..သြဂုတ်လ ၃၁ ရက်နေ့
လွန်ခဲ့တဲ့ဆယ်နှစ်က အခုလိုအချိန် ပါရီမြို့ရဲ့ ညချမ်းတခုမှာ ကားတိုက်မှု
တခုဖြစ်ခဲ့တယ်။ ပြောစရာတွေ တပုံကြီးကျန်ခဲ့တဲ့ ကမ္ဘာကျော်မတော်တဆမှု
ဟာ စိတ်ထိခိုက်လွယ်တဲ့လူတွေအတွက် ကြေကွဲစရာ လွမ်းပုံပြင်တပုဒ်
ဖြစ်ကျန်ခဲ့တယ်။
တနေကုန်ထုတ်လွှင့်ခဲ့တဲ့ လွန်ခဲ့တဲ့ဆယ်နှစ်က ပန်းဈာပနမှာ
လေရူးရင့်အိုထဲက မီးဖယောင်းတိုင်ငယ် ဆိုတဲ့ အယ်တန်ဂျွန်ရဲ့အလွမ်းမှာ
နစ်မျောခဲ့ဘူးတယ်။ အင်္ဂလန်ရဲ့နှင်းဆီ ဘာ့ကြောင့် ကြွေလွင့်ခဲ့တာလဲ။
သူမဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအမေတဦးပါပဲ တဲ့။
မင်းသားဟယ်ရီက သူ့အမေကိုရည်စူးပြီး တကမ္ဘာလုံးကြားအောင်
မြည်တမ်းလိုက်တာပါ။ တကယ်တော့ သားတိုင်းအတွက် သူတို့အမေတွေဟာ
ကမ္ဘာပေါ်မှာ အကောင်းဆုံးအမေ ဖြစ်နေမှာပါ။
ကျနော်ဟာ အမေ့ကို သတိရမိတယ်။
အမေက ကျနော့်ကို အဖေ့ဆီထားခဲ့တယ်။ အဖေကလည်း ကျနော့်ကို
အဖိုးအဖွားဆီမှာ ထားခဲ့တယ်။ အစမှာတော့ အမေနဲ့ တလခြားတခါ၊
နှစ်လခြားတခါ တွေ့ခွင့်ရပေမယ့် နောက်တော့ အမေ မလာတော့ဘူး။ ကျနော်လူပျိုပေါက်လောက်ဖြစ်တော့မှ အမေ့ကို ထုံ့ပိုင်းထုံ့ပိုင်းပြန်ဆုံဖြစ်တယ်။ ကျနော်ဟာ အမေ့ကို ချစ်ရကောင်းမှန်းလည်းမသိ၊
လွမ်းရကောင်းမှန်းလည်း မသိခဲ့ဘူး။ ဆွေမျိုးအရင်းကြီးမှန်း သိမှတ်ရုံထက်
မပိုဘူး။
မိုင်ပေါင်းများစွာဝေးတဲ့နေရာကိုရောက်နေချိန်မှာ တနေ့တော့
သတင်းစကားတခု ကျနော်ဆီရောက်လာတယ်။ ကျနော်တတ်နိုင်တာက
စကားလုံးတွေနဲ့ မျက်ရည်မပါတဲ့ ငိုကြွေးခွင့်။
............
