆောင်ကောင်းတဦးလို ထောင်က ဆက်ဆံနေသည်။ ကောင်းကောင်းမွန်မွန် ကျွေးမွေးသည်။ ကျန်းမာရေးအခြေအနေကို နေ့စဉ်လို စစ်ဆေးပေးသည်။ စိတ်ချမ်းသာအောင် ထားသည်။ သူ သွားရတော့မည်ဆိုသည်ကို ဘယ်သူကမှ မပြောသော်လည်း သူ သဘောပေါက်ပါသည်။ တညနေမှာ အခန်းနံပတ် ၂၂ သို့ သူ့ကို ပြောင်းရွေ့သည်။ ဘုန်းကြီးတပါးကြွရောက်လာကာ သရဏံဂုဏ်တင် တရားပေးသည်။ ရှောင်ပြေးလို့ မလွတ်မယ့်အတူတူ လာမယ့်ဘေး ပြေးတွေ့ရုံသာ ရှိသည်မဟုတ်လား။ အားလုံးကို သူမေ့လိုက်သည်။ အထူးသဖြင့် သမီးကို သူ ကြိုးစားမေ့လိုက်သည်။ ကိုယ့်အတွက် နောက်ဘ၀ကူး ကောင်းအောင်သာ စိတ်ကို ဘုရားမှာ အာရုံပြုထားလိုက်သည်။ ကိုးကွယ်ရာ ဗုဒမြတ်စွာနှင့် ရတနာသုံးပါး ဂုဏ်ကျေးဇူးကား ကြီးမားလှပါဘိ။ လူမိုက်ကြီးသည် သေကာနီးကျမှ ဘုရားခြေရင်းမှာ ခိုလှုံလေသည်။

ထိုအချိန်မှာ သမီးဖြစ်သူကတော့ ဖခင်သတင်း ကြားကာ အပူမီး တောက်လောင်လို့ နေရှာသည်။ တညလုံး အိပ်မပျော်နိုင် ဖြစ်ရသည်။ ဖခင်ရှိရာ ထောင်မကြီးဘက် လှမ်းမျှော်ကာ မျက်ရည်ထွေထွေ ကျနေတော့သည်။ မနက် အဆောင်ဖွင့်ချိန်မှာပင် သတင်းက ရောက်လာသည်။ သူမသည် အခန်းထဲမှ ပြေးထွက်သွားသည်။ အပေါ်ထပ် လူသွားစင်္ကြန်တလျောက် ဆံပင်ဖားလျားနှင့် သူမ ပြေးနေပုံကို ကြည့်ကာ ကျန်သူတွေက ကရုဏာ သက်ကြရသည်။ သူမသည် အဆောင်ထောင့်စွန်းသို့ ရောက်သောအခါ ထောင်မကြီးဘက် လှမ်းမျှော်ရင်း အဖေရေ့ဟု တဆောင်လုံးကြားအောင် အသံကုန် အော်လိုက်လေသည်။ အော်သံအဆုံးမှာပင် အပေါ်ထပ် ၀ရန်တာမှ အောက်ကို ထိုးကျသွားတာ တွေ့လိုက်ကြရသည်။ နီးရာလူများက အပြေးသွားကာ ပွေ့ထူလိုက်သော်လည်း အသက် မရှိရှာတော့။ သူမကို လောကကြီးအလယ်မှာ တယောက်တည်း ထားခဲ့ရမှာ စိတ်မချသော၊ သူမ၏ ချစ်သော လူမိုက်ကြီး အဖေနောက် ကောက်ကောက်ပါအောင် လိုက်သွားရှာလေပြီ။

