Thursday, January 1, 2009

လှပသောသုည


နှစ်သစ်တခုသို့ ရောက်ပြီ။
တနှစ်ကုန်ဆုံးသွားပြန်ချေပြီ။
နှစ်ဟောင်းကို နှုတ်ဆက်ခွဲခွာရင်း တပြိုင်တည်းမှာ နှစ်သစ်ကို ကြိုဆိုနှုတ်ဆက်ကြသည်။
နှစ်ဟောင်းနှင့်အတူ ဆုံးရှုံးမှုတွေ၊ ကြေကွဲမှုတွေ၊ နာကျင်မှုတွေ၊ ဒုက္ခတွေ ပါသွားစေချင်သည်။
နှစ်သစ်နှင့်အတူ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေ၊ ပျော်ရွှင်ကြည်နူးမှုတွေ၊ အောင်မြင်မှုတွေ၊ ချိုမြိန်မှုတွေ ပါလာစေချင်သည်။
ဘာပဲဖြစ်ဖြစ် အချိန်တန်တော့လည်း တနှစ်ကုန်ဆုံးသွားပြန်ပေအုန်းမည်။ နောက်ထပ်နှစ်သစ်တခုကို ဒီလိုပဲ အော်ဟစ်ကြိုဆိုကြရပေအုန်းမည်။ ဒီလိုနှင့် နှစ်ပေါင်းများစွာ။ ဘ၀တွေ၊ ခေတ်တွေ။
လူသည် မှတ်တတ်သားတတ်သောသတ္တ၀ါဖြစ်သည်။ ဂဏန်းသင်္ချာကို တီထွင်ခဲ့သည်။ အချိန်နာရီနှင့် ပြက္ခဒိန်ကို တီထွင်ခဲ့သည်။ လူတယောက်ရဲ့သက်တမ်း၊ ခေတ်တခေတ်ရဲ့သက်တမ်း၊ သမိုင်းတခုရဲ့သက်တမ်း၊ သက်တမ်းကို မှတ်တမ်းပြုခဲ့ကြသည်။ အချက်အလက်တွေ၊ အဖြစ်အပျက်တွေ၊ ရှုမြင်တွေးခေါ်ပုံတွေ၊ ခံစားချက်တွေ။ ထိုအထဲမှ အကောင်းအဆိုးများ၊ တိုးတက်မှုဆုတ်ယုတ်မှုများ၊ အလင်းအမှောင်များသည် လောကီထုပ္ပါတ် လူတို့ဇာတ်ဖြစ်ခဲ့သည်။ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းသည်။ စိတ်လှုပ်ရှားဖို့ကောင်းသည်။ ခမ်းနားသည်။

အဟောင်းကို အသစ်ဖြင့် အစားထိုးလိုက်သည်။ လောလောဆယ်တော့ အသစ်သည် ကိုယ့်လက်ထဲမှာဖြစ်သည်။ ဘာတွေပြုလုပ်ကြမလဲ။ ဘာတွေဖန်တီးကြမလဲ။ ဘယ်လိုဖြတ်သန်းကြမလဲ။ အခွင့်အရေးတွေ အသစ်တခါပြန်ရခြင်းပင်။
သို့သော် လက်တွေ့မှာတော့ အဟောင်းသည် အပြီးအပိုင် ထွက်မသွားခဲ့သေး။ အသစ်အပေါ် အရိမ်မိုးဖို့ ကြိုးစားဆဲပင်။ ဒီတော့ အဟောင်းထဲက ရုန်းထွက်ဖို့ အားထုတ်ကြရသည်။ အဟောင်းနှင့်အသစ်သည် ပြက္ခဒိန်ထဲကနေ့စွဲတွေလို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားမဟုတ်။ အဟောင်းနှင့်အသစ်အပြောင်းအလဲသည် ၀ိုင်ခွက်ချင်း နှုတ်ခမ်းတိုက်လိုက်ရုံ၊ မီးပန်းတွေ မိုးပေါ်မှာဖြာအကျ ၀ိုင်းအော်လိုက်ကြရုံ၊ တဦးနှင့်တဦး ဆုမွန်ကောင်းတွေ ပေးပို့လိုက်ရုံဖြင့် လွယ်လွယ်ကူကူပြီးဆုံးမသွားခဲ့ပေ။ တကယ်က အားလုံး သိသိကြီးနှင့် မေ့ချင်ယောင်ဆောင်ထားကြသည့် တိုက်ပွဲကလေးတခု။