သတင်းစကား
အမေ့ရဲ့နို့ရည်မဝခဲ့ပေမယ့်
အမေ့ရဲ့သားအိမ်ကို ခြေစုံကန်ခဲ့ဘူးသူပါ
အမေသေတာမငိုမိတဲ့အတွက်
သားကိုခွင့်လွှတ်ပါ။
သေမှပဲ အပြစ်တင်လိုက်ပါရစေ
အမေ ကျနော့်ကိုမွေးတာ မှားတယ်
ကျနော် လူဖြစ်လာရတာ မှားတယ်
လူ့အဖြစ်ဟာ မှားတယ်
အမှားတွေ ရှင်ကျန်ခဲ့ရတယ်။
မျက်ရည်တွေလည်းအတု
စကားလုံးတွေလည်းအတု
အမေ့ကိုနှုတ်ဆက်မယ့် ပန်းခြင်းလည်းအတု
အားလုံးအတုတွေချည့်
လူ့လောကဆိုတာ အတုကြီးပါ
ဒုက္ခတွေကတော့ စစ်တယ်။
အမေနဲ့သားဟာ
အမေနဲ့သားလို မနေခဲ့ရ
ဇတ်ဝင်ခန်းထဲခဏတွေ့သလို
ပြောရမယ့်စကားတွေပြောပြီး
သွားရမယ့်လမ်းသွားခဲ့ကြတယ်။
ကိုယ့်ဘဝနဲ့ကိုယ်နေခဲ့ပြီးမှ
အမေသေတော့
ကိုယ့်ထဲကတခုခုပါသေသွားသလို
ဒါ ဘာလဲ
ဘာအဓိပ္ပါယ်လဲ
သိသလိုလို
မသိသလိုလိုနဲ့
ရဲရဲလည်းဆွဲထုတ်မကြည့်ရဲဘူး
ဒီလိုနဲ့စကားလုံးတွေအထားမှားခဲ့
မှားပြန်ပြီအမေ။
အမှန်နဲ့အမှားဆိုတာမရှိဘူး
ဘဝပဲရှိတယ်တဲ့
လွမ်းလိုက်တာ စိတ္တရလေခါ
ကျနော့်အမေ မနေ့ကဆုံးတယ်။ ။
နှင်းခါးမိုး
၂၀၀၅
မနေ့က အမေဆုံးတယ်။
ဒီနေ့ညနေမှာ သိရတယ်။
ကိုယ့်ကို လူတယောက်အဖြစ် ခေါ်သွင်းခဲ့တဲ့အမေ အခုဆုံးပြီ။
တလျောက်လုံး ကိုယ်နဲ့အမေဟာ တစိမ်းလိုနေခဲ့ကြတယ်။
အမေဆုံးပြီဆိုတာသိရမှ ကိုယ်နဲ့အမေဟာ တစိမ်းတွေမဟုတ်ဘူးဆိုတာ
ခံစားမိတယ်။
အမေနဲ့ကိုယ့်ကြားမှာ ဘယ်တုန်းကမှ မတွေးခဲ့ဘူးတဲ့၊ ကြီးကြီးမားမားစပ်ဆက်
မှုကို တွေ့လိုက်ရတယ်။
တကယ်တော့ အမေ့ရဲ့အသွေးအသားတွေကို ဖဲ့ယူ၊ မှီတင်းပြီ လူ့အဖြစ်ကို
ရခဲ့တာပါလား။
မွေးပြီးနောက်ပိုင်း အမေနဲ့ပတ်သက်တဲ့ ခံစားမှုတွေ၊ အကြောင်းအရာတွေကိုပဲ
အမေလို့ ယူဆခဲ့မိတယ်။ တကယ်က အမေတယောက်ရဲ့ ဖြစ်တည်မှု ခမ်းနားမှု
ဆိုတာ ကိုယ်တိုင် ထိတွေ့ ခံစား နားလည်နိုင်စွမ်း မရှိခင် မတိုင်ခင်ကတည်းက
ရှိခဲ့တာဆိုတာ ရေးရေးသိမြင်လာခဲ့ချိန်မှာ နာကျင်မှုက တဆက်တည်းလိုက်
လာတယ်။
အမေနဲ့ကိုယ့်ကြားက ကြီးကြီးမားမားဆက်စပ်မှုဆိုတာကို ကြိုးစားပြီး
ပြောကြည့်နေတာပါ။ ပြောနိုင်ချင်မှလည်း ပြောနိုင်မယ်။ အဲဒီမိန်းမက
လောကကြီးကို သားတယောက် မွေးပေးခဲ့တယ်။ အဲဒီသားက လောကကြီးကို
ဘာတွေပေးနိုင်မလဲ၊ သူ့ကို ဘာတွေပေးနိုင်မလဲ စတာတွေကို မစဉ်းစားပဲ
မွေးပေးခဲ့တယ်။
အမေနဲ့ပတ်သက်တဲ့ သီချင်းတွေ၊ စာတွေ၊ ကဗျာတွေ ဘယ်တုန်းကမှ
လေးလေးနက်နက် မရှိခဲ့ဘူး။ အခု အမေဆုံးမှလည်း အဲ့ဒါတွေအပေါ်
မလေးနက်ချင်တော့ဘူး။ ကိုယ်တိုင် တခုခုပြောချင်နေပေမယ့် သူ့သားနဲ့ သူဟာ
တစိမ်းတွေဖြစ်ခဲ့ရတယ် ဆိုတာကိုပဲ သိသွားတဲ့အမေ့ကို ဘာမှ အသိပေးခွင့်
မရတော့ပါဘူး။
1 comment:
ကိုဝေလင်း
အမေတွေဟာ အားလုံးအတွက် အတူတူပါပဲ
ဒီသတင်းအတွက် အလွန် စိတ်မကောင်းဖြစ်ရပါတယ်
You have my deepest sympathy.
ပန်ဒိုရာ
Post a Comment