နှင်းတွေဝေနေတဲ့မနက်ခင်းတခုမှာ သမီးကိုပွေ့ချီရင်း ကျနော့်ကျောပြင်ကို
ငေးမောကျန်ရစ်ခဲ့သည့် သူမရုပ်ပုံက ကျနော့်အတွေးတွေကို ကြီးစိုးနေခဲ့သည်။
ကော့သောင်းဘက်မှာ အလုပ်သွားလုပ်မလို့ ဟု ပြောပြီး ကျနော်ထွက်လာခဲ့
သည်။ မော်လမြိုင်ရောက်ပြီး အတ္တရံမြစ်တဘက်ကမ်းသို့ မကူးမီ သူမဆီ
ကျနော်ဖုန်းလှမ်းဆက်လိုက်သည်။ အကြောင်းမှန်ကို ကျနော်ပြောမထွက်ခဲ့။
စာရေးစားပွဲအံဆွဲထဲမှာ စာနှစ်စောင်ထည့်ခဲ့တယ်ဟုသာ ပြောဖြစ်ခဲ့သည်။
တစောင်က ချစ်သောသူ့အတွက်။ တစောင်ကသမီးလေး အတွက်။ သမီးကြီး
လို့ စာဖတ်တတ်တဲ့အရွယ်ရောက်တဲ့အခါ ဖေဖေဘယ်မှာလဲလို့ မေးတဲ့အခါ
ဒီစာကလေး ပေးဖတ်လိုက်ပါဟု ကျနော်မှာခဲ့သည်။ သူမဘက်က စကားပြော
ခွက်က တိတ်ဆိတ်လျက်။ ကျနော်ဘယ်သွားမယ် မပြောသော်လည်း သူမ
သဘောပေါက်နေခဲ့ပြီ။
မောင်ပြန်လာမှာပါ
စကားပြောခွက်ကိုမချမီ သည်စကားတခွန်းပဲ ကျနော်ပြောထွက်နိုင်ခဲ့သည်။
အတူထွက်လာသည့် သူငယ်ချင်းကတော့ သူ့ချစ်သူဆီ စာရေးမထားဖြစ်ခဲ့။
သူ့ခံစားချက်တွေကို မှတ်စုစာအုပ်လေးထဲ ချရေးထားခဲ့သည်။
မော့်ဆီကိုအရောက်ပြန်လာဖို့ မော့်ဆီက ကိုယ်ထွက်လာခဲ့တာပါ တဲ့။
သူများတွေ အသက်တွေ၊ ဘဝတွေ စွန့်နေတဲ့ခေတ်မှာ ကျနော်တို့အဖြစ်က
လွမ်းလောက်ခဲ့ပါသလား။ ဘာပဲဖြစ်ဖြစ် ကဗျာတပုဒ်တော့ ချရေးဖြစ်ခဲ့သည်။
၁၉၈၉ ခုနှစ်။
လူငယ်တယောက်ရဲ့ စိတ်ကူးအိပ်မက်နဲ့ လက်တွေ့ဘဝ၊ အနုပညာနဲ့နိုင်ငံရေး၊
ငြိမ်းချမ်းရေးချစ်စိတ်နဲ့ လက်နက်ကိုင်တော်လှန်ရေးခရီးလမ်း စသည့်
အားပြိုင်မှုများကြား ရှေ့သို့ထိုးဖေါက်လျောက်ခဲ့ချိန်။
အခုပြန်ဖတ်ကြည့်တော့ ကဗျာထဲမှာ ရနံ့စုံ၊ အရောင်စုံ ခံစားချက်တို့ ရောပြွန်း
နေတာတွေ့လိုက်ရသည်။ ပြုံးလည်းပြုံးမိသလို လွမ်းလည်းလွမ်းရပါသည်။
စမ်းမြရေတပေါက်ကိုတော့ဖြင့် အခုထိ သောက်ခွင့်မရနိုင်သေး။
အာခေါင်ထဲ ခြောက်တက်လာလေသည်။
စမ်းမြရေ
သို့မဟုတ်
ကြွေတာကိုက ပွင့်ခြင်းပဲ
တတ်နိုင်ရင်
သေနတ်မကိုင်ချင်ဘူးကွယ်
အချစ်အကြောင်းကိုတော့
ခေတ်ကောင်းမှပြောတော့မယ်။
စွန့်ပစ်ရက်သူရယ်လို့တော့
စွဲမှတ်မယူပါနဲ့ကွယ်
ငြိမ်းငြိမ်းချမ်းချမ်း
ပန်းအလှဝေ၊ စမ်းမြရေမှာ
သေချာလတ်ဆတ်၊ မြေမှာမတ်မတ်
အနာဂတ်ကို
မြင့်မြတ်ရင်ခုန် တွေ့ဆုံချင်တယ်။
သေနတ်သံတွေ
သွေးတွေ၊ မျက်ရည်တွေ
ယမ်းငွေ့တွေ..
