ဧပြီ ၂၀၊ စနေညနေ
ကရိုနာသည် ဗိုင်းရပ်စ်မျှသာဖြစ်သည်။ သည့်ထက် ဘာမှ မပိုပါ။
ချောင်းဆိုးမည်။ ဖျားနာမည်။ ကိုယ်တွင်းခုခံနိုင်အား နည်းလျှင် အသက်ကို အန္တရယ်ပြုမည်။ သည့်ထက် ဘာမှ မပိုပါ။
အီဂျစ်က ပီရမစ်ကြီးတွေကို ဖုန်မှုန့်တွေဖြစ်သွားအောင် မချေမွနိုင်ပါ။ ပါရီက အီဖယ်မျှော်စင်ကြီးကို လဲကျသွားအောင်မပြောနှင့် ၁၅ ဒီဂရီလောက် တိမ်းစောင်းသွားအောင်လည်း မလုပ်နိုင်ပါ။ နယူးယောက်ကလစ်ဘာတီရုပ်တုကြီးကို ကိုယ်တုံးလုံးဖြစ်သွားအောင်လည်း ချွတ်ချနိုင်မည်မဟုတ်ပါ။ ကရိုနာသည် ဗိုင်းရပ်စ်မျှသာဖြစ်ပါသည်။
သို့သော် ကိုဗစ် ၁၉ သည် ကပ်ရောဂါတစ်ခုထက် ပိုလာသည်ဟု လူတိုင်းခံစားလာရပါသည်။ လူတို့သည် ကိုယ်သေမှာထက် ကမ႓ာကြီးပျက်စီးလေတော့မလားဆိုသည့် စိုးရိမ်ထိတ်လန့်မှုက ပိုဖိစီးလာကြပါသည်။ တစ်ဦးနှင့်တစ်ဦး ကွေကွင်းနေရခြင်းဒုက္ခကို တစိမ့်စိမ့်တွေးရင် ဒေါသတွေ ထွက်လာကြပါသည်။
ညနေက လမ်းထွက်လျှောက်ရင်း ဘုရားရှေ့ကို ရောက်တော့ ဘုရားဝင်းသံတံခါးကြီးကို သော့ခတ်ထားတာ တွေ့လိုက်ရသည်။ ဝင်းအပြင်စောင်းတန်းဘက်က ပန်းဆိုင်တစ်ဆိုင်မှာ ပစ္စည်းတွေသိမ်းရင်း ဖြစ်ပြီးမသေလည်း ငတ်ပြီးသေကြရုံပေါ့ဟု ဆိုင်အလုပ်သမားလေးတစ်ဦး မကျေမချမ်းပြောနေသံကို ကြားလိုက်မိသည်။ အပြန်မှာလည်း ကိုယ်ငှားစီးသည့် တက္ကဆီဒရိုင်ဘာကို အခြားသူ့သူငယ်ချင်းဒရိုင်ဘာတွေက နောက်ရင်းပြောင်ရင်း ဘာမှမပူနဲ့၊ နောက် ၅ ရက်ဆို ဒီကောင်ခွေးဖြစ်တော့မယ်ဟု ပြောလိုက်သံကို ကြားရပြန်သည်။
သူတို့သည် ကရိုနာကို မကြောက်ပါ။ သူတို့ဘဝတွေ ဘာတွေဆက်ဖြစ်ကြမလဲကိုသာ ကြောက်ရွံ့ထိတ်လန့်နေကြပါသည်။ ကပ်ရောဂါကြောင့် ကမ႓ာပျက်မလား မပျက်ဘူးလား သူတို့ မတွေးအားကြပါ။ မနက်ဖြန်ထမင်းတနပ် ငတ်မလား မငတ်ဘူးလားမေးခွန်းထဲမှာ သူတို့တွေ ပိုပူပြင်းနေကြသည်ဟု ထင်မိသည်။
နယ်မြို့လေးတမြို့က စျေးတန်းလေးမှာ စျေးဝယ်တဦးနှင့်တဦး ၃ ပေခွာဖို့ စည်းလေးတွေ ဝိုင်းထားတာကို တွေ့လိုက်ရသည်။ ချောင်ကျကျ ဒေသတခု၏ ကျန်းမာရေးအသိကို ပီတိဖြစ်ရပါသည်။ လမ်းမီးမှောင်ရိပ်မကျတကျမှာ မြို့လည်ဘက်က ပြန်ဝင်လာသည့် ဘက်စ်ကားတစီးပေါ်လှမ်းကြည့်လိုက်တော့ အလုပ်ပြန်လာသည့်လူတွေ ကားထဲမှာ ရင်ချင်းအပ်လိုက်ပါလာတာ မြင်လိုက်ရတော့ လမ်းပေါ်က ကိုယ်ပါ အသက်ရှုကြပ်လာရသည်။
ကရိုနာသည် ဗိုင်းရပ်စ်မျှသာဖြစ်သည်။ လူတို့၏ ရှင်သန်ရပ်တည်ရေး ဘဝတိုက်ပွဲ မည်မျှ ရက်စက်ပြင်းထန်ကြောင်းကို မကြာခင် သူကောင်းကောင်းသိသွားပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လူသည် ဗိုင်းရပ်စ်ထက် အသက်ပိုပြင်းသော သတ္တဝါတမျိုးဖြစ်သောကြောင့်ပင်။
No comments:
Post a Comment