Saturday, January 31, 2009

ခရမ်းပြာနိဒါန်း

တက္ကသိုလ်ကျော်ဝင်းမောင်

(အခန်း - တစ်)
နာရီသံစက်၊ ချက်ချက်ဒေါင်ဒင်
ငါ၏အသက်၊ ခွဲဝက်ယူငင်
ဖော်မဲ့ညများ၊ ခြောက်ခြားဖွယ်ပင်
မီးအိမ်လေး၊ ညှိပေးစမ်းပခင်။

ဖန်ပုတီးစေ့၊ လေဝှေ့ချိန်မှာ
သံသာခန်းဆီး၊ ဖယ်ပြီးသောခါ
တရုတ်ကပ်များ၊ ပိတ်ထားလိုက်ပါ
ကဗျာများ၊ ငါ့နားလာဖတ်ပါ။

အမှောင်သိပ်သည်း၊ နက်မည်းကောင်းကင်
ညည့်ခရီးသွား၊ ကြယ်များပင်လျှင်
မမြင်မစမ်း၊ လမ်းမဆက်ချင်
နေအထွက်၊ စောင့်လျက်အိပ်ပြီထင်။

တံစက်မြိတ်များ၊ ဆွဲထားငှက်အိမ်
တေးသံလည်းတိတ်၊ ဆိတ်ဆိတ်ငြိမ်ငြိမ်
ခိုနားပျံပြေး၊ ဟိုရှေးတစ်ကြိမ်
နိုင်တင်ဂေး၊ ငှက်လေးကိုလူလိမ်။

ယခင်ချိန်များ၊ ရွှေငါးပျော်ရာ
ဆေးအပြာဆိုး၊ ဖန်အိုးရေမှာ
မှော်ပင်မှော်ရွက်၊ ကျောက်ခက်ချည်းသာ
ရေခန်းလှ၊ သဲနုသောင်ထွန်းကာ။

မီးလင်းဖိုနား၊ ထင်းများစုပုံ
ပင့်ကူမျှင်ယှက်၊ အေးစက်ပြာပုံ
ဂွမ်းနုစောင်ကြား၊ ခြေဖျားမှာပုံ
ရာသီမေ့၊ ကိုယ်ငွေ့မျှဝေလှုံ။

အိပ်ရာဝင်တေး၊ ငြိမ့်လေးသံစဉ်
ခေတ်ဟောင်းဓါတ်ပြား၊ အပ်ဖျားတုံးတင်
နွမ်းကြေတွန့်လိပ်၊ တိပ်ကြိုးခွေဆင်
စိတ်ကစား၊ ထောင်နားနာလှည့်ခင်။

တုံးမောင်းကုလားတက်၊ လေးချက်နှိုးဆော်
ဗရင်ဂျီကျောင်း၊ ခေါင်းလောင်းညံသော်
မှန်ပြတင်းဖွင့်၊ မိုးမြင့်ဆီမျှော်
နဂါးငွေ့၊ မှိန်ရွေ့ဖြူယော်ယော်။

ငါ့အိမ်ခေါင်ကြား၊ ငှက်များစိုးစီ
ပြတင်းမှန်ထက်၊ နှင်းစက်စီရီ
နံ့သာရည်စု၊ ညံ့နုလေပြည်
မိုးကုပ်ထက်၊ ဖြန့်ကျက်ပုလဲနီ။

မြက်ပင်ဖုံးလွှမ်း၊ မြေလမ်းနီနီ
လမ်းဘေးမြေအိုး၊ ခွေညှိုးနှင်းဆီ
ပုဏ္ဏရိပ်ပန်း၊ ခြံတန်းမညီ
အုန်းပင်ပု၊ သီလုနီးပါပြီ။

ငါန်းဖြူတို့လည်း၊ သင်းခွဲထွက်ခွာ
ရွက်ကြွေပေါလော၊ အုပ်တောဗေဒါ
ကန်ဖြတ်တံတား၊ တိုင်များယိုင်ကာ
လက်တန်းထက်၊ ပျံခက်အိုလိပ်ပြာ။

ဆောင်းနံနက်ခင်း၊ နှင်းငွေ့ဖြူဖြူ
မီးညွန့်မီးခိုး၊ လွန့်ခိုးလူလူ
ခရမ်းပြာလှ၊ သင်းမြကြူကြူ
ပန်းသစ်ခွ၊ နန်းမ၀င်တော်မူ။