ဒါတွေကြားက
လှုပ်ရှားထိုးဖေါက်၊ ရှေ့ကိုလျောက်ရင်း
ပေါက်ကွဲခြင်းနဲ့၊ မွေးခဲ့ရတဲ့
ပြင်းပြခံစား၊ အမှန်တရားရဲ့
ရှည်လျားဆူးကြမ်း၊ ခရီးလမ်းမှာ
လေကြမ်းကချွေ၊ မိုးကချွေနဲ့
နေကြမ်းကချွေ၊ နှင်းကချွေနဲ့
ပန်းတွေကျဆုံး
အလှတုံးမှာစိုးမိတယ်။
ပန်းအဘိဓမ္မာ
ကြွေတာကိုက ပွင့်ခြင်းပဲဟေ့
ကိုယ်တွေ့ရှင်းလင်း
စိတ်ဓါတ်ပြင်းပြ၊ ယူဆမှတ်လည်း
သေနတ်မာန်ထူ၊ ဖိနှိပ်သူရဲ့
လူသတ်လက်ကြမ်း၊ သရမ်းသမျှ
ပန်းလှလှတွေ
မုန်တိုင်းခြွေသလို
ဆက်ကြွေလွင့်မှာစိုးမိတယ်။
ပူနွေးရှိန်းမြ၊ လှပအနမ်း
ချစ်နှုတ်ခမ်းတွေ
တွန်းဖယ်ချေမွ၊ ဗီလိန်ကဘယ်သူ
အဲဒီလူဟာ...
ကိုယ်မဟုတ်ဘူးဆိုတာ
မင်းနားလည်ပါကွယ်။ ။
နှင်းခါးမိုး
(၁၉၉၀ ခုနှစ်၊ ဒေါင်းအိုးဝေ)

1 comment:
ကဗျာဆရာ နှင်းခါးမိုး ဆိုတဲ့ နာမည်ကို တနေရာရာမှာ တရင်းတနှီးကို ကြားဖူးပါတယ်လို့ ထင်နေခဲ့တာ။ ကျနော့်မှတ်ဥာဏ် မမှားယွင်းဘူးဆိုရင်တော့ အကိုဝေလင်းဟာ လွန်ခဲ့တဲ့ သုံးနှစ်ကျော် နတ်တော်လပြည့် ညတညရဲ့ အမေလူထု ဒေါ်အမာ မွေးနေ့ အထိမ်းအမှတ် စာပေပွဲလေးမှာ ညီမလေးရေ… အစချီတဲ့ ကဗျာကို ရွတ်သွားတဲ့ ကဗျာဆရာပါပဲ။ ညီမကို ခွဲခွာပြီး တော်လှန်ရေး လုပ်တော့မယ့် အကိုတယောက်ရဲ့ ခံစားချက်ကို ရေးဖွဲ့ထားတာလေ…။ ကျနော် လူမှားတာ မဟုတ်ခဲ့ရင်...၊ ပြီးတော့ အဲဒီကဗျာလေး ရှိသေးရင် ပြန်တင်ပေးဖို့ တောင်းဆိုပါတယ် အကို…။ အကို့ရဲ့ ပို့စ် အဟောင်းတွေလဲ အားလုံး ဖတ်သွားပါတယ်။
Post a Comment