၂။

ကိုလှထူးသည် နယ်မြို့ကလေးတမြို့မှ ရဲကြပ်ကြီးတယောက်ဖြစ်သည်။ စိတ်ရင်းကောင်းသည်။ နယ်ခံလူထုနှင့် အဆင်ပြေသည်။ လူပေါင်းသူပေါင်း ၀င်ဆန့်သည်။ အရေးအခင်းဖြစ်တော့ လူထုဆန့်ကျင်ရေး အပြုအမူတွေ သူမလုပ်ခဲ့သည့်အပြင် မြို့ခံသပိတ်အဖွဲ့တွေနှင့် ရောရောထွေးထွေး ရှိလှသည့်အတွက် အရေးအခင်းပြီးတော့ ကံကောင်း၍ အလုပ် မပြုတ်ခြင်းဖြစ်သည်။ တောထဲက မြို့ကို လျှို့ဝှက်တက်လာသော ကျောင်းသားအဖွဲ့တဖွဲ့ကို လမ်းခရီး လုံခြုံရေးအတွက် သူ၏ ရဲအချုပ်ကားဖြင့် အချုပ်သားများပုံဖမ်းကာ ကူညီ ခေါ်တင်လာခဲ့ဖူးသည်။ ထိုကျောင်းသားများ မြို့ပေါ်မှာ လှုပ်ရှားရင်း အဖမ်းခံရသောအခါ ကိုလှထူးပါ အမှုတွဲ ဖြစ်သွားရတော့သည်။ သို့သော်လည်း ကိုလှထူးသည် လူငယ်ကျောင်းသားများအပေါ် အခင်မင် မပျက်ခဲ့ပေ။ ထောင်ထဲမှာ ထိုလူငယ်ကျောင်းသားများက သူ့ကို ချစ်ချစ်ခင်ခင်ဖြင့် များစွာ ကူညီကြပါသည်။ သို့သော် အာဏာပိုင်များက သူတို့ကို အတူမထား။ ကိုလှထူးကို တိုက်ထဲ ပို့လိုက်သည်။ ၅ တိုက် အခန်း ၄ ကို ရောက်လာသည်။

အခန်းထဲမှာ သူတယောက်တည်း။ ဒါက တိုက်ထဲရောက်စ လူတယောက်ကို ထုံးစံအတိုင်း ပုံစံပေးခြင်းဖြစ်သည်။ တပတ်လောက် တယောက်တည်း နေစေပြီးမှ အခြားအခန်းသို့ ပြောင်းကာ အဖေါ်များနှင့် အတူနေစေသည်။ အခန်း ၄ မှာ နေခဲ့စဉ် တည၌ သနပ်ခါးရနံ့ကို ကိုလှထူးလည်း ကြုံခဲ့ရခြင်းဖြစ်သည်။ သို့သော် ကိုလှထူးက လူပျော်။ တောင်တောင်အီအီ သိပ်စဉ်းစားသူ မဟုတ်။ ကျုပ်က နောက်နေ့မှာ သူ့ကို မျှော်နေသေးတာ၊ မလာတော့ဘူးဗျ။ ကျနော်ကမူ တယောက်တည်း ကြိတ်ပြုံးမိသည်။ ကျနော်ကတော့ မမျှော်မိပါ။ သိုပေမယ့် မေ့မရတာတော့ အမှန်ပင်။ ဟုတ်မဟုတ်တော့ မသိပါဘူးဗျာ။ ၀န်ထမ်းတွေကတော့ ပြောကြတာပဲ။ တခါတလေ ဒီရှေ့ အုတ်ရိုးလေးပေါ်မှာ လမ်းလျောက်နေတတ်သတဲ့။ ကျနော် ညင်သာစွာ ပင့်သက်ချလိုက်ရသည်။ ခေတ်လူငယ်တယောက်မို့ ယုံလှသည်တော့ မဟုတ်။ သို့သော် ကြုံရသည့်အဖြစ်နှင့် ကြားရသည့် အကြောင်းကြောင့် ရင်မှာ ခြေရာထင် ကျန်ခဲ့ရသည်။