(အခန်း - နှစ်)
ခရမ်းပြာည၊ လလည်းခရမ်းပြာ
ဖြည်းဖြည်းကျဆင်း၊ နှင်းလည်းခရမ်းပြာ
လာရောက်ခိုနား၊ ငှက်များခရမ်းပြာ
အာရုဏ်ကျင်း၊ နေမင်းခရမ်းပြာ။

နှင်းရည်နှင်းစက်၊ တွဲလျက်ခိုနေ
ခရမ်းပြာလှ၊ သစ်ခွပျိုမေ
မကြွေမကျ၊ ကာလကြာရှည်
ခေါင်းမော်ဝင့်၊ ပွင့်မြဲပွင့်ပါလေ။

မညှိးမနွမ်း၊ ခရမ်းပြာငယ်
ညဥ့်အိပ်မက်များ၊ ပိုင်စားခြယ်လှယ်
ခရမ်းပြာဧချင်း၊ ဖန်ဆင်းသူရယ်
ခေါင်းမော်ဝင့်၊ ပွင့်မြဲပွင့်ပါကွယ်။

သင်းကြူရနံ့၊ သန့်ကနဲလျှင်
ခရမ်းပြာရိပ်၊ ဖိတ်ကနဲထင်
သည်းအူနှလုံး၊ ပိုက်ကြုံးယူငင်
ခေါင်းမော်ဝင့်၊ ပွင့်မြဲပွင့်ပါခင်။

ကာလကိုဆန့်၊ ရနံ့မကုန်
မခြောက်မနွမ်း၊ နတ်ပန်း၏ဂုဏ်
ဘ၀တသက်၊ တရက်သာကြုံ
သစ်ခွပန်း၊ ခရမ်းပြာအာရုံ။

နန္ဒ၀န်မှ၊ အလှဧည့်သည်
ပန်းတကာ၏၊ မွေးမိမွေးမယ်
ကမ္ဘာဖျက်မီး၊ တားဆီးကာကွယ်
သစ်ခွပန်း၊ ခရမ်းပြာမိငယ်။

မြတ်စွာဗုဒ္ဓ၊ ဦးချကော်ရော်
ဖန်အိုးကြွေအိုး၊ စိုက်ထိုးပူဇော်
မင်္ဂလာအပေါင်း၊ ခညောင်းစေသော်
သစ်ခွပန်း၊ ခရမ်းပြာဟုကျော်။

အမတမင်း၊ ၀ပ်စင်းသူ့ထံ
အလှခမ်သိမ်း၊ နန်းသိမ်းပွဲခံ
အဂ္ဂဘုံ၌၊ နန်းစိုက်လေပြန်
သစ်ခွပန်း၊ ခရမ်းပြာ၏ကံ။

သစ်ခွပွင့်ပန်း၊ ခရမ်းပြာခိုင်
တိမ်းမှီတိမ်းပါး၊ လှုပ်ရှားအပြိုင်
ချိုဝတ်ရည်ဝ၊ သင်းမြကြိုင်ကြိုင်
ကံမသင့်၊ ခူးခွင့်ဘယ်မပိုင်။

အိပ်မက်တို့လည်း၊ အမြဲခရမ်းပြာ
သစ်ခွပွင့်များ၊ အနားကွပ်ကာ
ပန်းခွေပန်းခြင်း၊ ပန်းခင်းတကာ
ကြူကြူသင်း၊ ပန်းမင်းခရမ်းပြာ။

မေတ္တာကိုပွား၊ စိတ်ထားကြည်ဖြူ
အ၀ိဇ္ဇာညစ်၊ ဆေးပစ်နိုင်သူ
ပွင့်သမျှပန်း၊ နတ်လမ်းညွုန်ကူ
ပန်းသစ်ခွ၊ လောကဖန်ဆင်းသူ။

ခြံဝတံခါး၊ အနားပတ်လည်
သစ်ခွဖော်သင်း၊ တမင်းတပြည်
ခရမ်းပြာအား၊ အများတူညီ
ဘွဲ့မည်သ၊ အလှစံဒေ၀ီ။

(အခန်း - သုံး)
မဟူရာစွန်း၊ နက်ရွှန်းကေသာ
မှဲ့ငယ်စို့စို့၊ ပါးမို့ရွှေဝါ
ဝင့်သည့်မျက်လုံး၊ အပြုံးချွေတာ
နဂိုလှ၊ နှမခရမ်းပြာ။

နံ့သာမလိမ်း၊ ကြောစိမ်းသွယ်သွယ်
အသားတော်ညက်၊ ရှက်သွေးဖြင့်ချယ်
ဖ၀ါးသံဖွ၊ ခြေကြွပုံနှယ်
မျိုးဇာတိ၊ သီရိမဟာနွယ်။

