၀၉၊ ဧပြီ၊ ၂၀၂၀
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဇာတ်လမ်းတိုင်းမှာ ဇာတ်သိမ်းရှိပါသည်။
လက်ဖက်ရည်ဆိုင်မှာ အတူထိုင်ကာ သူ့စိတ်ကူးတွေ၊ သူ့အိပ်မက်တွေ၊ သူ့ရှေ့ဘဝခရီးလမ်းကြောင်းတွေ စိတ်အားထက်သန်စွာ ပြောဆိုသွားခဲ့သည်။ ခဏနေတော့ ပြန်အုန်းမယ်ဆိုကာ ထွက်သွားသည်။ မကြာပါ လမ်းပေါ်က အသံဆူဆူတွေကြောင့် ထွက်ကြည့်တော့ အခုလေးတင် ထသွားသည့်သူငယ်ချင်းကို ကားလမ်းပေါ်က သွေးအိုင်ထဲ လဲနေတာ တွေ့လိုက်ရသည်။ ဘာမှ မကြာလိုက်။
ခုနကပဲ ရှင်သန်နေသည့်လူတယောက်။ အခုတော့ ဘဝထဲက ထွက်ခွာသွားခဲ့ပြီ။ သူ့ဘဝသူ့စိတ်ကူးတွေ၊ သူအိပ်မက်တွေ အားလုံး ဒီနေရာမှာ သူနှင့်အတူ အဆုံးသတ်သွားခဲ့ပြီ။ ဘယ်လောက် လွယ်ကူလိုက်ပါသနည်း။
တချိန်က ဖတ်ခဲ့ဘူးသည် ဆရာချစ်ဦးညို၏ ဝတ္ထုတိုလေးတပုဒ်ပဲဖြစ်ပါသည်။
လွန်ခဲ့သည့် နှစ်ပတ်သုံးပတ်ကဆိုလျှင် မောင်တရွာမယ်တမြို့ဘဝမှာ ခဏပြန်ဆုံသည့်အခိုက် သူတို့ပျော်ရွှင်ကြည်နူးခဲ့ကြမည်မှာ သံသယရှိစရာမလို။ ဒီတုန်းက အခုလိုအဖြစ်ဆိုးကြီးတခုကို သူတို့တွေးမိကြမည် မဟုတ်။ နောက်ဆုံးအချိန်ဖြစ်သည့်တိုင် ကိုယ်လည်း သူ့အနားပြေးသွားခွင့် မရှိ။ ကိုယ့်အပြစ်တွေပါဟု မျက်ရည်တွေနှင့် သူ့ကိုတောင်းပန်ခွင့်လည်း မရလိုက်။ ထုံးစံအတိုင်း သူ့အပြုံးမိန့်မိန့်ကြီးဖြင့် ခေါင်းလေးယမ်းကာ ကိုယ့်ကိုပြန်နှစ်သိမ့်နေမှာသိသည့်တိုင် ဒီအခွင့်အရေးလေးကိုပင် မရနိုင်တော့။ ဘာမှ ပြန်မရနိုင်တော့။
တကယ်တော့ ဘယ်သူ့ကို အပြစ်တင်ရမည်နည်း။ အားလုံး ကိုယ့်ဘဝထဲ ကိုယ်ရုန်းကန်ကာ ုယ့်အလုပ် ကိုယ်လုပ်နေကြခြင်းပင်။ ခရီးသည်တွေကို ဧည့်ဝတ်ပြုသူကပြုသည်။ ဝန်ဆောင်မှုပေးသူကပေးသည်။ သူတို့ရဲ့ နေ့စဉ်ဘဝထဲ ဘာမှ အမှားအယွင်းမလုပ်မိခဲ့ကြ။ အခုတော့ ကံကြမ္မာစေရာအတိုင်း၊ ဘုရားသခင်အလိုတော်အတိုင်း။ ဒီနေ့ ဂလိုဘယ်လိုက်စေးရှင်းကမ္ဘ့ာရွာကြီးရဲ့ အပေးအယူအတိုင်း။
သဘာဝအလျောက်သေခြင်းဟူ၍ မရှိပါ။ လူသည် လောကကြီးထဲသို့ အကြောင်းကိစ္စဖြင့် ရောက်လာခြင်းဖြစ်ရာ လူတွင်ဖြစ်နေသောအရာတိုင်းသည် သဘာအလျောက် အလိုအလျောက် ဖြစ်လာကြသည် မဟုတ်ပါ။ လူအားလုံးသည် သေကြရမည်သာဖြစ်ပါသည်။ သို့ရာတွင် သေခြင်းသည် လူတိုင်းအတွက် မတော်တဆဖြစ်ရသည့် ကိစ္စတခုသာ ဖြစ်ပါသည်။ လူသည် သေရမည်ကို သိသည့်တိုင်၊ သေခြင်းကို လက်ခံထားရသည့်တိုင် သေခြင်းသည် ကျိုးကြောင်းမျှတခြင်းမရှိသော ဖောက်ဖျက်မှုကြီးတခုသာဖြစ်ပါသည်။
ဆရာမြသန်းတင့် ဘာသာပြန်ခဲ့သည့် ဆီမွန်ဒီဗူးဗွား၏ ရေပွက်ပမာထဲက နောက်ဆုံးစာပိုဒ်ပဲဖြစ်ပါသည်။
ကပ်ရောဂါကလာကြီးအတွင်းမှာတော့ ထိုဖောက်ဖျက်မှုကြီးသည် ငြိမ်သက်ခြောက်ကပ်နေသည့်မြို့တော်ကြီးအတွင်း ဟိုဒီလှည့်ပတ်သွားလာနေသော အရိပ်မည်းကြီးတခုပဲဖြစ်ပါသည်။ တံခါးတွေအားလုံးပိတ်ကာ ကြောက်ရွံ့မှုနောက်ကွယ်၌ ပုန်းကွယ်နေရုံဖြင့် မလုံခြုံနိုင်ပါ။ အသိအမြင်တံခါးတွေကို အကုန်ဖွင့်ကာ ထိုအရိပ်မဲကြီးကို မောင်းထုတ်ပစ်ရပါမည်။
ပိတ်ထားသောတံခါးကိုသာ ခေါက်လို့ရပါသည်။ ကျိုးကြောင်းမျှတမှုဆိုသည်မှာလည်း ကိုယ်ကိုယ်တိုင်ပဲဖြစ်ပါသည်။
ရန်ကုန်
၀၉၊ ဧပြီ၊ ၂၀၂၀
No comments:
Post a Comment