တတိယနိုင်ငံရောက်နေပေမယ့်လည်း ကိုယ်ကဒုက္ခသည်တပိုင်းမျှရှိသေးသည်။ သည်တော့ နွေရာသီ အားလပ်ရက်ရောက်လည်း ကမ္ဘာထွက်ပတ်နိုင်သည့် အခြေအနေမရှိသေး။ မလာခင်ကတည်းက ပြန်မယ် အားခဲထားသည့် နယ်စပ်လုပ်ငန်းခွင်ဆီလည်း မပြန်နိုင်သေး။ အင်တာနက်တလုံးဖြင့် စာတိုပေစလေးတွေ ရေးရင်းသာ အာသာဖြေရသည်။
တခါတလေတော့လည်း အရေးသမား၊ အတွေးသမားအဖြစ်ဖြင့်ပင် ကျေနပ်မနေချင်။ ကိစ္စတခုအောင်မြင် ပြီးမြောက်ဖို့ဆိုတာ အလုပ်သမားတွေ များများလိုသည်။ ထိုသို့အတွေးဝင်လာလျင် ကိုယ့်လက်ရှိဘဝအပေါ် စိတ်ပျက်ညည်းငွေ့မိပြန်သည်။ ထိုအခါ လောကီဘုံရဲ့အထပ်ခိုးကလေးတခုထဲမှာ နေ့ရက်ပေါင်းတော်တော် များများကို ကိုယ်တယောက်တည်းလှော်ခတ်ခဲ့ရလေသည်။
တယောက်တည်းလှော်ခတ်ခဲ့တဲ့နေ့
ကျန်းမာရေးအတွက်
လမ်းလျောက်ဖို့လိုတယ်
အခုတော့
စိတ်ကူးတွေဟာ
ဆိုဖာပေါ်မှာပဲထိုင်နေတယ်။
အပြင်မှာ
လေကောင်းလေသန့်ရမယ်
နေရောင်ခြည်ရမယ်
သစ်ပင်စိမ်းစိမ်းတွေမြင်ရမယ်
မိန်းမလှတွေတွေ့ရမယ်
ခုံတန်းလျားတခုပေါ်မှာ
ငှက်တွေကိုထိုင်ကြည့်နိုင်မယ်
အခုတော့လူက
အခန်းထဲမှာလူးလာတုန့်ခေါက်နေတယ်။
ပြတင်းပေါက်ရှိရင်
ရုပ်မြင်သံကြားရှိရင်
ကွန်ပြူတာရှိရင်
တယ်လီဖုန်းရှိရင်
စကားပြောရမှာမပျင်းတဲ့အသိတယောက်ရှိရင်
အခန်းကျဉ်းကလေးထဲမှာ
ကမ္ဘာလောကနဲ့ကော်ဖီအတူသောက်လို့ရတယ်
မြို့လည်လမ်းမတွေကိုမေ့ပစ်လိုက်လို့ရတယ်။
စီးနေတဲ့မြစ်ရေကို
ထိုင်ကြည့်ခွင့်
မမူးပဲ
အားရပါးရငိုခွင့်
မအောင်မြင်တဲ့ဘဝတခုကို
ဇာတ်မြုပ်ခွင့်
ဘယ်တုန်းကမှမရခဲ့ဘူးတဲ့
စိတ်တူကိုယ်တူလွတ်လပ်ခွင့်။
အပြင်ကိုပြေးထွက်လိုက်ရုံနဲ့
ဒါတွေကိုမရနိုင်ဘူး
အခန်းထဲမှာလည်း
လေကမတိုက်ဘူး
မျက်နှာကြတ်မှာလည်း
မိုးသားတွေမရှိဘူး
ချစ်သူကလည်း
လရောင်မဟုတ်တော့ဘူး။
စာတစောင်ရေးခဲ့တယ်
ရင်ထဲရှိသမျှအကုန်ချရေးခဲ့တယ်
ဘယ်သူ့ကိုမှပေးဖို့မဟုတ်ဘူး
အံဆွဲထဲမှာသိမ်းဖို့လည်းမဟုတ်ဘူး
လှေကလေးလုပ်ပြီး
မြစ်ထဲမှာလွှတ်လိုက်ဖို့။
ဘာပဲဖြစ်ဖြစ်
အပြင်လောကကိုချောင်းကြည့်ဖို့
အခန်းငယ်တခုရှိနေသေးရဲ့
လောကီဘုံကအထပ်ခိုးကလေး။ ။
နှင်းခါးမိုး
သည်ကဗျာကို ၂၀၀၆ ခုနှစ်က ရေးဖြစ်ခဲ့သည်။ သည်နှစ်နွေမှာတော့ စာလည်း ဟုတ်တိပတ်တိ မရေးဖြစ် ပြန်။ အခြေအနေက တနှစ်တာအတွင်း ဘာမှပိုထူးမလာခဲ့။ ဘယ်လောက် ညည်းငွေ့ဖို့ကောင်းလိုက်သလဲ ကွယ်။ ကိုယ့်ရဲ့အထပ်ခိုးကလေးမှာလည်း ပင့်ကူကြပ်ခိုးမျှင်တို့ဖြင့် စိုအိုက်ရှုပ်ပွနေသည်ဟု ခံစားနေရပြန် သည်။ ထိုအခါ ဘလော့သည် ကိုယ့်အတွက် ပြတင်းတံခါးသေးသေးလေးတချပ်ဖြစ်လာသည်။ တံခါးကို ဖွင့်လိုက်လျင် အပြင်လေကလေးဝင်လာမည်။ နုသောအေးသောလေဆိုလျင်တော့ ကိုယ်ကချစ်တတ်သူသာ။
No comments:
Post a Comment