အလှဘုရား၊ ပွင့်ငြားတော်မူ
လက်ျာရံပါး၊ ထားသင့်ထိုက်သူ
အသင်္ချေကပ်၊ ကျော်ဖြတ်နိုင်သူ
အတုမဲ့၊ ယဉ်နွဲ့နိုင်လေသူ။

အက်ဖရိုဒီးတပ်၊ ဆုမြတ်အရှင်
ကြံငါးအင်ပြည့်၊ ဗီရဏီသခင်
ခရမ်းပြာလှ၊ သစ်ခွတော်ဝင်
ချစ်ရိပ်ပွင့်၊ ၀ံ့လင့်ခူးပါချင်။

နှလုံးသွေးများ၊ တန့်ထားနိုင်သူ
သေခြင်းတရား၊ မေ့ထားနိုင်သူ
ပညတ်ကိုလည်း၊ ဖြိုခွဲနိုင်သူ
အံ့တပါး၊ ဘုရားငယ်တဆူ။

မိခင်နှမ၊ အမဆိုဆို
သည်းချာမိတ်ရင်း၊ ညီရင်းအကို
ဆရာခမည်း၊ သမီးသားလို
သစ်ခွပန်း၊ ခရမ်းပြာလှပျို။

အသူ့ချစ်မငြီး၊ မယ်နည်းကြင်ယာ
ထွေရာစိတ်ကူး၊ ရူးသည့်အခါ
တရားကိုမေ့၊ နေ့ညကိုခွာ
လေထဲ၌၊ လေမိုက်သို့ပမာ။

အပြုံးလက်နက်၊ ခရမ်းပြာစက်လေ
လောင်ကျွမ်းတူးခြစ်၊ ပြာဖြစ်လောက်ပေ
သို့ပါသော်ငြား၊ သေသွားပါစေ
အပြုံးနု၊ ကျေးဇူးပြုပါမေ။

ခရမ်းပြာသစ်ခွ၊ သစ်ခွခရမ်းပြာ
ညှာတံဆစ်ရိုး၊ မြကြိုးရစ်ကာ
ပေးခဲ့ပါပြီ၊ ထို့နည်းတူစွာ
ယူပါလှည့်၊ ပန်လှည့်ခရမ်းပြာ။

ထွက်တော်မူကြ၊ နန်းကခွာစဉ်
ကြုံတောင့်ကြံငြား၊ ငါကားမျက်မြင်
ခရမ်းပြာလှ၊ သစ်ခွသခင်
သားမြေးမြစ်၊ ပြောရစ်စရာပင်။

ခရမ်းပြာအပြုံး၊ ကြော့ဆုံးပညာ
ချိုသာစကား၊ ကိုယ်စားကထာ
ဝမ်းပန်းညွတ်နူး၊ ရင့်ကြူးဂါထာ
မှတ်တရ၊ သစ်ခွခရမ်းပြာ။

မျက်နှာပြလျက်၊ နှုတ်ဆက်ပြီးလျှင်
လျှပ်နွယ်ပြိုးပြက်၊ မိုးသက်လေဆင်
ကြွေကျသောင်းသောင်း၊ ရွက်ညောင်းရွက်ကျင်
အပြန်ခက်၊ ညဥ့်နက်စေတော့ခင်။

(အခန်း - လေး)
ဆိုက်ပရပ်ပင်ရိပ်၊ နေချိတ်ပြီခင်
မိုးစွေငှက်များ၊ တိမ်ကြားသို့ဝင်
ကမ်းခြေသဲမို့၊ လှိုင်းတို့ဗောင်ဗင်
လှော်တက်စိုက်၊ ငိုရှိုက်မိပြီခင်။

ဝဲဆိုင်ကစုပ်၊ မြုပ်လုသောလှေ
မမီဝိုးဝါး၊ ပဲ့ကားကျိုးကြေ
ထိုသည်အခိုက်၊ တိုက်ခတ်မြောက်လေ
အမှောင်တွင်း၊ စုန်ဆင်းဟိုအကြေ။

သပြေညိုပန်း၊ လန်းလျက်ပါကို
သံလွင်ရွက်များ၊ ဖားဖားစိုစို
ခရမ်းပြာသစ်ခွ၊ မွှေးမြရီချို
အေဒင်နန်း၊ ဒန်းပန်းနီညိုညို။

