Friday, June 22, 2007

မျက်ရည်တ၀က်မျှဖြစ်စေ သုတ်ပေးခွင့်

တဦးတယောက်က ပူဆွေးငိုကြွေးနေတဲ့အချိန်မှာ
အခြားတစုံတဦးက ပျော်ရွှင်ရယ်မော နေနိုင်မှာတဲ့လား။

ဆိုင်အပြင် မှန်နံရံပေါ်မှာ ရေးထားသည့်စာတန်းကလေးဖြစ်သည်။ ဆိုင်ထဲမှာတော့ ပန်းကန်ခွက်ယောက်၊ အင်္ကျီ အ၀တ်အစား၊ စာအုပ်တိတ်ခွေ၊ အိမ်ထောင်ပရိဘောဂ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းမျိုးစုံအဆုံး အကုန်ရှိသည်။ အသစ်တွေတော့ မဟုတ်။ လာရောက်လှုဒန်းသွားကြသည့် ပစ္စည်းဟောင်းများဖြစ်သည်။ သို့သော် တချို့က အတော်လတ်သေးသည်ဟုပြောနိုင်သည်။ အဟောင်းပေမယ့် အစုတ်အမြင်းတွေတော့မဟုတ်။ သူတို့က ပစ္စည်းအကိုင် စည်းကမ်းရှိသည်ဟု ပြောရမည်။ ကျနော်တို့အတွက် သုံးပျော်သေးသည့် အနေအထားမှာရှိသည်။ တချို့ကလည်း ဟောင်းလို့လာလှုသွားသည်မဟုတ်။ အသစ်တခုဝယ်လိုက်၍ ပိုသွားသည်ကို လာလှုသွားခြင်း။ ၀ယ်ပြီးမှ မကြိုက်တော့သည်ကို ပြန်မလဲချင်၍ သည်မှာ လာလှုသွားခြင်းမျိုးဖြစ်သည်။
ထိုပစ္စည်းတွေကို ၀ယ်ချင့်စဖွယ်ဖြစ်အောင် ပြင်ဆင်ခင်းကျင်းပြီး သည်ဆိုင်မှာ ပြန်လည်ရောင်းချသည်။ ရောင်းလို့ရသည့်ငွေကို လူမှုအကူအညီလုပ်ငန်းများအတွက် အသုံးပြုသည်။ တနိုင်ငံလုံးမှာ သည်လိုဆိုင်တွေ အများကြီးရှိသည်။ သူတို့လုပ်ငန်းကလေးက သဘောကျစရာပါပေ။

ပစ္စည်းတွေက အသစ်တွေနှင့် ဈေးအတော်ကွာသည်။ အတော်သက်သာသည့် နှုန်းထားဟုပြောရမည်။ ကျနော်တို့ရောက်စက ဆိုဖာတစုံ။ ထမင်းစားပွဲ။ စာအုပ်စင် စသည်တို့ကို သည်ကပဲဝယ်သည်။ အသစ်တွေနား မကပ်နိုင်။ သည်လောက်နှင့်ပဲလည်း ကျနော်တို့ဧည့်ခန်းက အတော်သားနားသွားသည်။ တော်ပြီပေါ့။ အနွေးထည်တွေ၊ ဂျာကင်တွေ၊ အင်္ကျီအ၀တ်အစားတချို့ကိုလည်း အစပိုင်းကတော့ သည်ကပဲ ၀ယ်ဝတ်သည်။ အခုနောက်တော့ တချို့စင်တာတွေမှာ လျော့ဈေးချတုန်း ၀င်ဖွတတ်လာပြီမို့ အသစ်ဝယ်ဝတ်ဖြစ်လာသည်။ ဒါလည်း လမ်းကြုံလျင် သည်ဆိုင်မှာ ၀င်မွှေတတ်သေးသည်။ တခါတခါ မမျှော်လင့်ပဲ ပစ္စည်းကောင်းလေးတွေ ဈေးချောင်ချောင်နှင့် ရတတ်သည်။ ကျနော် အရူးအမူးဖြစ်သည့် လီဗိုင်းဂျင်းဂျာကင်တထည်ကို သည်ဆိုက်ကနေ ဈေးချောင်ချောင်နှင့် ကျနော်ရခဲ့ဘူးသည်။ ဥရောပရောက်တာတောင် ဖျာပုံထည်နှင့်ညားတုန်းမို့ ပြုံးချင်စရာ။