လူ့ဘ၀ထဲက တကယ့်အဖြစ်မှန်တွေဟာ ၀တ္ထုရေးဆရာတယောက်ရဲ့ စိတ်ကူးစိတ်သန်းထက် ဆန်းကြယ်တယ်ဆိုသည့် စကားတခွန်း ကြားဘူးသည်။ ၀တ္ထုထဲက ဆန်းကြယ်မှုက နားလည်အောင် စဉ်းစားယူလို့ရသည်။ လောကကြီးထဲက တချို့ဆန်းကြယ်မှုတွေကျ စဉ်းစား နားလည်လို့ မရနိုင်အောင်ဖြစ်တတ်သည်။ ၀တ္ထုထဲမှ ရင်နင့်စရာတွေက ဇာတ်လမ်းသဘောကို နားလည်ကာ ခဏတာမျှသာ ထိခိုက်ခံစားရသည်။ လူ့ဘ၀ထဲက ရင်နင့်စရာကတော့ စိတ်ကို တုန်လှုပ်စေတတ်သည်။ လူ့ဘ၀ထဲမှာ ဒီလိုအဖြစ်တွေ တကယ်ရှိသည်ဆိုလျင် ကိုယ့်ဘ၀မှာကော ဒါမျိုးမကြုံနိုင်ဟု မည်သူ အာမခံနိုင်မည်နည်း။ အကယ်၍ ကြုံခဲ့ရသည်ရှိသော် ဘယ်လို ရင်ဆိုင်မလဲ။ ရင်ဆိုင်နိုင်စွမ်းကော ရှိပါ့မလား။ ကိုယ့်ခံနိုင်ရည်ကို ကိုယ် ယုံကြည်ရဲ့လား။ မေးခွန်းတွေကို ဖြေဖို့ ကြိုးစားရင်းနှင့်ပင် စိတ်မှာ အားကုန် မောပမ်းရသည်။

တကယ်တော့ ဒီအဖြစ်မျိုးတွေ ကိုယ်လည်း မကြုံချင်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်း မကြုံစေချင်။ ကိုယ်နေထိုင်သည့် လူ့အဖွဲ့အစည်းထဲမှာ ဒီအဖြစ်မျိုးတွေ မရှိစေချင်။ လူ့လောကကြီးထဲမှာလည်း တတ်နိုင်သလောက် မရှိစေချင်။ တကယ်တော့ ကိုယ့် စိတ်ဆန္ဒရှိသလို လက်တွေ့ဘ၀မှာက အပြည့်အ၀ ဖြစ်လာနိုင်သည်တော့ မဟုတ်။ သို့သော် လူ့လောကကြီး တခုလုံး၊ ကိုယ့်လူ့အဖွဲ့အစည်းကြီး တခုလုံး ကောင်းမလာနိုင်သည့်တိုင် အဆိုးတွေ၊ ဒုက္ခတွေ၊ နာကျင် ကြေကွဲစရာတွေ လျော့ပါး သက်သာသွားအောင်တော့ လူတဦးချင်းစီ ကိုယ်တတ်နိုင်သလောက် လုပ်ကြရပေမည်။ ဒါက ကျနော် နားလည်သော နိုင်ငံရေးဖြစ်သည်။ သို့ကြောင့်ပင် ကျနော်သိသော နိုင်ငံရေးကို ကျနော်တတ်သလို လုပ်ခဲ့သည်။ ခေတ်ဆိုးကြီးတခုကို ပြုပြင်ပြောင်းလဲရန် ကြိုးစားခြင်းသည် ပြစ်မှုမြောက်ပါသလား။ အခုတော့ နံရံလေးဘက်ကြား အကျဉ်းခန်းလေးထဲ ကျနော် ရောက်ခဲ့ရသည်။ ပြီးတော့ အ၀ါရောင် တစ္ဆေတကောင်နှင့် တွေ့ဆုံခဲ့ရသည်။ ခေတ်ကြီးကို ကောင်းစေချင်သူများအား ထောင်ထဲထည့်သည့် ခေတ်ကြီးထဲတွင် ထိုခေတ်ကြီး၏ နေရာ အနှံ့အပြားမှာ အ၀ါရောင်တစ္ဆေများ ရှိနေပေလိမ့်မည်။

ကျနော်သည် ထိုညက ရခဲ့သည့် သနပ်ခါးရနံ့ကို စိတ်၌ ပြန်လည် ဆွတ်ပျံ့စေကာ ညင်သာစွာ နမ်းရှိုက်မိသည်။ မြန်မာပြည်အနှံ့အပြား၌ အ၀ါရောင် တစ္ဆေများ ကင်းရှင်းပါစေသတည်း။