ပုဂံပင်းယ၊ အင်းဝကုန်းဘောင်
နယ်စပ်နယ်ခြား၊ ပုပ္ပားနတ်တောင်
ငပလီကမ်း၊ မောရှမ်းပြည်ထောင်
အဖူးသွား၊ ဘုရားရွှေပြောင်ပြောင်။

ရေနီမြောင်းဘေး၊ လမ်းလေးပေါ်မှာ
ချယ်ရီထောင်သောင်း၊ ထနောင်းတမာ
မြကန်အင်းယား၊ ကမ်းပါးမြေမှာ
သစ်ခွမင်း၊ ပန်းခင်းခရမ်းပြာ။

အိုက်ဆစ်မြစ်ထဲ၊ ရေခဲပြင်တွင်
ဒေါင်ဒင်သံပေး၊ ယေးလ်မှမြော်ခင်
မော်စကိုမှ၊ ခန်းမလွင်ပြင်
ပန်းသစ်ခွ၊ အလှထပ်ကာဆင်။

ဗုံသံတိုးတိုး၊ ဟာမိုးနီယန်
နှင်းဆီခေါင်ရမ်း၊ စိန်ပန်းနီကျန်
သရက်ပင်အုပ်၊ ငှက်အုပ်ဆူညံ
တို့သွားမည့်၊ တန္တိနိကေတန်။

ကရ၀တ်ခန်းမ၊ မြန်မာ့ရိပ်သာ
ယမုန်ကမ်းစပ်၊ တပ်ဂ်ျမဟာ
ပါရီမြို့စွန်း၊ မြင့်သွန်းအီဖာ
သစ်ခွပွင့်၊ ဂုဏ်တင့်ခရမ်းပြာ။

အေဗွန်မြစ်ကမ်း၊ လမ်းလျှောက်စို့ခင်
ဂျီနီဗာကန်ပါး၊ နေနားမယ်ခင်
အင်နစ်ဖရီကျွန်း၊ ကွန်းထောက်ပါခင်
နိုင်းမြစ်ထဲ၊ လှေပွဲကြည့်မယ်ခင်။

ရေစင်တော်သွန်း၊ ပျံ့မွန်းမင်္ဂလာ
အောင်သပြေနု၊ ခရုသံသာ
အောင်မြေကိုနင်း၊ အောင်ခြင်းဗျူဟာ
ပိတ်၍ထား၊ တံခါးအပါယ်ရွာ။

ထုံးဖြူဖွေးဖွေး၊ ဆေးရေးနံရံ
စေတီဂူကျောင်း၊ ခေတ်ဟောင်းပုဂံ
ရုပ်ထုရုပ်ကြွ၊ အလှကိုဖန်
စူးစူးစမ်း၊ နတ်လမ်းပြည်နိဗ္ဗာန်။

ဂျေရုစလင်မြို့၊ သွားစို့အတူ
မက္ကာခရီး၊ ဆက်ပြီးခေါ်ယူ
ဗောဓိပင်ရိပ်၊ ချွေးသိပ်တော်မူ
ပန်းသစ်ခွ၊ ပျိုးကြနှစ်ကိုယ်တူ။

သမ္မာကျမ်းမြတ်၊ ရွတ်ဖတ်သူတွေ
ကိုရမ်စကား၊ ပြောကြားသူတေ
နိဗ္ဗာန်ရောက်ကြောင်း၊ ဆုတောင်းသူတွေ
ကောင်းကင်မြို့၊ ဆုံစို့အိုအဆွေ။

သူတို့အိမ်သား၊ မိသားစုလည်
ခေတ္တကစား၊ တို့ကားဧည့်သည်
မစိမ်းမဆတ်၊ နေတတ်စေဖွယ်
အိမ်ရှင်ဝတ်၊ ဧည့်ဝတ်များဖလှယ်။

မနှင်သော်လည်း၊ ခွဲခွာချိန်တန်
မျက်ရည်စက်လက်၊ မိုးရက်ဝသန်
အလွမ်းဘုရား၊ တည်ထားကာချန်
လူမသိ၊ ငါ၏ပူပုံဟန်။

အနေကဇာတိ၊ ငါ၏သံသရာ
မျှော်မှန်းမတတ်၊ ခဲကတ်မရေရာ
လိုက်တော်မူလည်း၊ လက်တွဲမည်သာ
အမူနွဲ့၊ အိုဘယ့်ခရမ်းပြာ။

(အခန်း - ငါး)
လေပြည်သွဲ့သွဲ့၊ မွန်းတည့်ကောင်းကင်
ချိုးဖြူငှက်လေး၊ ဆိုတေးပဉ္စင်
တကိုယ်ရေမို့၊ နေလို့မရွှင်
ငါ့အသက်၊ ခွဲဝက်ယူပါခင်။