ဘာပဲဖြစ်ဖြစ် ဒီတညလေးလောက်တော့ ပျော်ရွှင်ခွင့်ရှိသင့်ပါသည်။
လူ့ဘ၀၊ လူ့လောက၊ လူ့ကမ္ဘာကြီးထဲ လူသား၏ဖြစ်တည်မှုကို ဒီလိုညလေးများက သက်တောင့်သက်သာ ရှိစေခဲ့တာပဲမဟုတ်လား။
သုညနာရီ၊ သုညမိနစ်၊ သုညစက္ကန့်။
ထိုတဒင်္ဂလေးသည် သန့်ရှင်းလှပလွန်းပေစွ။

အပေါ်မှာ သုံးထားတဲ့ပုံလေးက သိပ်ကြိုက်လွန်းလို့ ပန်ဒိုရာ့ဆီက လုယူလာခဲ့တာပါ။

7 comments:

pandora said...

အရောင်အဆင်းအနံ့အရသာ ကင်းတဲ့ တဒင်္ဂလေးအတွက်......

Happy new year!!!!!

အောင်သာငယ် said...

တနှစ်မှ တခါ ပွေ့ပိုက်ရတဲ့ သုံည အတွက်...
CHEERS!!!!!!!!!

Anonymous said...

of course, no human can escape from the past and its histories. it is the main reason why the the human has failed to do what it should be.
ok, who decide what that should be???

F--K IT AND JUST LIVE ON! EVERYONE'S GOT NOT MUCH YEARS LEFT TO BE DONE!!!

MANORHARY said...

တကယ့်ကိုလှပတဲ့သုညလေးအတွက်...
Happy New Year 2009!

Kay said...

အဟောင်းနှင့်အသစ်အပြောင်းအလဲသည် ၀ိုင်ခွက်ချင်း နှုတ်ခမ်းတိုက်လိုက်ရုံ၊ မီးပန်းတွေ မိုးပေါ်မှာဖြာအကျ ၀ိုင်းအော်လိုက်ကြရုံ၊ တဦးနှင့်တဦး ဆုမွန်ကောင်းတွေ ပေးပို့လိုက်ရုံဖြင့် လွယ်လွယ်ကူကူပြီးဆုံးမသွားခဲ့ပေ။ တကယ်က အားလုံး သိသိကြီးနှင့် မေ့ချင်ယောင်ဆောင်ထားကြသည့် တိုက်ပွဲကလေးတခု။

- အင်မတန် သဘောကျ ထောက်ခံမိပါတယ်-
အဲဒါကြောင့် ဘာဆုမှတောင် တောင်းမပေးတော့ပါဘူး။း)

ဒူကဘာ said...

ကဗျာဆရာရေ...နေရာမှားတဲ့ သုညတွေ၊ နေရာမှန်တဲ့ သုညတွေ ဘာပဲပြောပြော သုညများ ဆုံသွားကြယင်လဲ ထူခြားသွားတာပဲလေ၊ မင်္ဂလာအပေါင်း နှစ်သစ်မှာ ခညောင်းစေသား။

တန်ခူး said...

လှပတဲ့ သုညက စတဲ့ ကောင်းသောနှစ်သစ်ဖြစ်ပါစေ… သန့် ရှင်းလှပပြီး သက်တောင့်သက်သာရှိပါစေ…