သည်ဆိုင်မှာ လခစားဝန်ထမ်းမရှိ။ အားလုံး စေတနာလုပ်အားရှင်တွေချည်းဖြစ်သည်။ ဆိုင်ကို ကြက်ခြေနီအဖွဲ့က ပိုင်သည်။ ကမ္ဘာတ၀ှမ်း ဒုက္ခရောက်နေသည့်နေရာတွေဆီ သူတို့သွားရောက်ကူညီကြသည်။ သည်မှာရှိသည့် သည်ဆိုင်ကလည်း ကမ္ဘာတ၀ှမ်းမှရောက်လာသည့် ကျနော်တို့လိုဒုက္ခသည်တွေအတွက် အားထားစရာ။ အ၀ါ၊ အညို၊ အမဲ အစုံ ဆိုင်ထဲမှာ တရုန်းရုန်း။ တချို့သူတို့နိုင်ငံသားတွေလည်း လာလာမွှေတတ်ကြသည်။ တခါက အဖွားကြီးတဦး အနွေးထည်လေးတထည် ၀တ်ကြည့်နေတာတွေ့ရသည်။ နောက်တော့ သူ့အင်္ကျီဟောင်းလေး တန်းပေါ်တင်ထားခဲ့ပြီး ထိုအနွေးထည်ကိုဝတ်ကာ ဆိုင်အပြင်ခပ်တည်တည်ထွက်သွားတာတွေ့လိုက်ရသည်။ ပစ္စည်းတွေမှာ သံလိုက်တံဆိပ်တွေမပါသည့်အတွက် မမြင်လိုက်လျင် ပါသွားသည်သာ။ လှုပါသည်ဆိုမှ အခမဲ့ဝင်ကူညီသွားသေးသည်ဟု ပြောရမလားမသိ။

တနေ့က မနက်ခင်းစာ ရုပ်မြင်အစီအစဉ်မှာ ကိုယ်ဟန်ပြမယ်လေးတွေနှင့် ဖက်ရှင်ပြပွဲတခု ကြည့်လိုက်ရသည်။ ထိုကြက်ခြေနီဆိုင်မှ အ၀တ်အစားများဖြင့် ဖက်ရှင်ပြခြင်းပင်။ ကြည့်လို့တော့အကောင်းသား။ အဟောင်းကလေးတွေဖြင့်လည်း လှအောင်ဝတ်နိုင်သည်ကိုတွေ့ရသည်။ အသစ်ဝယ်ဖို့လက်လှမ်းမမှီခင် အဟောင်းထဲမှ အကောင်းကလေးများရွေးကာ ကိုယ့်ကိုယ်ကိုယ် လှအောင်ဆင်နိုင်ပါသည်။ ရယ်မောနေသူတို့၏ ကြင်နာသောလက်ဖြင့် ငိုကြွေးနေသူ၏ မျက်ရည်တ၀က်ကို သုတ်နိုင်လျင်ပင် လောကကြီးက အတန်လှပလာနိုင်သည်မဟုတ်လား။

သို့သော်
ကျနော်တို့နေထိုင်တဲ့သည်မြေကမ္ဘာပေါ်
တစုံတဦးက ငိုကြွေးနေတဲ့အချိန်
အခြားတစုံတဦးက ရယ်နေမောနေ၊ ပျော်ပွဲဖွဲ့နေကြတာပါပဲ။
သြော် ကမ္ဘာကြီးတောင် ဘယ်တော့မဆို တ၀က်ပဲလင်းနိုင်တာ
ကျနော်တို့ ဘာလို့ မေ့မေ့သွားကြပါလိမ့်။ ။


2 comments:

Anonymous said...

ကိုဝေလင်း.. နောက်ဆုံးစာပိုဒ်မှ စာသားများကို ကျမ စာပေအိုးအစီအစဉ်မှာ တင်ပြလိုက်ပါတယ် ။

Anonymous said...

hello..just wanna say dat i like ur posts