နေရစ်ပါရော့၊ သွားတော့မယ်ခင်
ခရမ်းပြာလှ၊ သစ်ခွသခင်
နောင်များတနေ့၊ ပြန်တွေ့ပါလျှင်
အချစ်ဆုံး၊ ပြုံးလျက်ကြိုစေချင်။

( ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှထုတ်ဝေခဲ့သည့်
ကျောက်စီလျှင် လေးမည်စိုးတာမို့ စုပေါင်းကဗျာစာအုပ်မှ )


6 comments:

Ko Paw said...

ကဗျာလေးက လှလိုက်တာ။ စာသားလေးတွေကလည်း နုရွနေတာပဲ။

“၀သန်ကာလ၊ မိုးကျတည့်လျှင်...
ပျော်ပျော်ပါးပါး၊ မယားနဲ့ဆွေငယ်လင်...” ဆိုတဲ့ အပိုဒ်ကလေးတွေကို ထပ်ကာထပ်ကာ ရွတ်နေရသလိုပဲ။ ဘာကဗျာအမျိုးအစားခေါ်သလဲမသိ။ ဖတ်လို့ကောင်းတာ၊ ကြည်နူးဆွတ်ပျံ့ဖွယ်ရာကောင်းတာကတော့ အမှန်ပဲ။

မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Zoe Zat said...

ကာရန်ချိုးထားတာ အရမ်းကြိုက်တယ်။
ချစ်စရာကဗျာလေးတပုဒ်လို့.. ဖတ်ရင်းဖတ်ရင်းနဲ့.. အတွေး နယ်ကျယ်သွားတယ်..သေခြင်းတရား.အနားအထိပါ ခေါ်သွားတယ်။

အားလုံးလဲဖတ်ပြီးတော့ .. ဟိုးငယ်ငယ်တုန်းက ကောင်မလေးတယောက်ကို သတိရမိတယ်.. :P
သစ်ခွလို.. အနံမရှိတဲ့ လှခြင်းမျိုးပါ..

Anonymous said...

what a great rhyme!

"Lay Htel Ka Lay Mike"

this is a great usuage on the poetic-lane!

MANORHARY said...

ဆိုင်လားမသိဘူး။ငယ်ငယ်ကအစ်ကိုတွေပြောလွန်းလို့
ဖြတ်သွားတိုင်းငေးခဲ့ရဖူးတဲ့ ကိုတိုးကြီးတို့ကိုအောင်နိုင်တို့
ဆိုထားတဲ့ ခရမ်းပြာ ကိုသွားသတိရတယ်။
အဲဒီဆိုင်ကလေးကိုထိုင်ကိုမထိုင်ဖူးခဲဘူး။

wai lin said...

ကိုပေါရေ
အဲဒါ တျာချင်းတို့ အိုင်ချင်းတို့နဲ့ဆင်ပေမယ့် မတူဘူးဗျ။ သံပေါက်လို့ခေါ်မယ်။ ဘုန်းကြီးတွေတရားပြရင် ချိုးလေ့ရှိတဲ့စာမျိုးပေါ့။ ဒါကို ဆရာက အနုအရွဖြစ်အောင် ဖွဲ့ခဲ့တာ။ ဒီနောက်လည်း ဒါမျိုး ဘယ်သူမှမရေးနိုင်တော့ဘူး။ မြန်မာစာပေအတွက်တော့ ဒီကဗျာက အဖိုးတန်ရတနာတခုပဲလို့ ကျနော်ကတော့ ယုံတယ်။ ဆရာကတော့ မြန်မာစာပြကျုရှင်ဆရာလေးတယောက်အဖြစ် မြို့ငယ်လေးတခုမှာ မထင်မရှား ဆုံးပါးသွားခဲ့ပါပြီ။

ဇိုးဇပ်ရေ
ဟုတ်တယ်၊ ကဗျာလေးက လှလည်းလှတယ်။ ပြီးတော့ အဆီအနှစ်လည်းပါတယ်

မနော်ရေ
ဒိကဗျာလေးက အဲဒီဆိုင်နဲ့ အဲဒီသီချင်းတွေရဲ့ အစလို့ပြောရင်လည်း မမှားနိုင်ပါဘူးဗျာ။

ပျူနိုင်ငံ said...

ဒီကဗျာကို ကော်ပီလုပ်ပြီး သိမ်းခွင့်ပြုပါ အကိုကြီးရေ။