၃ဧပြီ၊ ၂၀၂၀
ကိုဗစ်သည် တချိန်တွင် ကျနော်တို့ လူသားများရှေ့မှောက်၌ ဒူးထောက်အရှုံးပေးရမည်သာဖြစ်သည်။
ယခုအခါ၌မူ လူတို့၏အဆုပ်သည် သူ၏သည်းခြေကြိုက်သားကောင်ဖြစ်နေတော့သည်။ သူသည် အဆုပ်ပေါင်းများစွာကို ပွဲတော်တည်ပြီးသည့်တိုင် အာသာပြေနိုင်ဟန်မတူသေး။ နယူးယောက်ကအဆုပ်၊ မီလန်ကအဆုပ်၊ ဘာဆီလိုနာကအဆုပ်၊ ဖရန့်ဖွတ်နှင့် လန်ဒန်မြို့တော်ကြီးကအဆုပ်။ ဒါတင်မက အာရှ၊ အာဖရိက၊ လက်တင်အမေရိကနေ ဆင်းရဲနိမ့်ကျသော ပြည်သူတို့၏အဆုပ်များဆီကိုပါ သူပါးစပ်ကြီးကိုအစွမ်းကုန်ဖြဲကာ သူ့လျှာကြိုးခွေကို လက်ကန်ုပစ်လွှတ်နေလေသည်။
သူသည် အဆုပ်ကိုကြိုက်၏။ သို့သော် သူတကယ်ကိုက်ခဲပစ်ခဲ့သည်မှာမူ ကျနော်တို့၏ စိတ်ကိုပဲဖြစ်သည်။ ထို့ကြောင့်ပင် ကိုဗစ်သည် ထိုစစ်မျက်နှာတွင် အောင်ပွဲရရန် အလှမ်းဝေးသွားခြင်းဖြစ်သည်။ လူတို့သည် ကမ႓ာကြီးကို စိတ်ဖြင့်တည်ဆောက်လာခဲ့သူများဖြစ်ရာ သူတို့စိတ်ကို ကိုက်ခဲလာသည့်ရန်သူကို အလွတ်မပေးပဲ အဆုံးတနေ့ အနိုင်တိုက်မည်မှာ ယုံမှားသံသယရှိစရာမလိုပေ။ ကိုဗစ်သည် အဆုပ်ကိုကျော်၍ စိတ်ကိုကိုက်ခဲမိသည့်အတွက် ယခုအခါ ပြန်ပေးဆပ်ရပေတော့မည်။
အဘယ်ကြောင့်ဆိုသော် လူသည် အဆုပ်ဖြင့် အသက်ရှုသော်လည်း နှလုံးသားဖြင့်ရှင်သန်ကြသောကြောင့်ဖြစ်ပါသည်။
No comments:
Post a Comment