(၂၀၀၁ ခုနှစ်လောက် ရေးဖြစ်ပြီး ဒေါင်းအိုးဝေမှာ ဖေါ်ပြခဲ့တဲ့ ၀တ္ထုတိုလေးတွေ ပြန်ရှာတွေ့လို့ စာပြန်စုတဲ့သဘောနဲ့ရော မဖတ်ဖြစ်သေးတဲ့သူတွေ ဖတ်စေချင်တဲ့အတွက်ရော ပြီးတော့ ပို့စ်အသစ် မတင်ဖြစ်လို့ လာလည်တဲ့ ဘော်ဒါတွေကို မျက်နှာအပူပြေအောင် ဘလော့စကားနဲ့ ပြောရရင် ဆားချက်တဲ့အနေနဲ့ ပြန်တင်ပေးလိုက်တာပါ။ နောင်တော့ ပီကာဘိုးနဲ့ စာခေါက်တတ်အောင် ကြိုးစားပါအုန်းမယ်။)

5 comments:

တန်ခူး said...

သရုပ်ဖော် ပီပြင်လွန်းတော့ ကိုယ်ကိုယ်တိုင် တစ္ဆေအခြောက်ခံနေရသလိုပဲ…သရဲ တစ္ဆေကြောက်တတ်ပေမယ့် အ၀ါရောင်တစ္ဆေမလေး ကျတော့သနားမိတယ်…ဒါမျိုးလေးတွေ အသစ် ဖန်တီးပါဦး….

အောင်သာငယ် said...

ကွန်မန့်တွေ မပေးတော့ဘူးလို့ ဆုံးဖြတ်ထားတာ။ အခုတော့ မနေနိုင်လို့ပါ။ တကယ့် အဖြစ်အပျက်တွေဆိုတာ တယောက်ယောက်က ပြောပြမှပဲ သိကြရတာမဟုတ်လား။ စာဖတ်ရင်း ကျနော့်အူတွေ လိပ်လိပ်တက်လာတယ်။ ကျနော့်ကိုလည်း အဲဒီတစ္ဆေခြောက်သွားပြီ။ ထပ်ရေးပါဦးဗျာ။

nyeinnyo said...

ရင်းနှီးရတဲ့ဦးကြီးတစ်ယောက်က ပြောပြောပြလို့ စိတ်ဝင်စားစရာထောင်ပုံပြင်တွေကို ငယ်ငယ်ကတည်းက
ကြားဖူးနားဝရှိခဲ့ပါတယ်။ အခုဆရာ့ရဲ့ပုံပြင်ဟာ မက်ဆေ့လဲကောင်း၊ အရေးအဖွဲ့ကလဲလက်ရာမြောက်တော့ ကျနော်တို့ကိုပါ တစ္ဆေခြောက်သွားပြီပေါ့ဗျာ။

nyeinnyo said...

ရင်းနှီးရတဲ့ဦးကြီးတစ်ယောက်က ပြောပြောပြလို့ စိတ်ဝင်စားစရာထောင်ပုံပြင်တွေကို ငယ်ငယ်ကတည်းက
ကြားဖူးနားဝရှိခဲ့ပါတယ်။ အခုဆရာ့ရဲ့ပုံပြင်ဟာ မက်ဆေ့လဲကောင်း၊ အရေးအဖွဲ့ကလဲလက်ရာမြောက်တော့ ကျနော်တို့ကိုပါ တစ္ဆေခြောက်သွားပြီပေါ့ဗျာ။

ကလိုစေးထူး said...

စာတပုဒ်ကို အစပိုင်း ဖတ်လိုက်တာနဲ့ အဆုံးရောက်တဲ့အထိ မျက်စိမခွာချင်အောင် ဆက်ဖတ်ချင်စိတ် ပေါ်လာစေတဲ့ စာမျိုးလို့ ပြောရမယ်ထင်တယ်။ တကြောင်းချင်းစီရဲ့ ရေးဖွဲ့ဟန်တွေကို အတုယူ လေ့လာပြီး ဖတ်သွားပါတယ် အကို။