မေမှသည် စက်တင်ဘာအထိ၊ ဒီရာသီက မုဆိုးရာသီဟုပြောရမည်ထင်သည်။
သည်လို သူများတွေဝိုင်းဟဲ့ဝန်းဟဲ့လုပ်နေချိန်မှာ ကိုယ်က ဧကစာမီးခိုးလေးတလူလူ လုပ်မနေချင်ပါ။ တချိန်က ကိုယ်လည်း ကမ်းရှာငှက်တကောင်ဖြစ်ခဲ့ဘူးသည်မဟုတ်လား။
မြန်မာပြည်က မထွက်ခင် သူငယ်ချင်းတချို့နှင့် ကဗျာစာအုပ်လေးတအုပ်ထုတ်ဖို့ ပြင်ခဲ့သည်။ အပြင်ရောက်ပြီး တနှစ်လောက်အကြာ (၁၉၉၅ ခုနှစ်ထင်သည်) လူကြုံကတဆင့် စာအုပ်ကလေး ကိုယ့်လက်ထဲရောက်လာ သည်။ စာအုပ်နာမည်က ကမ်းရှာငှက်။
သူတို့အားထုတ်မှုကိုချီးကျုးမိသည်။ ကိုယ်က တာဝန်မကျေခဲ့ဟုလည်း ခံစားရသည်။ ၁၀ နှစ်ကျော်အကြာမှာ ထိုသူငယ်ချင်းတွေက ကမ်းရှာနေကြဆဲ။ ကိုယ်က ဆင်သေကောင်ပေါ်မှာလား၊ လှိုင်းပုတ်ရာလား။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အကျဆင်းဆုံးအချိန်တချိန်ကို ဖြတ်သန်းနေရပြန်သည်။
ထိုအချိန် မှာ ကိုယ့်ကိုယ်ကိုယ် ဆယ်တင်ရန်နှင့် သူငယ်ချင်းတွေကို အကြွေးဆပ်ရန် ကဗျာတပုဒ်ချရေးဖြစ်ခဲ့ သည်။ အားမာန်ဖွဲ့ဟုခေါ်မလား။ ကမ်းရှာငှက်များအားလုံးအတွက် သီခဲ့သည့်တေးဟုလည်း ဆိုနိုင်သည်။
အမှန်တကယ်လည်း ဒီမိုးကောင်ကင်ကြီးအောက်မှာ ကိုယ်တို့အားလုံးအတွက် ကမ်းခြေတခုရှိနေတယ်ဆိုတာ။
ကမ်းရှာငှက်တို့တေး
၁။
အတောင်သန်လို့
လေဆန်ခဲ့သည်တော့မဟုတ်
ယုံကြည်ချက်ဖြင့်
ရင်ကိုရွက်ဖွင့်ခဲ့ကြခြင်း။
၂။
မုန်တိုင်းတခုထဲမှာ
သူတို့သိုက်မြုံတွေလွင့်ပါခဲ့ရ
ဘဝမှာပန်းတွေပြန်ပွင့်ဖို့
ကမ်းခြေအရှာထွက်ခဲ့ကြ။
သူတို့လည်းတခြားငှက်တွေလိုပါပဲ
သစ်ကိုင်းပေါ်မှာတေးသီချင်တာပေါ့
ရွက်ရိပ်ကြားမှာခိုနားချင်တာပေါ့
စမ်းရေယဉ်မှာရေချိုးချင်တာပေါ့
မြက်ခင်းစိမ်းပေါ်နေစာလှုံချင်တာပေါ့
ဖိုမခွန်းဖွဲ့ မြူးနွဲ့ချင်တာပေါ့။
ခုတော့
ပိုက်ထောင်မှာတိုးသူတိုး
ကျော့ကွင်းမှာငြိသူငြိ
လေးချက်မှာကျသူကျ
လှောင်ချိုင့်မှာမိသူမိ၊
တချို့နောက်လှည့်ပြန်
တချို့သင်းကွဲ
တချို့ဆင်သေကောင်အသိုက်ဆောက်
တချို့လှိုင်းပုတ်ရာပါ
တချို့တိမ်တို့သွေးဆောင်ရာနောက်လိုက်သွားကြ။
ခရီးကားရှည်ဝေး၏
သွေးချွေးတို့ဖြင့်ပျံသန်းကြပါလေ တဲ့၊
အဝေးကမီးရောင်ကိုလှုံခဲ့ကြရတယ်။
၃။
ဒီလိုနဲ့
လောကဓံမှာ
အတောင်ပံတွေကိုသန်မာစေခဲ့
မုန်တိုင်းတွေမာယာများသလောက်
ပျံသန်းမှုမှာပျော်ပိုက်တတ်ခဲ့
ကမ်းခြေရှာစဉ် ကောင်းကင်ကိုချစ်တတ်ခဲ့။
သစ္စာကကျယ်ရင်
ကောင်းကင်ကကျဉ်းသွားတာပဲ၊
သူတို့ဟာ
ဒဏ်ရာကိုနှုတ်သီးနဲ့ကောက်ရင်း
အိပ်မက်ကိုဥဖောက်တတ်ခဲ့ကြ။
လေမှာကုန်းမြေနံ့ရပါစ
ကမ်းရှာငှက်တို့လာတယ်၊
ကမ္ဘာကြီးကိုရွေ့ထားရင်တောင်
ပင်လယ်ကိုပုခုံးထမ်းပြီးရှာကြမယ်။ ။
နှင်းခါးမိုး
1 comment:
ကိုဝေလင်းရေ ကောင်းလိုက်တဲ့စာသားတွေ
ရေးတတ်လိုက်တာ။
ကျမတို့ ပုခုံတွေလည်း ကျွဲပုခုံးထခဲ့ကြ
ဒါပေမယ့်
ဒါဏ်ရာတွေနဲ့ပဲ ကိုယ့်အိပ်မက်တွေကို တည်ဆောက်နေရတာပဲ မဟုတ်လား။
Post a Comment